ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဒီဇယ်တစ်ဂါလန်ဈေးနှုန်းမှာ ကျပ် ၄၀၀၀ ခန့်ရှိ သော် လည်း ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဒီဇယ်တစ်ဂါလန်ဈေးနှုန်း ၂၀၀၀ အထိ လျော့ကြ လာပြီဖြစ်ကြောင်းကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူးထံမှ စုံစမ်း သိရှိရပါကြောင်း၊ လောင်စာဆီဈေးနှုန်းကျဆင်းလာသည့် အချက်တစ်ခုတည်းပင်လျှင် ယခင်နှစ် လောင်စာဆီအတွက် ခွဲဝေချထားငွေအတိုင်း ရန်ပုံငွေခွဲဝေချထားပေးပါက မီးပေးချိန် ၂ နာရီခွဲ၏ နှစ်ဆဖြစ်သော ၅ နာရီအထိ တိုးမြှင့်ပေးနိုင်ခြင်းရှိသည်ဟု သုံးသပ်ရပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ရှိ တစ်ခြားမြို့နယ်များတွင် မဟာဓာတ်အားလိုင်း မီးသွယ်တန်း ဖြန့်ဖြူးလျက်ရှိသည်ကို စုံစမ်းသိရှိရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွက် ခွဲဝေသုံးစွဲသော ဒီဇယ်များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖော်ပြပါမြို့နယ်များသို့ ခွဲဝေပေးနိုင် ပါမည်ဟု မျှော်လင့်ကြပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ်စတဲ့မြို့ခုနှစ်မြို့ကို မီးပေးချိန် ၂ နာရီခွဲမှ ၄ နာရီအထိ တိုးမြှင့်ပေးရေး အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့ခုနှစ်မြို့တို့တွင် မိုင်းဖြတ်မြို့အား တစ်နေ့လျှင် ညစဉ် ၂း၀၀၊ မိုင်းယောင်း၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်းနှင့် မိုင်းခတ်စသည့်မြို့ငါးမြို့အား တစ်နေ့လျှင် ညစဉ် ၂း၃၀ နာရီနှင့် မက်မန်းမြို့အား တစ်နေ့လျှင် ညစဉ် ၃း၀၀ နာရီအထိ ဒီဇယ်ဆီ ဖြင့် လျှပ်စစ် မီးထုတ်လုပ်ပေးရန် စိစစ်တွေ့ရှိရပါကြောင်း၊ လက်ရှိအခြေအနေမှာ ဝန်ကြီးဌာနအနေဖြင့် ပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ လျှပ်စစ်ဓာတ်အားမရရှိသေးသော ဝေးလံခေါင်းပါးသော မြို့နယ်များကို ဒီဇယ်အင်ဂျင်စက်များဖြင့် မီးပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် တစ်နှစ်ထက်တစ်နှစ် ထိုသို့ ဒီဇယ်အင်ဂျင်စက်များဖြင့် မီးပေးရသည့်မြို့နယ်အရေအတွက်များသည်လည်း တိုးများလာ သောကြောင့် ဒီဇယ်ဆီဈေးနှုန်းကျဆင်းသွားသည်မှာ မှန်သော်လည်း ဒီဇယ်ဆီဖြင့် လျှပ်စစ် ဓာတ်အားပိုတိုးချဲ့ပေးရသော မြို့နယ်အရေအတွက်လည်း တိုးလာပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအလွန်အရေးကြီးသော မြို့နယ်များမှအပ အခြား ကျန်ရှိနေသောမြို့နယ်များအား တစ်နေ့လျှင် ဓာတ်အားပေးချိန် ညစဉ် ၂း၀၀ မှ ၃း၀၀ နာရီအတွင်း ဓာတ်အား ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒီဇယ်ဆီခွဲတမ်းကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ၁၈၁၄၀ ဂါလန်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ၂၀၄၇၃ ဂါလန်အထိ တိုးမြှင့်ပေးခဲ့သည့်အတွက် တစ်နှစ်အတွင်း ဂါလန် ၂၃၃၃ ဂါလန်ပိုမိုပံ့ပိုးပြီး ဓာတ်အားပို့ပေးနေပါကြောင်း၊ အဆိုပါမြို့များကို တစ်ရက်လျှင် ဓာတ်အားဖြန့်ဖြူးချိန် ၄း၀၀ နာရီ အထိ တိုးမြှင့်ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက လစဉ်ဒီဇယ်ဆီ ၆၆၃၄ ဂါလန် ပိုပြီး ထပ်မံပံ့ပိုး ပေးရ မည်ဖြစ်ပြီး တစ်လလျှင် စက်သုံးဆီဝယ်ယူစရိတ်ကျပ် ၁၈၆၀၈၃၇၀ နှင့် သယ်ယူပို့ဆောင်စရိတ် ၂၄၅၃၀၀၀ စုစုပေါင်း ၂၁၀၆၁၃၇၀ ကျပ် ထပ်မံသုံးစွဲရန် လိုအပ်လာမည်ဖြစ်ပါကြောင်း၊
