(ဃ)- မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ မှလက် ဆယ်ကျေးရွာအထိ၊ဆိပ်ဖြူမြို့မှပင်းတလဲကျေးရွာ အထိနှင့် ကျန်ရှိကျေးရွာများလျှပ်စစ်မီးပေးနိုင်ရေး အတွက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၀) ရက်မြောက်နေ့ (၇.၆.၂၀၁၆)

ဦးအောင်သိုက်(ဆိပ်ဖြူ)မိမိတို့ ဆိပ်ဖြူမြို့ လျှပ်စစ်ရပ်ဝန်းအတွင်းရှိ ၆၆/၁၁ KV 5 MVA ဓာတ်အားခွဲစက်ရုံကြီးအား ဆိပ်ဖြူမြို့နယ်တစ်မြို့နယ်လုံးသို့ လျှပ်စစ်မီး ပေးနိုင်ကြောင်းကိုသိရှိရပါကြောင်း၊ ဆိပ်ဖြူမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာ ၁၆ မိုင်သို့ သွယ်တန်းလျှင် ကျေးရွာ ၁၇ ရွာ၊ လူဦးရေ ၁၂၁၈၆ ဦး၊ ပင်းတလဲကျေးရွာသို့ မီးသွယ်တန်းလျှင် ကျေးရွာ ငါးရွာ၊ လူဦးရေ ၅၃၈၂ ဦး အကျိုးခံစား ရမည်ဖြစ် ပါကြောင်းနှင့် ကျန်ရှိ ကျေးရွာများကလည်း လျှပ်စစ်မီးသုံးစွဲနိုင်ရန် လိုလားလျက်ရှိပါကြောင်း၊ ထို့ကြောင့် ဆိပ်ဖြူမှ လက်ဆယ်၊ ဆိပ်ဖြူမှ ပင်းတလဲနှင့် ကျန်ရှိ ကျေးရွာများ မီးလင်းနိုင်ရေးအစီအစဉ်များ ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက အဘယ် ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် -တဲကြီး၊ မြေကြမ်းတော၊ ဂွေးပင်၊ ထိန်ကန်၊ ရွာသစ်ကြီး၊ လက်ဆယ် ကျေးရွာအုပ်စု ခြောက်အုပ်စု စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းအတွင်းရှိ ကျေးရွာ ၁၇ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆိပ်ဖြူ ၆၆/၁၁ KV၊ 5 MVA ဓာတ်အားခွဲရုံမှ လက်ဆယ်ကျေးရွာထိ ၁၁ KV လိုင်း ၁၆ မိုင် တည်ဆောက်ရမည်ဖြစ်ပြီး ချောင်းမကြီး၊ ပင်းတလဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆိပ်ဖြူဓာတ်အား ခွဲရုံမှ ပင်းတလဲကျေးရွာထိ ၁၁ KV လိုင်း ၈ မိုင် တည်ဆောက်ရမည်ဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

၎င်းဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းများသည် လိုင်းမိုင်ရှည်လျားပြီး ကုန်ကျစရိတ် များပြားသော ကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး၏ ခွင့်ပြုရန်ပုံငွေရရှိခဲ့မှုအရ ထည့်သွင်းလျာ ထား နိုင်ခဲ့ခြင်းမရှိကြောင်း၊ ချောင်းမကြီး၊ ပင်းတလဲကျေးရွာအုပ်စု လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် တည် ဆောက်ရန်လိုအပ်သော ၁၁ KV ဓာတ်အားလိုင်း ၈ မိုင် တည်ဆောက်ခြင်း လုပ်ငန်းအား မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင်လည်းကောင်း၊ တဲကြီး၊ မြေကြမ်းတော၊ ဂွေးပင်၊ ထိန်ကန်၊ ရွာသစ်ကြီး၊ လက်ဆယ် ကျေးရွာအုပ်စုများ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် တည်ဆောက်ရန် လိုအပ်သော ၁၁ KV လိုင်း ၁၆ မိုင် တည်ဆောက်ခြင်း လုပ်ငန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း ထည့်သွင်းလျာထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပေး သွားနိုင်မှာဖြစ်ပါကြောင်း ပြန် လည်ဖြေကြားပါသည်။