နိုင်ငံတော်၏ လိုအပ်ချက်အရ မြေပေါ်မြေအောက်သဘာဝ အရင်းအမြစ်များကို အလွန်အကျွံ ထုတ်ယူ သုံးစွဲလိုက်ကြပါကြောင်း၊၎င်း သဘာဝအရင်း အမြစ်များ ထဲတွင် ပြန် လည်ပြည့်ဖြိုးနိုင်သည့် မြေပေါ် သယံဇာတအရင်းအမြစ်သည် သစ်တောများကို ပြန်လည်ပြုစု ပျိုးထောင်ခြင်းဖြစ်ပါကြောင်း၊ သစ်တော ဥပဒေ၊နည်းဥပဒေများထဲမှ နည်းဥပဒေ ပုဒ်မ ၄၄ မှာ စီးပွားဖြစ် သစ်ထုတ်ယူခွင့်ရရှိသူသည် ခွင့်ပြုမိန့်အရ နိုင်ငံတော်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်း (သို့မဟုတ်) သဘာဝနည်းလမ်းဖြင့် သစ်တောပြုစု ပျိုးထောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးရန် တာဝန်ရှိလျှင် အပိုဒ်ခွဲ (က) သစ်ထုတ်လုပ်ခြင်းမပြုမီ ထုတ်ယူမည့် စီမံချက်ကို သစ်တောဦးစီးဌာနသို့ တင်ပြရမည်၊ အပိုဒ်ခွဲ (ခ) သစ်ထုတ်ယူသော သစ်ကွက်အတွင်း၌ သစ်တောစိုက်ခင်းကို မိမိကုန်ကျစရိတ်ဖြင့် ပြန်လည်စိုက်ပျိုးပေးရမည်၊ အပိုဒ်ခွဲ (ဂ) သစ်တောဦးစီးဌာနမှ လိုအပ်သည်ဟု သတ်မှတ်သော သစ်တောနယ်မြေအတွင်း သဘာဝသစ်တော ပြုစုပျိုးထောင်ခြင်း လုပ်ငန်းကို မိမိ၏ကုန်ကျစရိတ်ဖြင့် ဆောင်ရွက်ပေးရမည်၊အပိုဒ်ခွဲ (ဃ) သစ်တော ထွက်ပစ္စည်း ထုတ်ယူခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပစ္စည်းပျက်စီးမှုများအတွက် သစ်တောဦး စီးဌာနသို့ လျော်ကြေးပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် အကျိုးတူ ဖက်စပ်လုပ်ကိုင်ခဲ့သော ကုမ္ပဏီများအနေဖြင့် သစ်ထုတ်ယူသော သစ်ကွက်အတွင်း၌ သစ်တောစိုက်ခင်းများကို ကုမ္ပဏီ၏ကုန်ကျစရိတ်ဖြင့် ပြန်လည်စိုက်ပျိုးပေးခြင်း ရှိ/မရှိ၊သစ်တော ဦးစီးဌာနမှ လိုအပ်သည်ဟု သတ်မှတ်သော နယ်မြေအတွင်း သဘာဝသစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို ယင်းကုမ္ပဏီတို့၏ ကုန်ကျ စရိတ်ဖြင့် ဆောင် ရွက်ပေးခြင်း ရှိ/မရှိ၊ သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအတွက် သစ်တောဦးစီးဌာနသို့ အဆိုပါ ကုမ္ပဏီ များမှ လျော်ကြေးပေးခြင်း ရှိ/မရှိနှင့် နည်းဥပဒေ ၄၄ အပိုဒ်ခွဲ (ဃ) ပါ လျော်ကြေးဆိုသည်ကို ဤ နည်းဥပဒေနှင့်အညီ မည်သည့်နှုန်းထားများဖြင့် သတ်မှတ်ညွှန်ကြားခဲ့သည်ကို သိရှိလို ပါကြောင်းမေးမြန်း ပါသည်။
သစ်တောများမှရရှိလာသည့် အကျိုးကျေးဇူးများကို လက်ရှိပြည်သူများနှင့် နောင်လာနောင်သားများ စဉ်ဆက်မပြတ်
ခံစားနိုင်ရေးအတွက် မြန်မာ့သစ်တော မူဝါဒ ၁၉၉၅ နှင့် အမျိုးသားသစ်တောကဏ္ဍ ပင်မနှစ် ၃၀ စီမံကိန်း ၂၀၀၁-၀၂ ခုနှစ်မှ ၂၀၃၀-၃၁ ခုနှစ်ထိ ရေးဆွဲပြဋ္ဌာန်းထားပြီး ထာဝစဉ်တည်တံ့စေသည့် သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစနစ်အရ ၁၀ နှစ်အတွက် သစ်တောအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများကို ရေးဆွဲပြီး ကျွန်း၊ သစ်မာပင်ထောင်ရိုက်ခြင်း လုပ်ငန်းများကို မြန်မာ့ ရွေးချယ်ရေးစနစ်နှင့် စီမံ အုပ်ချုပ် ဆောင် ရွက်လျက်ရှိပါကြောင်း၊ထိုကဲ့သို့ ဆောင်ရွက်သည့် နေရာတွင် သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းအရ နှစ်စဉ်ထုတ်ယူခွင့်ပြုထားသည့် ပင်ထောင်အရေ အတွက် (Annual Alongable Cab-AAC) ကိန်း ဂဏန်းအပေါ်တွင် အခြေခံပြီး သစ်တောဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့ ညှိနှိုင်းပြီး နှစ်စဉ် သစ်ထုတ်ယူမည့် လျာထားချက်များကို မိမိတို့ သတ်မှတ်ပါကြောင်း၊
မြန်မာ့ရွေးချယ်နည်းစနစ် (MSS)အရ ရွေးချယ်ရိုက်မှတ်ထားသည့် ပင်ထောင်များကိုသာ သစ်ထုတ်ခွင့်ပြုသည့်အတွက် မြန်မာ့သစ်လုပ်ငန်းမှ သဘာဝတောများအတွင်း သစ်ထုတ်ခြင်းတွင် နေရာအားလုံးကို သစ်ပင်ပြန်လည်စိုက်ပျိုးရန်မလိုအပ်သော်လည်း (၁)တောမီးနှင့် သဘာဝ အန္တရာယ်များကြောင့် ကွက်လပ်ဖြစ်နေသည့်နေရာများ၊(၂) သစ်ထုတ်ပြီးသောတောများ၊(၃) မျိုးဆက်ပင်များ ထိခိုက်နိုင်သောနေရာများ၊(၄) မျိုးဆက်ပင်(Seed Bearers)များမရှိတော့သည့်နေရာများ အပါအဝင် သဘာဝတောများတွင် အဖိုးတန်သစ်မျိုးများ၏ မျိုးဆက်မလုံလောက်သည့် နေရာများတွင် သဘာဝတန်ဖိုး မြင့်စိုက်ပျိုးခြင်း၊ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပါကြောင်း၊ထို့အပြင် အဖိုးတန် သစ်ပင်များပေါ်တွင် အုပ်မိုးနေပြီး တန်ဖိုးမရှိသည့်အပင်များကို ခုတ်လှဲရန် အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊
သစ်တောဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (က) အရ သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းနှင့် ပြည်တွင်း ပြည်ပရောင်းချခြင်း လုပ်ငန်းများကို နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း တစ်ခုတည်းကသာ ပြည်ထောင်စုအစိုးရထံတင်ပြပြီး လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သစ်ထုတ် ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်နှင့်အကျိုးတူ ဖက်စပ်လုပ်ကိုင်ခြင်းမရှိပါကြောင်း၊ နိုင်ငံတော်မှ ချမှတ် ထားသည့် ပြည်တွင်းပြည်ပ ဝင်ငွေလျာထားချက်အရ ပြည်ထောင်စုအစိုးရက ခွင့်ပြုထားသည့်လုပ်ငန်း အပေါ် မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်အင်အား မလုံလောက်သည့်အတွက် သစ်တန်ပမာဏ အတွက်ကြောင့် ကုမ္ပဏီနှင့်လုပ်ငန်းရှင်များကို ဌာနကိုယ်စား Sub Contract ထပ်ဆင့်လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
