(င)-ဆိုင်ကယ်လိုင်စင်ကိုလွယ်ကူစွာပြုလုပ်နိုင်ရေး၊ လိုင်စင်မဲ့ ဆိုင်ကယ်များ အလိုအလျောက် ပျောက် ကွယ်ရေးတို့အတွက် မည်ကဲ့သို့ စီစဉ်မည်ကို သိ လိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၉.၉.၂၀၁၄)

ဦးမြင့်စိုး (ပျော်ဘွယ်) ယနေ့ဆိုင်ကယ်များကို ဥပဒေအရ ဖမ်းဆီးရာတွင် ယခင်က ညွှန်ကြားထားသကဲ့သို့ အစီးရေ ကန့်သတ်ချက်များဖြင့် သတ်မှတ်ဖမ်းဆီးစေခြင်းမျိုးသည် မသင့်လျော်တော့ပါကြောင်း၊  ယင်းကဲ့သို့ ဖမ်းဆီးစေခြင်းဖြင့် ပြည်သူများနှင့် ပဋိပက္ခများဖြစ်ပေါ်နိုင်သည့် အသွင်မပေါ်ပေါက်ခြင်းများလည်း ရှိခဲ့ပါကြောင်း၊  ဆိုင်ကယ်/ ကားလိုင်စင်များ ပြုလုပ်ရာတွင်လည်း အမှန်တကယ် ကုန်ကျမည့်စရိတ်များကို သတင်းစာနှင့် ရုပ်မြင်သံကြားများနှင့် က.ည.န ရုံးများတွင်လည်း ကပ်ထားပေးရန်ဖြစ်ပြီး ပိုမိုတောင်းခံမှုရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးစာတန်းများကို ကပ်ထားပေးစေလိုပါကြောင်း၊ ထို့ကြောင့် (က) အများပြည်သူတိုင်း ဆိုင်ကယ်လိုင်စင်လုပ်နိုင်ရန် ကျသင့်သော အခွန်နှုန်းထား၏ သုံးပုံတစ်ပုံသို့ လျှော့ချပေးသင့်ကြောင်း၊ (ခ) ရံဖန်ရံခါ စစ်ဆေးပညာပေးခြင်း၊ အသိတရားနှင့်လိုက်နာအောင် ကြပ်မတ်မည့် အစား စဉ်ဆက်မပြတ်စစ်ဆေး၍ မြင့်မားသော ဒဏ်ကြေးများတပ်ရိုက်ခြင်းသည် ပြည်သူများထံမှ ငွေရှာသကဲ့သို့ဖြစ်နေကာ ပြည်သူများ ဆင်းရဲကျပ်တည်းမှု ဖြစ်လာနိုင်သဖြင့် ရံဖန်ရံခါ ရုတ်တရက် စစ်ဆေးခြင်းသာပြုလုပ်သင့်ကြောင်း၊ ဒဏ်ကြေး သုံးသောင်းသည်လည်း အလွန်များပြားသည့်အတွက် ပြည်သူ များပေးဆောင်နိုင်မည့် နှုန်းထားတစ်ခုသို့ လျှော့ချသင့်ကြောင်း၊ (ဂ) လိုင်စင်များပြုလုပ်ရာတွင် ပျော်ဘွယ် မ.ထ.သ ရုံးတွင် ပျော်ဘွယ်မြို့နေပြည်သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သင်တန်းများဖွင့်လှစ်၍ လိုင်စင်ပြုလုပ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုး ပေးခြင်းကိစ္စများကို ရွေ့လျားစနစ်ဖြင့် ၂ လတစ်ကြိမ် ဆောင်ရွက်ပေးရန်ကိုလည်းကောင်း (ဃ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးအစီအစဉ်များကို အများပြည်သူ နားဝင်သိရှိနားလည်လိုက်နာနိုင်အောင် ပညာပေးဟောပြောပွဲများ ကျေးလက်အထိ ဟောပြောစေလိုကြောင်း၊ (င) လိုင်စင်မဲ့ဆိုင်ကယ်များ နယ်စပ်မှ တရားမဝင် မဝင်ရောက်နိုင်ရန် အတွက် နိုင်ငံခြားကုမ္ပဏီများကို မြန်မာနိုင်ငံအတွင်းသို့ ဆိုင်ကယ်ထုတ်လုပ်ခွင့် လွယ်ကူစွာ ထုတ်လုပ်နိုင်ရန်အတွက် ချပေးခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိပြီး လိုင်စင်များကို ဈေးနှုန်းသင့်တင့်စွာ ချပေးပါက ယခုကဲ့သို့ နယ်စပ်မှတင်သွင်းသော လိုင်စင်မဲ့များ အလိုအလျောက် ပျောက်ကွယ် သွားမည်ဖြစ်ပါကြောင်းကို ပြည်သူများမှ တင်ပြလာပါသဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း
အဖြေ

