ဟင်္သာတမြို့မှ ဦးသာအောင်အပါအဝင် လယ်သမား ၈ ဦး၏ လယ်ယာမြေများကို ၁၉၉၂ ခုနှစ်၌ တပ်မတော်မှ လယ်မြေများ သိမ်းဆည်းခဲ့ပြီး အဆိုပါ သိမ်းဆည်းခံ တောင်သူလယ်သမားများကိုပင် တစ်ဧကကို ငါးတင်းနှုန်း ဖြင့် တင်း ၁၀၀ ပေးပြီး စိုက်ပျိုးခဲ့ရပါကြောင်း၊ ၁၉၉၄ ခုနှစ်၌ သီးစားလုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းပြီး အခြားသူများကို သီးခြားလုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပါကြောင်း၊ ထို့နောက် မူလတောင်သူများကို တစ်ဧကို ရှစ်တင်းနှုန်းပေး၍ တင်း ၁၆၀ ပေး၍လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ကိုးတင်းနှုန်းဖြင့် တင်း ၁၈၀ ပေး၍လည်းကောင်း၊ ၂၀၁၀တွင် ၁၀ တင်းနှုန်းဖြင့် တင်း ၂၀၀ ပေး၍လည်းကောင်း လုပ်ကိုင်စေခဲ့ပါကြောင်း၊ အဆိုပါ လယ်မြေများသည် တပ်မတော်၏ လုံခြုံရေးလယ်မြေများမဟုတ်သည့်အပြင် သီးစားချထားသည့်လယ်မြေလည်းဖြစ်ပါကြောင်း၊
ထို့ကြောင့် မြန်အောင်မြို့နယ်တွင် တပ်မတော်ခလရ(၅၁)မှ သိမ်းယူထားသော မြန်အောင်မြို့အဝင် လမ်းဘေးရှိ လယ်ဧက ၂၀ နှင့် လမ်းဘေးရှိလယ်ဧက ၂၀ နှင့် ထန်းပင် ၁၃၀ ကို မူလပိုင်ရှင်တောင်သူ လယ်သမားများထံ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။
အဆိုပါ မြေနေရာသည် ၁၉၈၀ ခုနှစ် ပြည်သူ့ကောင်စီက စိုက်ပျိုး/မွေးမြူရေး သင်တန်းကျောင်းဖွင့်လှစ်ရန် သိမ်းယူထားသော မြေ ၁၉.၂၇ ဧက ဖြစ်ပြီး ၁၉၈၈ နောက်ပိုင်းတွင် အမှတ်(၅၁) ခြေလျင်တပ်ရင်းက လွှဲပြောင်းရယူထားခြင်း ဖြစ်ပါကြောင်း၊ လယ်မြေကို အခြားနည်းဖြင့် အသုံးပြုခွင့် ရပြီးမြေ ငါးကန် ၄.၄၈ ဧကနှင့် လယ်မြေ ၁၄.၇၉ ဧက ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊
ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စစ်ဆေးတွေ့ရှိချက် သဘောထားအကြံပြုချက်များအရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်သော စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး(၁/၂၀၁၅) မှ အမှတ်(၅၁)ခြေလျင်တပ်ရင်း ပိုင်မြေအဖြစ် မိုးစပါးစိုက်ပျိုးခဲ့သည့် ၁၄.၇၉ ဧကကို စိုက်ပျိုး/မွေးမြူရေး သင်တန်းကျောင်းမြေအဖြစ် သိမ်းဆည်းခြင်းမပြုခင်က လုပ်ကိုင်ခွင့်ရရှိသူ ဦးသာအောင်(ပါ) ရှစ်ဦးအား မူလပိုင်ဆိုင်မှုအရ သို့မဟုတ် ညှိနှိုင်းမှုဖြင့် ခွဲဝေချထားပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးရန် ဆုံးဖြတ်ချက်ပါရှိပါကြောင်း၊ အဆိုပါမြေသည် တပ်မှတိုက်ရိုက်သိမ်းယူ ထားသော မြေမဟုတ်ခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ငါးကန်မြေ ၄.၄၈ ဧကကို ချန်လှပ်ပြီး ကျန်မြေ ၁၄.၇၉ ဧကအား ပြန်လည်စွန်လွှတ်ပေးစေလိုခြင်းတို့ကြောင့် ၁၄.၇၉ ဧကအား ပြန်လည် စွန့်လွှတ် ပေးသွားမည်ဖြစ်ပါကြောင်း၊
ထန်းပင် ၁၃၀ ပင်နှင့်စပ်လျဉ်း၍ လယ်မြေ ၁၄.၇၉ ဧကပေါ်ရှိ ထန်းပင် ၈၉ ပင်နှင့် ငါးကန်မြေ ၄.၄၈ ဧကရှိ ဘောင်ပေါ်တွင် ထန်းပင် ၂၈ ပင်ရှိပြီး စုစုပေါင်း ထန်းပင် ၁၁၇ ပင်ရှိသဖြင့် တပ်မှရင်းနှီးငွေဖြင့် လက်ရှိဆောင်ရွက် လျက်ရှိသော ငါးကန်မြေ ၄.၄၈ ဧကအား စွန့်လွှတ်ပေးခြင်းမပြုဘဲ ကျန်လယ်မြေ ၁၄.၇၉ ဧကနှင့် ထန်းပင် ၈၉ ပင်တို့အား ပြန်လည်စွန်လွှတ်ပေး သွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