သစ်တောဥပဒေပုဒ်မ ၁၆ တွင် စီးပွားဖြစ်သစ်တောထွက် ပစ္စည်းထုတ်ယူခွင့်ရရှိသူသည် ခွင့်ပြု မိန့်အရ နိုင်ငံတော်အတွက် သစ်တောစိုက်ခင်း တည်ထောင်ခြင်း သို့မဟုတ် သဘာဝနည်းလမ်းဖြင့် သစ်တောပြုစု ပျိုးထောင်ခြင်းများကို ဆောင်ရွက်ပေးရန် တာဝန်ရှိလျှင် ယင်းလုပ်ငန်းကို မိမိ၏ ကုန်ကျစရိတ်ဖြင့် သတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ပေးရ မည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ပြည်ထောင်စုဝန်ကြီး၏ တာဝန်ပေးချက်အရ မြန်မာ့သစ်လုပ်ငန်းမှ ၎င်း၏ကိုယ်စား (Sub Contract) အဖြစ် သစ်ထုတ်သည့် ကုမ္ပဏီများကို ၎င်းတို့၏ကုန်ကျစရိတ်နှင့် သီးခြား ကျွန်းစိုက်ခင်း များကို တည်ထောင်စေခြင်းနှင့် သစ်တောဦးစီးဌာနမှ မြန်မာသစ်လုပ်ငန်းကို ညှိနှိုင်းအကြောင်းကြားချက်အရ သစ်ထုတ်သစ်ကွက်များရှိ ကွက်လပ်နေရာများတွင် မြန်မာ့သစ်လုပ်ငန်းမှ သဘာဝတော တန်ဖိုးမြှင့် စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါကြောင်း၊
သီးခြားကျွန်းစိုက်ပျိုးခြင်းအဖြစ် မြန်မာ့သစ်လုပ်ငန်း၏ ကိုယ်စား သစ်ထုတ်ခွင့်ပြုသည့် Sub Contract သစ်ထုတ်ကုမ္ပဏီ ၁၈ ခုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ၂၀၀၄-၀၅ မှ ၂၀၀၇-၀၈ အထိ သီးခြားကျွန်းစိုက်ခင်း ၁၀၃၀၀ ဧက စိုက်ပျိုးခဲ့ပြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီခုနစ်ခု၏ သီးခြားကျွန်းစိုက်ခင်း ၄၃၀၀ ဧကကို ထိန်းသိမ်းစောင့်ရှောက်ခွင့်အတွက် သစ်တော ဦးစီးဌာနနှင့် နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်ထုတ်ကုမ္ပဏီ သုံးခုသည် ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာနှင့် လွှဲဆိပ် ကြိုးဝိုင်းများအတွင်း သီးခြားကျွန်းစိုက်ခင်း ၁၇၀၀ ဧကကို စိုက်ပျိုးခဲ့ပြီး ဖြစ်ပါကြောင်း၊
မြန်မာ့သစ်လုပ်ငန်းမှ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၀၅-၀၆ ဘဏ္ဍာနှစ်မှစတင်ပြီး သစ်ထုတ်ဒေသကြီး ခုနစ်ခုကို ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ ကသာခရိုင်၊ ကလေးခရိုင်၊ တမူးခရိုင်များအတွင်းရှိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော၂၄ ခုနှင့် သစ်တောမြေပြင်ပ သုံးနေရာတွင် စိုက်ပျိုးပင် ၈၆၇၆၈ ပင်ကို စိုက်ပျိုးခဲ့ခြင်းအတွက် သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောဦးစီးဌာနအနေနဲ့ သစ်ထုတ်လုပ်ခွင့်နှင့် သစ်ထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် သဘာဝတော ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ပင်ထောင်ခုတ်လှဲပိုင်းဖြတ်ခြင်း လုပ်ငန်းများစစ်ဆေးခြင်း၊ ခုတ်လှဲပြီး ငုတ်စစ်ဆေးခြင်းနှင့် သစ်စုပုံသယ်ဆောင်ခြင်း လုပ်ငန်းများအား စနစ်တကျစိစစ်၊ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
