မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်များတွင် စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များအရအိမ်အကူများ၊ တခြားပြည်နေရသည့်အိမ်ထောင်စုများရှိပါကြောင်း၊ စီးပွားရေးငွေရေးကြေးရေးချမ်းသာ၍ အိမ်အကူထားရတာရှိသလိုအိမ်ရှင်မတွေမအားမလပ် မနိုင်မနင်း၍ အိမ်အကူထားရသည် များလည်းရှိပါကြောင်း၊ ၎င်းအိမ်အကူမိန်းကလေးများသည် ဆင်းရဲသည့် မိသားစုများမှ ပေါက်ဖွားလာကြသည့်သူများပါကြောင်း၊ လူသားချင်းစာနာမှု မရှိသည့် အိမ်ရှင်များကမိမိတို့၏ အိမ်အကူများကို နှိပ်စက်ခိုင်းစေမှုများကိုမကြာမကြာ ကြားသိနေရပါကြောင်း၊လွန်ခဲ့သည့်နှစ်ကရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်မှအိမ်အကူမိန်းကလေးကို နှိပ်စက်ခဲ့သည့်ကိစ္စဆိုရင် လွှတ်တော်တွင်အရေးကြီးအဆိုတင်ခဲ့ရသည့်အထိ ဖြစ်ခဲ့ဖူးပါကြောင်း၊မကြာသေးမီကလည်းမရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှအိမ်အကူကိုသွားခြောက်ချောင်းကျိုးအောင် အိမ်အကူချင်း ရိုက်ခိုင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ၃.၁. ၂၀၁၇ ရက်နေ့တွင်မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင်အမှုဖွင့်အရေးယူခဲ့ပါကြောင်း၊စင်ကာပူရောက် မြန်မာအိမ်အကူမိန်းကလေးငယ်တစ်ဦးသည် ၁၉ ထပ်အမြင့်ရှိသည့် တိုက်ပေါ်မှ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါကြောင်း၊ ၎င်းအပြင် စင်ကာပူတွင် နှစ်ထပ်တိုက်ပေါ်မှခုန်ချ ထွက်ပြေးသွားခဲသည့် မိန်းကလေးကိုလည်းလူမှုအဖွဲ့အစည်းမှဆေးဝါးကုသပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ရပါကြောင်း၊၂၀၁၄ ခုနှစ်ကစတင်ပြီး မြန်မာနိုင်ငံအစိုးရသည်အိမ်အကူမိန်းကလေးများကို နိုင်ငံခြားသို့စေလွှတ်မှု ရပ်ဆိုင်းခဲ့၊ပိတ်ပင်ခဲ့သော်လည်းတရားမဝင်သည့်နည်းဖြင့် သွားနေသည်ကိုရှိလာရပါကြောင်း၊ တရားမဝင်သွားရသည့်အတွက်တရားဝင်ရသည့်အခွင့်အရေးများဆုံးရှုံးနေပါကြောင်း၊
အစိုးရ၏ တရားဝင်ထုတ်ပြန်ထားသည့်စာရင်းများအရစင်ကာပူတွင် မြန်မာအိမ်အကူ ၁၃၀ သာရှိသည်ဟုဆိုသော်လည်း၄၀၀၀၀ ကျော်လောက်ရှိသည်ဟုမိမိတို့ကြားသိရပါကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာအိမ်အကူတစ်သိန်းကျော်ရှိပါကြောင်း၊ ၎င်းအကြောင်းများကြောင့် ပြည်တွင်းအိမ်အကူနှင့် ပြည်ပရောက် အိမ်အကူများကိုအကာအကွယ်ပေးရန် အစီအမံတွေလိုအပ်နေသည်မှာထင်ရှားနေပါကြောင်း၊ အထူးသဖြင့် ပြည်ပရောက်အိမ်အကူများကိုအကာအကွယ်ပေးရန်လိုအပ် ပါကြောင်း၊ ပြည်ပသွားသည့်အိမ်အကူများကိုပိတ်ပင်မည်၊ဖွင့်ပေးမည် ကိုတိကျသည့် မူဝါဒချမှတ် ပေးရန်လိုအပ်နေပြီဖြစ်ပါကြောင်း၊အိမ်အကူလေးများရရှိလာသည့်ဝင်ငွေသည်မိမိတို့တိုင်းပြည်၏ ဝင်ငွေများတွင်တစ်စိတ်တစ်ပိုင်းပါနေပြီဆိုသည်ကိုသတိထားစေချင်ပါကြောင်း၊ ပိတ်မည်ဆိုပါကလုံအောင်ပိတ်ပေးပါရန်နှင့်၎င်းအိမ်အကူများကို အကာအကွယ်ပေးနိုင်ရန်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီစဉ်ထားသည်ကိုသိလိုပါကြောင်းမေးမြန်းပါသည်။
