(ဂ)-သီပေါမြို့နယ်၊နမ္မကျေးရွာအုပ်စု၊နားကွန်ကျေး ရွာနှင့်ပြိန်းဆိုင်းကျေးရွာနယ်နိမိတ်အတွင်း ငွေရည် ပုလဲကုမ္ပဏီသည်၂၀၀၄ ခုနှစ်မှစ၍ ယနေ့ထိတိုင် ဧက(၃၀)ခန့်ရှိသည့် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းလုပ်ကိုင်နေခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၁.၈.၂၀၁၆)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စု၊ နားကွန်ကျေးရွာနှင့် ပြိန်းဆိုင်းကျေးရွာဦးစိုင်းသန့်ဇင် (သီပေါ) နယ်နိမိတ်အတွင်း ငွေရည်ပုလဲကုမ္ပဏီသည် ၂၀၀၄ ခုနှစ်မှစ၍ ယနေ့ထိတိုင် ဧက ၃၀ ခန့်ရှိသည့် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းကို ၁၂ နှစ်တာ ကာလအတွင်း လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ ကျေးရွာသူကျေးရွာသားများ၏ကိုယ်စား ရပ်မိရပ်ဖက ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တင်ပြလာသည့် စာနှင့်ပတ်သက်ပြီး မေးမြန်းရခြင်း ဖြစ်ပါကြောင်း။

တင်ပြပါစာအရ ပြိန်းဆိုင်းကျေးရွာရှိ ကျောက်မီးသွေးများ တူးဖော်သယ်ဆောင်သည့်နေရာ၏ မြောက်ဘက်အခြမ်းတွင် မြေသားများလှိုဏ်ခေါင်းဖြစ်ခြင်း၊ မြေပြိုခြင်း၊ ညစ်ညမ်းသော အနံ့အသက်အဆိုးများနှင့် မြေစာပုံများ များပြားလာသည့်အတွက် မြေစာပုံကြီးများမှတစ်ဆင့် မိုးရေများနှင့်အတူ နားနန်းကျေးရွာမှ ဝမ်လုံကျေးရွာဘက်ကို စီးဆင်းသော မြစ်ချောင်းနှင့် လယ်ကွင်းများအတွင်း ညစ်ညမ်းသော ရေများ စီးဆင်းဝင်ရောက်လာသည့်အတွက် လယ်ယာမြေ များစွာ ပျက်စီးဆုံးရှုံးသွားရခြင်းနှင့် ညစ်ညမ်းရေများကို ဝမ်လုံ‌ကျေးရွာနှင့် ကုန်းပေါင်ကျေးရွာနေ ရွာသူရွာသားများ သောက်သုံးရေအဖြစ် သုံးစွဲနေရခြင်းအတွက်ကြောင့် ကျန်းမာရေး ထိခိုက်ခြင်း စသည့် ဆိုးကျိုးများဖြစ်လာခဲ့ရကြောင်း ကျန်းမာရေး ထိခိုက်နေမှု ဆိုးကျိုးများအကြောင်းကိုလည်း ဖော်ပြထားပါကြောင်း၊ ထို့အပြင် ငွေရည်ပုလဲကုမ္ပဏီ မရှိစဉ်ကာလ အခြေအနေနှင့် လက်ရှိကာလ အခြေအနေတို့ကို ဖော်ပြထားပြီး ဆက်လက်ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများနှင့် ကျေးရွာသ ရွာသားများ၏ စိုးရိမ်ကြောင့်ကြမှုများကိုလည်း ဖော်ပြထားပါကြောင်း။

စာကိုလည်း မိမိ၏မေးခွန်းနှင့်အတူ တစ်ပါတည်း ပူးတွဲတင်ပြထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် ၀၉း၀၀ နာရီမှ ၁၂း၀၀ နာရီထိ နမ္မကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း နမ္မကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ရွာသူရွာသားနှင့် အင်အား ၂၅၀ ခန့် စုဝေးပြီး ကျောက်မီးသွေး လုပ်ငန်းကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးအကြောင်းများကို ဆွေးနွေးခဲ့ကြပြီး  လက်ရှိ ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်းကို ကန့်ကွက်ကြောင်းကိုလည်း ဆန္ဒဖော်ထုတ် ခဲ့ကြပါကြောင်း၊ ၎င်းတို့နှင့်ပတ်သက်ပြီး ဓာတ်ပုံနှင့်တကွ ပူးတွဲစာတွင် တင်ပြထားပြီးဖြစ်ပါကြောင်း၊ ၁၂ နှစ်တိုင်တိုင် လုပ်ဆောင်ခဲ့သော ငွေရည်ပုလဲကုမ္ပဏီ၏ ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်း ရပ်တန့်နိုင်စေရန်နှင့် ဟန့်တားပေးနိုင်ပါရန်ကိုလည်း တောင်းဆိုတင်ပြလာကြပါကြောင်း။

