(က)-ညောင်လေးပင်မြို့၊တောရကြီးပရိယတ္တိစာသင် တိုက်၊ပဓာနနာယကဆရာတော်ဘဒ္ဒန္တစန္ဒဝံသသည် ၁၉၇၅ခုနှစ်ကဓမ္မာစရိယစာမေးပွဲကိုဖြေဆိုအောင်မြင် ခဲ့ရာအောင်လက်မှတ်ပျောက်သွားပါသဖြင့် အောင် လက်မှတ်မိတ္တူပြန်လည်ရရှိရေးဆောင်ရွက်ပေးနိုင် ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၁၀.၂၀၁၇)

ဦးစောထွန်းမြအောင် (ဖာပွန်)၁၉၇၃ ခုနှစ်တွင် သာသနာ့မဏ္ဍိုင်မှာ ဓမ္မာစရိယအောင်မြင်ပြီး ၁၉၈၂ ခုနှစ်မှာ မဟာဂန္ထဝါစက ဘွဲ့ချီးမြှင့်ခံရပါကြောင်း၊ ဓမ္မာစရိယအောင်လက်မှတ်ကို တပည့်တစ်ယောက်က သိမ်းထားခဲ့သည်မှာ ရှာလို့မတွေ့ ပျောက်နေပါကြောင်း၊ ၎င်းလက်မှတ်မရှိသည့်အတွက် တောရကြီး ကျောင်းတိုက်၏ ဂုဏ်ဒြပ်နှင့်ညီသည့်အစိုးရချီးမြှင့်သည့် ဘွဲ့လည်းလျှောက်လို့မရပါကြောင်း၊ ဘုန်းဘုန်းမှ အပိတ်ခံ နေရသည့်အတွက်ကျောင်းတိုက်တွင် ဓမ္မာစရိယအောင်သည့် စာသင်သားများမှလည်း ဘွဲ့မတင်ရဲ ကြပါကြောင်း၊ ကျောင်းတိုက်တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) ရွှေကျင်ဂိုဏ်း ကျောင်းတိုက်များမှ ဘုန်းဘုန်းကျောင်းတွင် စာလာသင်ကြပါကြောင်း၊ သံဃာတော် ၁၀၀ ကျော်ရှိပါကြောင်း၊ ၎င်းတို့၏ ခရီးသွားလာရေး၊ ဆေးရုံတက်ရေး အခက်အခဲ၊ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့တွင် ရွှေကျင် စာပြန်ပွဲရှိပါကြောင်း၊ ၎င်းတွင် သက်ကြီးဆရာတော်များ ကြိုရန်အတွက် ကားလိုအပ်ပါကြောင်း၊  သာသနာရေး(RG)ကားကို ဘွဲ့လက်မှတ်မပါ၍ လျှောက်လို့မရပါကြောင်း၊  ထို့ကြောင့် ရွှေကျင် ကျောင်းဂိုဏ်းဝင် အဓိပတိတောရကြီး ကျောင်းတိုက်ကြီး၏ လိုအပ်ချက်များ ဆောင်ရွက်ပေး နိုင်ရန် အတွက် ဆရာတော်ကြီး၏ ပျောက်ဆုံးနေသော ဘွဲ့လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင် ခြင်းရှိ/မရှိ နှင့် ကျောင်းတိုက်၏ လိုအပ်ချက်များကိုလည်း ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုနိုင်ငံတော်သံဃာ့ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌနာယကဆရာတော် ဘဒ္ဒန္တဥတ္တမဉာဏဘိဝံသနှင့် နိုင်ငံတော်သံဃာ့နာယက မဟာနာယကအဖွဲ့ ပညာရေးအဖွဲ့ငယ်ဆရာတော်များက အောင်လက်မှတ် မိတ္တူပျက်စီးပျောက်ဆုံးသွားလျှင် ခေတ်ကာလနှင့်အညီ အသုံးအနှုန်းအခေါ်အဝေါ် ပြောင်းလဲမှု များကြောင့် မိတ္တူမှန်ထုတ်ပေးရန် မဖြစ်နိုင်ကြောင်း၊ ဘွဲ့တော်၊ အဖအမည်၊ ဇာတိ၊ ကျောင်းတိုက်၊ ခုံအမှတ်နှင့် အောင်မြင်သည့်ခုနှစ်များ မှန်ကန်စွာဖော်ပြနိုင်ပါက အောင်မြင်ကြောင်း ထောက်ခံချက် ထုတ်ပေးခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်သည်ဟု  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၏ ပညာရေးအဖွဲ့ငယ်ဆရာတော်များမှ ပြန်လည်မိန့်ကြားခဲ့ပါကြောင်း၊ အောင်လက်မှတ်များ ပျောက်ဆုံးမှု  နှင့်ပတ်သက်၍ ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနတွင်ရှိသည့် စာမေးပွဲဌာနအနေဖြင့် အောင်မြင် ခဲ့သည့်ကျောင်းတိုက်နှင့် သက်ဆိုင်ရာ မြို့နယ်သံဃာ့နာယကအဖွဲ့၏ ထောက်ခံချက်များဖြင့် အောင်မြင်ကြောင်းထောက်ခံချက် တောင်းခံလာပါက စာမေးပွဲဌာနခွဲတွင် ရှိသည့် အောင်စာရင်း ထေရုပ္ပတ္တိများနှင့် တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်များပြည့်စုံမှန်ကန်ပါက စာမေးပွဲအောင်မြင် ကြောင်း ထောက်ခံချက်ကို ညွှန်ကြားရေးမှူး၊စာမေးပွဲဌာနခွဲမှ လက်မှတ်ရေးထိုး၍ ထုတ်ပေးလျက် ရှိပါကြောင်း၊ သာသနာရေးဦးစီးဌာနရှိ စာမေးပွဲဌာနခွဲအနေဖြင့် တိပိဋက၊ ဓမ္မာစရိယ၊ ဋိကာယ်၊ ပါဠိပထမပြန်၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲအောင်လက်မှတ်များပျောက်ဆုံးပါက အောင်လက်မှတ် မိတ္တူမှန်ဖြင့် ထုတ်ပေးခြင်းမရှိပါကြောင်းနှင့် တောရကြီးပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒဝံသ၏ သာသနဓဇဓမ္မာစရိယစာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်ကို စာမေးပွဲဌာနမှ ၂၈-၈-၂၀၁၇ ရက်နေ့တွင် ထုတ်ပေးပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။