(ဂ)-မင်္ဂလာတောင်ညွန့် မြို့နယ်၊ မင်္ဂလာဈေး ကို မည်သည့်အချိန်တွင် စတင်တည်ဆောက် ပါမည် နည်းနှင့် ဆောက်လုပ်လျှင် အချိန်မည်မျှကြာမြင့် ပါမည်တို့ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ (၉.၆.၂၀၁၆)

ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်)မင်္ဂလာဈေးသည် ၂၀၁၀ ခုနှစ် မေလတွင် ပထမအကြိမ် မီးလောင်ကျွမ်းခဲ့သည့်အတွက် ဈေး၏ အပေါ်ထပ်သုံးလွှာကို ပြန်လည်မွမ်းမံပြင်ဆင်ပြီး တစ်နှစ်ကျော် အကြာတွင် ဈေး ကို ပြန်လည်ဖွင့်လှစ် ရောင်းချလာခဲ့ ပါကြောင်း၊ ထို့နောက် ၈-၁-၂၀၁၆ ရက်နေ့တွင် မင်္ဂလာဈေးကို ဒုတိယ တစ်ကြိမ် မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပွားခဲ့သည့်အတွက် ဈေးသူဈေးသားများအနေဖြင့် လွန်စွာမှထိခိုက်နစ်နာ လျက်ရှိပါကြောင်း၊ မင်္ဂလာဈေးတွင်  ဆိုင်ခန်းအားလုံး ၄၀၀၀ ကျော်ရှိပြီး မီးလောင်ကျွမ်းဆုံးရှုံး ရသည့်ဆိုင်ခန်းအရေအတွက်မှာ  ၁၆၀၀ ကျော်ရှိပါကြောင်း၊ ယခုအချိန်တွင်  ဈေးသူဈေးသား များအနေဖြင့် အခြားသတ်မှတ်နေရာများတွင်  ဖွင့်လှစ်ရောင်းချခြင်းကြောင့် နွေရာသီနှင့် မိုးရာသီအချိန် များတွင် အခက်အခဲများနှင့် တွေ့ကြုံနေကြရပါကြောင်း၊ ဈေးဆိုင်များသည်လည်း လုံခြုံမှုမရှိခြင်းကြောင့် ဖောက် ထွင်းခံနေရခြင်း၊ ဈေးကိုမှီခိုအားထားနေရသည့် မိသားစုမြောက်များစွာအနေဖြင့်လည်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ၂၈-၁-၂၀၁၆ ရက်နေ့တွင်  ဈေးအဆောက်အဦ ကြံ့ခိုင်မှုအခြေအနေကို အင်ဂျင်နီယာအဖွဲ့မှ စိစစ်ပြီးဖြစ်သော်လည်း ယခုခြောက်လခန့်ကြာမြင့်သည့်အချိန်ထိ မည်သို့စီမံဆောင်ရွက်မည်ဆိုသည်ကိုလည်း ရှင်းလင်းစွာ သိရှိရခြင်း မရှိသေးပါကြောင်း၊ ဈေးကို (၁)  မည်သည့်အချိန်တွင် စတင် တည်ဆောက်မည်ကို လည်းကောင်း၊ (၂) မည်ကဲ့သို့ တည်ဆောက်မည်ကိုလည်းကောင်း၊ တည်ဆောက်ရာတွင်လည်း ယခင်ကဲ့သို့ မွမ်းမံပြင်ဆင် ဆောက်လုပ်မည် (သို့မဟုတ်) အသစ်ပြန်လည်တည်ဆောက်မည်ကို လည်းကောင်း၊ (၃) ဆောက်လုပ်ချိန်မည်မျှကြာမြင့်မည်ဆိုသည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
အဖြေ

ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဆင့်မြင့်မင်္ဂလာဈေးကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မီးသင့်လောင်ကျွမ်းခဲ့ရာမှ တတိယ ထပ်မှ ခေါင်မိုးထပ်ထိ ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်း မီးလောင်ဆုံးရှုံးခဲ့ပါကြောင်း၊ ယင်းဈေးကြီးကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၌ ပထမအကြိမ်၊ ယခု ဒုတိယအကြိမ် မီးသင့်လောင်ကျွမ်းခဲ့ခြင်းဖြစ်၍ ဈေးအဆောက်အဦအား ပြန်လည်မွမ်းမံရန်၊ ခံနိုင်ရည်ရှိ/မရှိ စစ်ဆေး နိုင်ရန် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် မင်္ဂလာဈေးမြေညီထပ်မှ ခေါင်မိုးထပ်အထိ ဈေးဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ကို အမြန်ဆုံးပြန်လည်ဈေးရောင်းချနိုင်ရေးအတွက် မင်္ဂလာဈေးဝင်း အတွင်း ယာယီဈေးဆောင်ရွက်ပေးရန် စီစဉ်ခဲ့ပါကြောင်း၊