သို့ဖြစ်ပါ၍ (က) လက်ရှိ ကျောက်မီးသွေးတွင်းတူးဖော်ခြင်းလုပ်ငန်းကို ငွေရည်ပုလဲ ကုမ္ပဏီအနေဖြင့် လုပ်ပိုင်ခွင့်ကို မည်သို့လျှောက်ထားခဲ့ပြီး လုပ်ပိုင်ခွင့်ရရှိမှုရှိ/မရှိ၊ လာပါသလဲ၊ (ခ) ယင်းသို့ လုပ်ပိုင်ခွင့် မရရှိမီ ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်နစ်နာမှုများ နှင့်ပတ်သက်ပြီး ကျန်းမာရေးထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ခြင်း(HIA)၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုဆိုင်ရာ ဆန်းစစ်ခြင်း (EIA)၊ လူမှုစီးပွားထိခိုက်နစ်နာမှုဆိုင်ရာဆန်းစစ်ခြင်း (SIA) တို့ကို ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိနှင့် ရှိခဲ့ပါက ယင်းလေ့လာဆန်းစစ်တွေ့ရှိချက်တို့ကို လွှတ်တော်၌သော် လည်းကောင်း၊ အများပြည်သူထံသို့သော်လည်းကောင်း ရှင်းလင်းချပြရန် မည်သို့ဆောင်ရွက်ပါမည် နည်း၊ (ဂ) လုပ်ပိုင်ခွင့်ပြုရာမှာ ဒေသခံပြည်သူများ၏ ဆန္ဒကို မည်သို့အလေးထားပါသနည်း၊ လက်ရှိ ဒေသခံပြည်သူများက လုပ်ငန်းဆောင်ရွက်ခြင်းကို ကန့်ကွက်နေကြခြင်းအပေါ် မည်သို့အလေးထား စဉ်းစားပေးပါမည်နည်း၊ (ဃ) ဒေသခံပြည်သူများ၏ တင်ပြချက်များအရ ပျက်စီးနေသော သဘာဝ ပတ်ဝန်းကျင်များကိုလည်း ကုမ္ပဏီအနေဖြင့် ပြန်လည်ကုစားပေးမည့် အစီအစဉ်များရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် မည်သို့ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သယံဇာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

ငွေရည်ပုလဲ သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကုန်းပေါင်-နားကွန်ဒေသတွင် တည်ရှိပါကြောင်း၊ မြေဧရိယာအားဖြင့် ၂၇၉၆.၇၅ ဧကတွင် သတ္တုတွင်းဦးစီးဌာန၏ ၃၁-၈-၂၀၁၀ ရက်စွဲပါစာအရ ဓာတ်သတ္တု အကြီးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်အမှတ်၊ ၀၀၁၃/၂၀၁၀ အရ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှုလုပ်ငန်း သဘောတူစာချုပ်ကို ၃၁-၈-၂၀၁၀ တွင် စာချုပ်ချုပ်ဆိုခဲ့ပါကြောင်း ၃၁-၈-၂၀၁၀ ရက်နေ့မှ ၃၀-၈-၂၀၂၀ ရက်နေ့အထိ ၁၀ နှစ်တာသက်တမ်းကို ကျောက်မီးသွေးထုတ်လုပ်မှုအတွက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေရည်ပုလဲသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်ကို လုပ်ကိုင်ခွင့်ပြု ထားသော ကျောက်မီးသွေးအကြီးစားလုပ်ကွက်သည် ရွာရှိ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ ကျောက်မဲမြို့နှင့် သီပေါမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်၊ လားရှိုး မြို့နယ် သစ်တောဦးစီးဌာနနှင့် သီပေါမြို့နယ် သစ်တောဦးစီးဌာနတို့နှင့် ကွင်းဆင်းဆောင်ရွက်ပြီး ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ ကျောက်မဲမြို့နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ကန့်ကွက် ရန်မရှိကြောင်းထောက်ခံချက်၊ သီပေါမြို့နယ် မြေစာရင်းဦးစီးဌာန၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ မြေစာရင်းပုံစံ(၁၀၅) အရ ထုတ်လုပ်ခွင့် ခွင့်ပြုမိန့်ထုတ်ပေးပြီး လုပ်ငန်းသဘော တူစာချုပ်များကို ချုပ်ဆိုသည့် လုပ်ကွက်ဖြစ်ပါကြောင်း။