ယခုအဆိုပါ မြို့နယ် ခုနှစ်မြို့နယ်ကို ဓာတ်အားဖြန့်ဖြူးပေးရာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ယခု ပထမခြောက်လပတ်အတွင်း ဝန်ကြီးဌာနမှ ကျပ်သန်း ၁၈၅.၁၄၆ သန်းကို အရှုံးခံပြီး ဓာတ်အားဖြန့်ဖြူးပေးနေပါကြောင်း၊ ဒီဇယ်ဆီများဖြင့် ဓာတ်အားဖြန့်ဖြူးပေးရာတွင် ဒီဇယ် တစ်ဂါလန်ကိုသုံး၍ ဓာတ်အား ထုတ်လုပ်လျှင် ဓာတ်အားပျမ်းမျှ ၁၀ ယူနစ်သာ ထွက်ရှိပါတယ်။ ဓာတ်အားပြန်လည်ရောင်းချရာတွင် ဓာတ်အားတစ်ယူနစ်၏ ရောင်းရဈေးသည် ၃၅ ကျပ်သာရှိ သောကြောင့် ဒီဇယ်တစ်ဂါလန်ဖြင့် အားထုတ်၍ရောင်းရတိုင်း ပြန်လည်ရရှိဝင်ငွေသည် ၃၅၀ ကျပ်သာ ပြန်လည်ရရှိပြီး၊ ဒီဇယ်ဆီ တစ်ဂါလန်၏ပျမ်းမျှဈေးနှုန်းသည် ၂၈၀၅ ကျပ်ဖြစ် သည့် အတွက်ကြောင့် ပျမ်းမျှဒီဇယ်တစ်ဂါလန်သုံးတိုင်း၊ လျှပ်စစ်ထုတ်တိုင်း ဌာနက ၂၄၅၅ ကျပ် အရှုံးပေါ်နေပါကြောင်း၊ အဆိုပါဒေသများအားလုံးကို နေ့စဉ်ဓာတ်အားပေးချိန် လေးနာရီအထိ တိုးမြှင့်ဓာတ်အားပေး ရမည်ဆိုပါက လစဉ်ဒီဇယ်ဆီဂါလန်ပေါင်း ၆၆၃၄ နောက်ထပ်အသုံးပြုပြီး လျှပ်စစ်ပေးရမယ့် နာရီကို တိုးချဲ့ပေးရမယ်ဆိုခဲ့လျှင် လစဉ်အရှုံးမှာ ထိုဒေသများအတွက် ၁၆၂၈၆၄၇၀ကျပ် အထိ တိုးမြှင့်လာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးသော မြို့၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိစေရန်အတွက် လစဉ်ဆီခွဲဝေထောက်ပံ့မှုများကိုလည်း နှစ်အလိုက် ဘတ်ဂျက်ဝေငှ၊ ခွဲဝေခွင့်ပြုရရှိမှု အပေါ်မှာ မူတည်ပြီး သင့်တင့်မျှတအောင် စီစဉ်ဆောင်ရွက်ပေးနေရပါကြောင်း၊
သို့ဖြစ်ပါ၍ မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်းနှင့် မိုင်းခတ်မြို့များအား လေးနာရီ အထိ တိုးမြှင့်ဓာတ်အားပေးနိုင်ရေးအတွက် နှစ်စဉ် ဘဏ္ဍာငွေတိုးမြှင့်တင်ပြ တောင်းခံသွား မည်ဖြစ်ပြီး ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး ဖြစ်နိုင်မှုရှိပါက စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဒေသများအနေဖြင့် လျှပ်စစ်မီးရရှိချိန် ပိုမိုရရှိလိုပါက မိမိတို့ဌာနက တပ်ဆင်ပေးထားသော ဌာနပိုင်မီးလင်းစက်များကို အသုံးပြုပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင် များရယ်၊ ကျေးရွာများ၏ ရန်ပုံငွေကို အသုံးပြုပြီး ဆီဝယ်ယူအသုံးပြုကာ စက်မောင်းချိန်နာရီကို တိုးမြှင့်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမည်ဆိုလျှင်လည်း ဝန်ကြီးဌာနဘက်က အဆိုပါစက်များကို မောင်းပြီး ဓာတ်အားပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုနည်းလမ်းများဖြင့် ဆောင်ရွက်သည့် အစီအစဉ်များလည်းရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