ပြည်တွင်းအိမ်အကူအလုပ်သမားများနှင့်ပြည်ပရောက်အိမ်အကူအမျိုးသမီးများအခွင့်အရေးကာကွယ်ပေးရေး၊ကုစားပေးရေးအစီအစဉ်များ ကိုမိမိတို့အစိုးရအဖွဲ့အနေနှင့် အမြဲမပြတ်စောင့်ကြည့်လျက်ရှိပါကြောင်း၊ ကာကွယ်ကုသရေးနှင့်စေလွှတ်ရေးအစီအစဉ်များကိုလည်းစနစ်တကျစီစဉ်ဆောင်ရွက်သွားရန်အစီအစဉ်ရှိပါကြောင်း၊
ကမ္ဘာ့စီးပွားရေးအခြေအနေအရအိမ်ထောင်များတွင် ဇနီးရောခင်ပွန်းပါအလုပ်အကိုင်များ လုပ်ကိုင်ရသည့်အတွက် မိသားစုရှိကလေးသူငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ မသန်စွမ်းသူများကိုကိုယ်စားပြုလုပ်ရန် လိုအပ်သည့်အိမ်တွင်းအထောက်အကူ အလုပ်သမားများကိုငှားရမ်းပြီး လုပ်ဆောင်လာပါကြောင်း၊ ပြည်တွင်းရှိအိမ်အကူအလုပ်သမားများတွင်အရွယ်မရောက်သေးသည့်သူများ၊ဆွေမျိုးနီးစပ်ရာမှလည်းကောင်း၊ မိတ်ဆွေများမှတစ်ဆင့် ခေါ်ယူပေးကြပါကြောင်း၊ တစ်ခါတရံပွဲစားများမှတစ်ဆင့် ဆက်သွယ်ပြီးလုပ်ကိုင်ဆောင်ရွက် နေတာမျိုးဖြစ်ပါကြောင်း၊ အိမ်တွင်းဆောင်ရွက်သည့်လုပ်ငန်း၊ အိမ်တွင်းလုပ်သားများဖြစ်သည့်အတွက် အိမ်အကူလုပ်သားစာရင်းတိတိကျကျရရှိရန် အတွက် ကျွန်တော်တို့အကန့်အသတ်များစွာရှိပါတယ်။အလားတူပဲအိမ်အကူအလုပ်သမားများဟာအလုပ်ရှင်ရဲ့အိမ်မှာမိသားစုဝင်လိုနေရတဲ့ အတွက် ဥပဒေအရသတ်မှတ်ထားတဲ့ အလုပ်ချိန်နှင့် အညီလိုက်နာလုပ်ကိုင်နိုင်ဖို့ခက်ခဲပါတယ်။ ဥပဒေလိုက်နာမှုရှိ/မရှိကိုလည်းပုံမှန်လိုက်လံစစ်ဆေးဖို့လည်းခက်ခဲလျက်ရှိပါတယ်။ အိမ်အကူ ပြဿနာများ ဖြစ်ပွားနေရခြင်းဟာလည်းပဲအဓမ္မစေခိုင်းမှု၊ အကြွေးဖြင့်နှောင်တည်းစေခိုင်းမှု၊ ခေါင်းပုံဖြတ်မှု၊ အရွယ်မရောက်သေးသူများကို ညှင်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်နေတဲ့အတွက် တည်ဆဲဥပဒေများအရအိမ်အကူများနဲ့ပတ်သက်ပြီးတော့မှ သီးခြားဥပဒေ ကျွန်တော်တို့ဌာနမှာမရှိသေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကအထက်ပါဖော်ပြတဲ့ ခေါင်းပုံဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ညှင်းပန်းမှုတွေ၊ အရွယ်မရောက်သေးသူများကိစ္စနဲ့ ပတ်သက်ရင်တော့ ကျေးရွာအုပ်ချုပ်ရေးဥပဒေကိုပြင်ဆင်တဲ့ ပုဒ်မ ၂၇ ပုဒ်မခွဲ(က)အရလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ကလေးသူငယ်ဥပဒေပုဒ်မ ၆၅ ပုဒ်မခွဲ(က)၊ (ခ)တို့အရလည်းကောင်းဥပဒေနှင့်အညီအရေးယူလျက်ရှိပါတယ်။
အလားတူပါပဲ။ နိုင်ငံခြားကိုရောက်ရှိနေတဲ့ အိမ်အကူတွေနဲ့ပတ်သက်ပြီးတော့မှ တာဝန်ရှိတဲ့ အစိုးရအနေနဲ့ကတော့ တရားဝင်စေလွြှတ်ခင်းမရှိသော်လည်းဘဲအလည်အပတ်ဗီဇာများနှင့်သော် လည်းကောင်း၊ အမှန်တကယ်လုပ်ကိုင်မည်မဟုတ်တဲ့ အခြားအလုပ်အကိုင်အမျိုးအစားကိုဖော်ပြ၍ သော်လည်းကောင်းနည်းလမ်းအမျိုးမျိုးဖြင့် တရားမဝင်သွားရောက်လုပ်ကိုင်လျက်ရှိတာအားလုံးအသိပဲဖြစ်ပါတယ်။ အဲဒီနိုင်ငံရပ်ခြားကိုရောက်တဲ့ အိမ်တွင်းမှုအထောက်အကူပြုအလုပ်သမားများဟာလည်းပဲဘာသာစကားနှင့်လုပ်ငန်းတွေကျွမ်းကျင်မှုမရှိတာတွေ၊ အလုပ်သမားနဲ့အလုပ်ရှင်ဆက်ဆံရေးမပြေလည်မှုများဖြစ်တဲ့အခါတွေ သူတို့လုပ်ငန်းခွင်ရောက်ရှိတဲ့အခါမှာ ပြင်ပသို့ဆက်သွယ်သွားလာခွင့်နည်းတဲ့ပြဿနာတွေကြောင့် ကျွန်တော်တို့ ဥပဒေနှင့်အညီအကျိုးကျေးဇူးများခံစားခွင့်မရှိတာတွေ့ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံကိုတရားဝင်ရောက်ရှိသွားသူများဖြစ်စေ၊ တရားမဝင်ရောက်ရှိသွားသူများဖြစ်စေ ကျွန်တော်တို့ သက်ဆိုင်ရာသံရုံးများမှာရှိတဲ့ ဝန်ထမ်းများကသက်ဆိုင်ရာနိုင်ငံရဲ့ဥပဒေနှင့်အညီခံစားရရှိရေးအတွက် ကျွန်တော်တို့လုပ်သားများအားလုံးအတွက်ကိုကူညီစောင့်ရှောက်ပေးလျက်ရှိပါတယ်။ ပြည်ပနိုင်ငံများမှာလူကုန်ကူးခံရမှု ကိစ္စရပ်များကိုလည်းပဲ ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်း ပြီးတော့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ စင်ကာပူနိုင်ငံမှာအိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ပြီးတော့မှ ပြဿနာဖြစ်ပွားပြီးတော့မှ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာထွက်ပွေးအကူအညီတောင်းခံမှုများရှိနေပါတယ်။ အဲဒီအတွက်ကိုလည်းပဲ ကျွန်တော်တို့ လိုင်စင်မရှိဘဲနဲ့ပေးပို့တဲ့ကုမ္ပဏီများ၊ လူပွဲစားများကိုလည်းပဲဖော်ထုတ်ပြီးတော့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရအရေးယူနိုင်ရေးအတွက်ကို ကျွန်တော်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့ ၂၀၁၆ ခုနှစ်၊ ဧပြီလကနေပြီး မှ ၂၀၁၇ ဇူလိုင်လအထိအမှု ၅၉ မှုကို ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီးတော့မှ ကျွန်တော်တို့ စိစစ်ဆောင်ရွက်လျက်ရှိပါ တယ်။ တရားမဝင်အိမ်အကူ နှစ်ဦးစေလွှတ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့တဲ့ လိုင်စင်ရအေဂျင်စီများကိုလည်းပဲ ကျွန်တော်တို့ လိုင်စင်ပိတ်သိမ်းပြီးတော့မှ တည်ဆဲဥပဒေများနဲ့အညီအရေးယူဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ပြည်ပနိုင်ငံများမှာရောက်ရှိနေတဲ့ အိမ်တွင်းမှုအထောက် အကူလုပ်သားများကိုကူညီစောင့်ရှောက်ပေးနိုင်ဖို့အတွက်ကိုလည်းပဲ ပြည်ပနိုင်ငံများမှာရောက်ရှိနေတဲ့ မြန်မာအလုပ်သမားများအရေအတွက်စာရင်းကိုတိတိကျကျကောက်ယူရင်းနဲ့ ပြည်ပနိုင်ငံများမှာရောက်ရှိနေတဲ့ ကျွန်တော်တို့ မြန်မာအိမ်တွင်းအထောက်အကူလုပ်ငန်းများအတွက် အလုပ်သမားရေးရာကိစ္စရပ်များကိုထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ လူမှုအဖွဲ့အစည်းများ၊ အေဂျင်စီအဖွဲ့ချုပ်များနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ စာရင်းကောက်ယူရရှိမယ်ဆိုလို့ရှိရင် အဲဒီအိမ်အကူအလုပ်သမားများကိုတရားဝင်အလုပ်သမားများဖြစ်ရေး ကျွန်တော်တို့စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့ အိမ်တွင်းမှုအထောက် အကူပြုလုပ်သားများကိုလည်းပဲအဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက်ကိုလုပ်ငန်းသဘောသဘာဝအရလိုအပ်တဲ့သင်တန်းများ တက်ရောက်စေပြီးတော့မှ တရားဝင် G to G ကျွန်တော်တို့ MOU ထိုးပြီးတော့မှ စေလွှတ်သွားဖို့လည်းပဲစီစဉ်ထားလျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန်အမျိုးသမီးအဖွဲ့နှင့်ပူးပေါင်းပြီးတော့မှ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့ အိမ်ထောင်ရှင်များ၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အမျိုးသမီးများအားကူညီပံ့ပိုးနိုင်ဖို့နဲ့ ပညာဆက်လက်မသင်ကြားနိုင်တဲ့ အမျိုးသမီးငယ်များအသက်မွေးဝမ်ကျောင်းသင်တန်းများကိုလည်းပဲတက်ရောက်ပြီးတော့မှ ကျွန်တော်တို့ အလုပ်အကိုင်ရရှိရေးအတွက်ကိုစီမံဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် UN-Women အဖွဲ့နှင့် International Labour Organization (ILO) အဖွဲ့တို့ နှင့်ပူးပေါင်းပြီးတော့မှ ကျွန်တော်တို့ပြုစုထားတဲ့ ထိုင်းနိုင်ငံနှင့်စင်ကာပူနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားများကိုအကာအကွယ်ပေးရန် ပြဋ္ဌာန်းထားတဲ့မူဝါဒများအကျိုးသက်ရောက်မှုကိုလေ့လာဆန်းစစ်ပြီးတော့မှ ကျွန်တော်တို့စာတမ်းကိုလည်းပဲမနေ့ကထုတ်ပြန်ပြီးဖြစ်ပါတယ်။ အဲဒီစာတမ်းမှာအဓိကထောက်ခံအကြံပြုချက်များကိုသုံးသပ်ပြီးတော့မှ ကျွန်တော်တို့အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့အတွက်ကိုဦးစားပေးအလိုက် ကျွန်တော်တို့ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပြီးတော့မှ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမားများရဲ့ သတင်းအချက်အလက်များကောက်ယူဖို့၊ အသိအမှတ်ပြုလက်မှတ်များထုတ်ပေးဖို့နဲ့ ဥပဒေနှင့် အကျိုးခံစားခွင့်များရရှိနိုင်ဖို့အတွက်ကိုကာကွယ်စောင့်ရှောက်မှုများပြုလုပ်ပေးနိုင်ဖို့အတွက်ကိုအလုပ်သမားလက်ခံတဲ့နိုင်ငံရဲ့အစိုးရနဲ့ လူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဝန်ကြီးဌာနအနေနဲ့လည်းပဲထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားရေးရာဝန်ကြီးဌာန၊ စင်ကာပူမှာရှိတဲ့ အလုပ်သမားရေးရာနှင့်ဆိုင်တဲ့ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ရဲ့ ရောက်ရှိပြီးသားအိမ်အကူလုပ်သားများကိုလည်းပဲတရားဝင်ဖြစ်စေဖို့၊ အနာဂတ်ကာလမှာလည်းပဲစနစ်တကျ သင်တန်းများပို့ချပြီးတော့မှ ခိုင်မာတဲ့စာချုပ်စာတမ်းများနဲ့ စေလွှတ်နိုင်ဖို့ကိုလည်းပဲ ကျွန်တော်တို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်ဖြေကြားရမယ်ဆိုလို့ရှိရင်တော့ ရွှေ့ပြောင်းလုပ်သားများနဲ့ ပတ်သက်ပြီးတော့မှ အထူးသဖြင့် အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ၊ အိမ်တွင်းအထောက်အကူအလုပ်သမားများအတွက် လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်စေဖို့အတွက်ကို ကျွန်တော်တို့ အလုပ်သမားလက်ခံသောနိုင်ငံ၊ ကျွန်တော်တို့ အလုပ်သမားစေလွှတ်သောနိုင်ငံအစိုးရတို့နဲ့ ကျွန်တော်တို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အေဂျင်စီများ၊ လူမှုအဖွဲ့အစည်းများအတူတကွ ပူးပေါင်းပြီးတော့မှ စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြေကြားအပ်ပါတယ်ခင်ဗျား။