ထိုအချိန်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူထု၏ သဘောထားများကို တောင်းခံမှုမရှိကြောင်း မိမိတို့ သိရပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီ ကာလအတွင်း ဆောင်ရွက်သောလုပ်ငန်းဖြစ်သည့်အတွက် ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာမည့် တင်ပြပါ HIA, EIA, SIA များကို ဆောင်ရွက်ခြင်းမရှိပါကြောင်း။

ထို့ကြောင့် အမှတ်(၁)သတ္တုတွင်းဦးစီးဌာနမှ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ရက်စွဲပါ စာအမှတ်(၅၀၂/စက်မှုတွင်းထွက် ကုန်ကြမ်း/ကုမ္ပဏီ/ထလ-၂/၂၀၁၆ အရ EIA, SIA, HIA သတ္တုတွင်းပိတ်မှုစီမံချက် (Mine Closure Plan)နှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အစီအစဉ်များကို ရေးဆွဲတင်ပြရန် အကြောင်းကြားခဲ့ပါကြောင်း၊ အကြောင်းကြားစာအပေါ် ကုမ္ပဏီက အသိအမှတ်ပြု တတိယ အဖွဲ့အစည်းဖြစ်သော (Third Party/Third Person) ဖြစ်သည့် Resource and Environmental Myanmar ဖြင့် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

ကုမ္ပဏီ၏ အစီရင်ခံစာတင်ပြချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့စိစစ်သွားစေမည်ဖြစ်ပြီး အတည်ပြုသည့် အခါ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) အတိုင်း ကုမ္ပဏီက လိုက်နာဆောင်ရွက်စေရေးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများကိုလည်း အကြောင်းကြားပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများက လုပ်ငန်း ဆောင်ရွက်ခြင်းကို ကန့်ကွက်နေကြခြင်းအပေါ် နမ္မကျေးရွာအုပ်စု ဒေသခံရွာသားများနှင့် ငွေရည်ပုလဲ သတ္တုတူးဖော်ရေးကုမ္ပဏီ လီမိတက်က တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ နမ္မကျေးရွာအုပ်စု ရွာဦးဘုန်းကြီးကျောင်း၌ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယင်းအစည်းအဝေးတွင် ကုန်းပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပြိန်းဆိုင်းကျေးရွာ၊ နားကွန်ကျေးရွာ၊ ကုန်းပေါင်ကျေးရွာ၊  နားနန်းကျေးရွာ၊ ပါတပ်ကျေးရွာ၊ ဝမ်လုံကျေးရွာ၊ နားနွေးကျေးရွာကနေပြီး ရွာသူကြီးများနှင့် ရပ်မိရပ်ဖအပါအဝင် အားလုံးစုစုပေါင်း ၅၅ ဦးတက်ရောက်ခဲ့ပြီး အချက်သုံးချက်ကို ကုမ္ပဏီက ဆောင်ရွက်ပေးပါရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန်လည်း ကုမ္ပဏီကို တင်ပြထားပါကြောင်း၊ ကျေးရွာသားများ၏ တင်ပြချက် ၃ ခုနှင့် ဆောင်ရွက်ရာတွင် အသင့်အတင့်ပြီးသည်များကို ဆက်လက်တင်ပြမည်ဖြစ်ပါကြောင်း။

တင်ပြချက် ၃ ခုမှာ -

(၁) ပြိန်းဆိုင်းကျေးရွာ ကမ်းပါးပြိုမှုမရှိခြင်း၊ လုပ်ကွက်ဟောင်းများ အတွင်းမှာ ကျွဲ/နွား လူများ  မတော်တဆ မကျဆင်းရေးအတွက် ခြံစည်းရိုးကာပေးခြင်း တောင်းဆိုခဲ့ပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး တိုင်စိုက်ခြင်းပြီးသည်ကို သိရှိရပါကြောင်း၊ တောင်ကျချောင်းရေ လယ်ယာစိုက်ပျိုးရေးအတွက် လယ်ကွက်အတွင်းသို့ စီးဝင်စေရန် ရေလွှဲမြောင်းပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ၁၀ ရာခိုင်နှုန်းခန့်ပြီးသည်ကို သိရှိရပါကြောင်း၊ သို့သော် စက်နှင့်တူးဖော်သည့်အခါ  မိုးရွာသည့်အတွက် ရပ်ဆိုင်းထားသည်ကို သိရှိရပါကြောင်း၊ ပြိန်းဆိုင်းကျေးရွာနှင့် ဘုန်းကြီးကျောင်းအကြားရှိ မြေတစ်ဧကအပေါ်တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ဆေးပေးခန်း ဆောက်လုပ်ရန်အတွက်လည်း တင်ပြထားပြီး အောက်ကဖောင်ဒေးရှင်းကို ပြီးစီးကြောင်းကိုလည်း သိရပါကြောင်း၊ ပြိန်းဆိုင်းကျေးရွာရှိ ကျောင်းလျန်းဓမ္မာရုံ ပြုပြင်တည်ဆောက်ရေးကိုလည်း တင်ပြထားပြီး ဆောင်ရွက်မှုမရှိသေးပါကြောင်း၊ ပြိန်းဆိုင်း တောင်ပေါ်ဘုရားမီးရရှိရေး၊ ပရဝုဏ်အတွင်း ကွန်ကရစ်ခင်းခြင်းမှာ ဓာတ်တိုင်စိုက်ပြီးကြောင်း သိရပါကြောင်း။

 (၂) နားကွန်းကျေးရွာစာသင်ကျောင်း ကျောင်းဆောင်သစ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် စတင်တည်ဆောက်ပေးရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်မှုမရှိသေးပါကြောင်း၊ နားကွန်အလယ်ရွာ ရေကြောင်းဘေးရှိ ကျေးရွာရေချိုးဆိပ်ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် တည်ဆောက်ပေးရေးနှင့် ပတ်သက်၍ လုပ်ဆောင်မှုမရှိသေးပါကြောင်း၊ နားကွန်ကျေးရွာနှင့် နားကွန်းနှင့် ကျေးရွာကြား လမ်းအပိုင်း အလျား ၁၀ ပေ အနံ ၁၂ ပေရှိသော တံတားတည်ဆောက်ရေးကို လမ်းအထူး (၆) ယောက်နှင့် ဒီဇိုင်းဆွဲပြီး ဆောင်ရွက်နေပါကြောင်း။

 (၃) နမ္မချောင်းရေလွှဲဆည်မှ နောင်နွေးကျေးရွာ လယ်ကွက်ကို ရေအားလျှပ်စစ်စက်ရုံအတွင်း စီးဆင်းသော ရေမြောင်းထိပ်တွင် ရေထိန်းပြွန်မဖြစ်မနေ တည်ဆောက်ပေးရေး၊ နောင်နွေးရွာကို စီးဆင်းသော ရေပေးရေးမြောင်းမှာ ရေအားလျှပ်စစ်စက်ရုံနှင့် အောက်ဖက်တစ်နေရာတွင် ရေပိုမြောင်းတစ်ခု တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ ၁၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီး မိုးရွာသည့်အတွက် စက်ကြီးများနှင့် တူးဖော်မှုကို ရပ်ဆိုင်းထားပါကြောင်း။