သစ်တောနည်းဥပဒေ ၄၄ အပိုဒ်ခွဲ (ဃ) အရ သစ်တောထွက်ပစ္စည်း ထုတ်ယူခြင်းကြောင့် သဘာဝဝန်းကျင် ပျက်စီးမှုအတွက် သစ်တောဦးစီးဌာနသို့ လျော်ကြေးပေးရမည်ဟု ဖော်ပြထားချက်အရ သစ်ထုတ်လုပ်ငန်းကြောင့်ဖြစ်စေ၊ အခြားဒေသဖွံ့ဖြိုးမှုလုပ်ငန်း တစ်ခုခုကြောင့်ဖြစ်စေ သစ်ပင်များထိခိုက် ပျက်စီးပါက ကျွန်းသစ်တစ်လုံး သို့မဟုတ် ကျွန်းပင်တစ်ပင်လျှင် လုံးပတ်အားဖြင့် တစ်ပေနှင့်အထက် ၁၅၀၀၀ ကျပ်နှုန်း၊ ပိတောက်၊ တမလန်း၊ သင်းဝင်တစ်လုံး သို့မဟုတ် တစ်ပင်ကိုလုံးပတ်အားဖြင့် တစ်ပေနှင့် အထက်ကို ၁၀၀၀၀ ကျပ်နှုန်း၊ အခြားသစ်မာ တစ်လုံးသို့မဟုတ် တစ်ပင်ကိုလုံးပတ်အားဖြင့် တစ်ပေနှင့် အထက် ၇၅၀၀ ကျပ်နှုန်းဖြင့် ပေးဆောင်ရန် သတ်မှတ်ထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးထွန်းဝေ (ဖောင်းပြင်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်းအထိပါဝင်သည့် ပုံပါကျင်သစ်တောကြိုးဝိုင်းကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလမှစပြီး ၁၉၉၇ ခုနှစ် ဒီဇင်ဘာလကုန်ထိ ရှစ်နှစ်တိုင်တိုင် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတွင် အခြေစိုက်သည့် ကုမ္ပဏီကိုသစ်ထုတ်ယူခွင့် ရောင်းချခဲ့ပါကြောင်း၊ကျွန်း၊ပျဉ်းကတိုး၊ပိတောက်၊ တမလန်း၊တောင်သရက်တို့ ထူထပ်စွာပေါက်ရောက်သည့် သစ်တောဖြစ်၍ အင်္ဂလိပ်အစိုးရမှ ၁၉၀၀ ပြည့်နှစ်က Golden Areas ဟု သတ်မှတ်ခဲ့ပါကြောင်း၊၎င်း သစ်တောကို မြေပြင် Survey မရှိဘဲ ၁၉၄၂ ခုနှစ်တွင် ကောင်းကင်မြေပုံအတိုင်း တစ်လက်မ ကို မြေပြင်တစ်မိုင် စကေးနှုန်းနှင့် မြေပုံ ထုတ်ပြီးမှ သစ်ထုတ်ခွင့် ပေးခဲ့ပါကြောင်း၊ ယခုလို သစ်တောနေရာများတွင် မည်ကဲ့သို့ပြန်လည်ပြုစု ပျိုးထောင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ထပ်ဆင့်မေးခွန်း မေးမြန်းပါသည်။
သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
သစ်ထုတ်သည့် ကုမ္ပဏီတိုင်းတွင် မိမိ၏သစ်တောအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကွက်လပ်ဖြစ်နေသည့် နေရာများကိုပြန်လည် စိုက်ပျိုးရပါကြောင်း၊ သစ်တောဦးစီးဌာနကို မြန်မာ့သစ် လုပ်ငန်းမှ စိုက်ပျိုးပြီးစီးကြောင်းကို အစီရင်ခံစာပို့ရပါကြောင်း၊ သစ်တောဦးစီးဌာနမှလည်း သွားရောက်စစ်ဆေးပြီး မှတ်တမ်းတင်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။