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မီးသင့်လောင်ကျွမ်းခဲ့သည့် တတိယထပ်မှ ခေါင်မိုးထပ် အထိ အဆောက်အအုံသည် ဒုတိယအကြိမ် မီးသင့်လောင်ကျွမ်းခဲ့ခြင်းဖြစ်၍ အဆောက်အအုံခံနိုင်ရည် အခြေအနေကို စစ်ဆေးရန် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှဥက္ကဋ္ဌ အထူးလုပ်ငန်းကော်မတီ ဦးညွန့်မောင်စန်း ဦးဆောင်သည့် ၁၄ ဦးအဖွဲ့နှင့်အတူ  အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဒုတိယ ဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဈေးများဌာနမှ ဒုတိယဌာနမှူးနှင့် ခရိုင်မှူး၊  မီးသတ်ဦးစီးဌာန၊ မင်္ဂလာဈေး ဈေးသာယာရေး အဖွဲ့တို့ ပူးပေါင်းတွေ့ဆုံ၍ မျက်မြင် စစ်ဆေးမှုများ (Visual Inspection) ဆောင်ရွက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ အစီရင်ခံစာတွင် မီးလောင်မှုဒဏ်ကို တိုက်ရိုက်ခံထား ရခြင်းမရှိသော တတိယထပ်မှ အောက်ပိုင်းအထိ အထပ်များမှာ စစ်ဆေးတွေ့ရှိချက်များအရ ခိုင်ခံ့ကောင်းမွန်ကြောင်း ပြန်လည်အသုံးပြုမည်ဆိုပါက အသုံးပြုနိုင်ကြောင်း၊ မင်္ဂလာဈေးအဆောက် အအုံအား ပြန်လည်အသုံးပြုနိုင်ရန်အတွက် တည်ဆောက်မည်ဆိုပါက နည်းလမ်းနှစ်သွယ်အရ စဉ်းစားအသုံးပြုသွားနိုင်ပါကြောင်း၊ ပထမနည်းစနစ်မှာ အဆိုပါ အဆောက်အအုံတစ်ခုလုံးအား ဖြိုဖျက်၍ (Demolish) ပုံစံအသစ်ဖြင့် စိတ်တိုင်းကျပြန်လည် တည်ဆောက်ရန်၊ ဒုတိယနည်းစနစ်မှာ ၂၀၁၀ ခုနှစ် မေလတွင် မီးလောင်စဉ်က ပြုပြင် မွမ်းမံခဲ့သည့်အတိုင်း ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်နှင့် မီးလောင်မှု ဒဏ်ခံထားရသည့် စတုတ္ထအထက်အပေါ်ပိုင်းရှိ Structure များအား သံထည်များဖြင့် ပြန်လည် အသစ်တည်ဆောက် ရန်ဟု ဖော်ပြထားပါကြောင်း၊

အဆင့်မြင့်မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ အစီရင်ခံစာပါ အချက်များအပေါ် ဈေးသူဈေးသားများ၏ သဘောထားဆန္ဒ ရယူနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်၌ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူများ၊ ဈေးသာယာရေးကိုယ်စား လှယ်များ၊ ဈေးများဌာနမှ ဌာနမှူးနှင့် တာဝန်ရှိသူများပါဝင်၍ ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဆန္ဒမဲစနစ်ဖြင့် ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ပါကြောင်း၊

၂၀၁၆ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဈေးကို အသစ်ပြန်လည်တည်ဆောက်ရန် သို့မဟုတ် ဈေးအဟောင်းကို ပြန်လည်ပြုပြင် မွမ်းမံရန် ဈေးသူဈေးသားများထံမှ ဆန္ဒရယူခဲ့ရာ ဆိုင်ခန်းပေါင်း ၄၀၆၂ ခန်းရှိသည့်အနက် လာရောက် ဆန္ဒမဲပေးသည့်ဆိုင်ခန်း ၃၀၉၃ ခန်းတွင် အသစ်ပြန်လည်တည်ဆောက်ရန် ထောက်ခံသည့်ဆိုင်ခန်း ၁၇၅၀ ခန်း၊ အဟောင်းပြန်လည်ပြုပြင်မွမ်းမံရန် ဆန္ဒပြု ဆိုင်ခန်း ၁၃၃၀ ခန်းနှင့် ပယ်မဲဆိုင်ခန်း ၁၃ ခန်းဖြစ်၍ ဈေးအသစ်ပြန်လည်တည်ဆောက်ရန် ဆန္ဒပြုသူ ၅၆.၅ ရာခိုင်နှုန်းရရှိခဲ့ သည့်ဖြစ်၍ မင်္ဂလာဈေးကို ပြန်လည်တည်ဆောက်ရန် ဈေးသူဈေးသားများ၏ ဆန္ဒသဘောထားရရှိမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြဆုံးဖြတ်ချက် ရယူပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။