ကျောက်မီးသွေး အကြီးစားထုတ်လုပ်မှု လုပ်ပိုင်ခွင့်ရရှိထားသော ငွေရည်ပုလဲသတ္တုကုမ္ပဏီက  ဒေသခံပြည်သူများ၏ လိုအပ်ချက်များအတွက် ၂၀၁၂-၂၀၁၃ ခုနှစ်တွင် နမ္မကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းကို ပြုပြင်ပေးခြင်း၊ အခြေခံပညာကျောင်း အုတ်တံတိုင်းနှင့် သံပန်းများ တည်ဆောက်ပေးခြင်း၊ နောင်းနွေးကျေးရွာအနီးတွင် နမ္မချောင်းတံတား တည်ဆောက်ပေးခြင်း၊ နမ္မချောင်းရေလွှဲမြောင်းနှင့် ရေသွယ်မြောင်းတံတားတည်ဆောက်ပေးခြင်း၊ ချဉ်းကပ်လမ်း မြေဖို့၊ မြေသယ်ခြင်း စုစုပေါင်းငွေသိန်း ၆၆၅ သိန်း အကုန်အကျခံခဲ့သည်ဟု သိရှိရပါကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် သီပေါ၊ ပြိန်းဆိုင်း၊ မန်လုံ၊ နားနွေးနှင့် ကုန်းပေါင်ကျေးရွာများတွင် နှစ်မိုင်ရှည်သော ရွာရှောင် လမ်းဖောက်ပေးခြင်း၊ နမ္မကျေးရွာဘုန်းကြီးကျောင်းနှင့် ပင်မဆောင်ပြုပြင်တည်ဆောက်ပေးခြင်း၊ နမ္မ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းဆောက်လုပ်ခြင်းနှင့် ရေလောင်းအိမ်သာဆောက်လုပ်ခြင်း အတွက် စုစုပေါင်း ၁၇၅.၅ သိန်း လှူဒါန်းပြီးဖြစ်သည်ကို သိရပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဘုန်းကြီးကျောင်းပြုပြင်ခြင်း၊ သိမ်ဆောက်လှူဒါန်းခြင်း၊ သာရေး/နာရေးလှူဒါန်းမှုများနှင့် နမ္မအုပ်ချုပ် ရေးမှူး ရေအိမ်သာဆောက်လုပ်ပေးခြင်း၊ ပြိန်းဆိုင်းကျေးရွာတွင် ရေရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နောင်နွေးရေမြောင်းရေသွယ်မှု တည်ဆောက်ပေးခြင်း၊ နားနွဲ့တံတားတည်ဆောက်ပေးခြင်း၊ နမ္မ-မာလယ် ရွာလယ်ကွန်ကရစ်တံတား တည်ဆောက်ပေးခြင်း၊ နားကွန်လမ်းခင်းပေးခြင်း၊ မန်လုံ-နန့်ပေါင်-နမ္မတူ အ.မ.ကစာသင်ကျောင်းများတွင် ပညာရေးလှူဒါန်းမှုများ ပြုလုပ်ပေးခြင်း၊ နမ္မရေအား လျှပ်စစ်တည်ဆောက်ရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် စုစုပေါင်း သိန်းပေါင်း ၂၀၂၂.၆၁ သိန်းလှူဒါန်းပြီးဖြစ်သည်ကို သိရပါကြောင်း၊ ၂၀၁၅-၂၀၁၆ တွင် ကျောင်းထိုင်ဘုန်းကြီး ကျောင်း နှစ်ထပ်ကျောင်းဆောက်လုပ်ပေးခြင်း၊ နမ္မဘုန်းကြီးကျောင်းတွင် အသုံးပြုရန် TOYOTA Fortune ကားအမျိုးအစားဝယ်ယူရန်အတွက် မတည်ငွေကျပ်သိန်း ၁၀၀ လှူဒါန်းခြင်း၊ နားကွန် တံတား၊ နားနန်းတံတား၊ ကျောင်းပိုင်စာသင်ကျောင်းများ ရေအိမ်ဆောက်လုပ်ပေးခြင်း၊ နမ္မရေအား လျှပ်စစ်တည်ဆောက်ခြင်း၊ မီးသွယ်တန်းခြင်း၊ ပြိန်းဆိုင်းရေကန် ကာရံပေးခြင်းအတွက် စုစုပေါင်း ၈၈၉.၉၉ သိန်း လှူဒါန်းပြီးဖြစ်သည်ကို သိရှိရပါကြောင်း။

ကုန်းပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ပြိန်းဆိုင်းကျေးရွာ၊ နားကွန်ကျေးရွာ၊ ကုန်းပေါင်ကျေးရွာ၊ နားနန်းကျေးရွာ၊ ပါတပ်ကျေးရွာ၊ ဝမ်လုံကျေးရွာ၊ နားနွေးကျေးရွာများမှ ရွာသူကြီးများနှင့် ရပ်မိရပ်ဖများ၏ တောင်းဆိုမှု ၃ ချက်ကို တင်ပြပါအတိုင်း ကာလအပိုင်းအခြားအလျောက်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းကို ကုမ္ပဏီက တင်ပြထားပါကြောင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု (EMP) စီမံချက်ကို တင်ပြရန် ကုမ္ပဏီက တရားဝင်အကြောင်းကြားချက်အရ ကုမ္ပဏီက ဆောင်ရွက်နေပါကြောင်း။ ဆောင်ရွက်ပြီးစီးပါက ကိုယ်စားလှယ်တော်ကြီး တင်ပြပါအတိုင်း လွှတ်တော်ကို တင်ပြပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။