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်သိန်း

နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိနေသော လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ One Stop Servic စနစ်ဖြင့်၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ နောက်ဆုံး အကြိမ်အဖြစ် သတ်မှတ်၍ ဆောင်ရွက် ပေးခဲ့ရာ ယာဉ်စီးပေါင်း ၄၅၁၆၀၈ စီး မှတ်ပုံတင်ဆောင်ရွက် ပေးနိုင်ခဲ့ပြီးတော့ ရမည်းသင်းခရိုင် အတွင်းမှာ ၅၃၈၄ စီး မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊

One Stop Servic ထပ်မံပြုလုပ်ပေးပါက ပြည်သူများ ဆိုင်ကယ်လိုင်စင်ပြုလုပ်နိုင်ရန် အတွက် ကျသင့်အခွန် နှုန်းထားများ၏ သုံးပုံတစ်ပုံသို့ လျှော့ချပေးသင့်ကြောင်း မေးမြန်းချက်နှင့် စပ်လျဉ်းပြီး ယခုပြုလုပ်ခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည့်အတွက် ထပ်မံပြုလုပ်ပေးရန်  အစီအစဉ်မရှိပါကြောင်း၊ မှတ်ပုံတင်မဲ့ မော်တော် ဆိုင်ကယ်များကို စိစစ်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ တိုက်ရိုက် တာဝန်ယူကြီးကြပ်သွားမည်ဖြစ်ပြီး မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ စိစစ်တွေ့ရှိပါက ဒေသပေါက်ဈေး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ၎င်းတန်ဖိုးထက် မနည်းသော ဒဏ်ကြေးကို သက်ဆိုင်ရာ အစိုးရဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်းကို သတင်းစာ များတွင် အသိပေးကြေငြာ ထားပြီးဖြစ်ပါကြောင်း၊ တရားဝင် နည်းလမ်းဖြင့် မော်တော်ဆိုင်ကယ်များ တင်သွင်းမယ်ဆိုပါက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း၊ အကောက်ခွန် ၅ ရာခိုင်နှုန်းသာ ပေးဆောင် ရမှာဖြစ်ပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ ပြည်သူများယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းလိုက်နာစေရန်အတွက် ၂၂-၇-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ (၇/၂၀၁၄)အား ထုတ်ပြန်ခဲ့ပါတယ်။ မည်သူမဆို ဤအမိန့်ကြော်ငြာစာပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့စည်ပင်သာယာရေးနယ်နိမိတ်တွင် ဖောက်ဖျက် ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့များ ဥပဒေပုဒ်မ-၉၁ အရ ထိုသူကို ငွေဒဏ်အနည်းဆုံးကျပ်သုံးသောင်းမှ အများဆုံး ကျပ်တစ်သိန်းထိ ချမှတ်ခြင်းခံရမှာဖြစ်ပါကြောင်း၊ သတ်မှတ် ထားသော  ဥပဒေ၊ စည်းကမ်း မလိုက်နာသူများကို ပျော်ဘွယ်မြို့နယ်မှ သတ်မှတ်ဒဏ်ကြေးငွေ အနည်းဆုံးကို တပ်ရိုက်ခြင်းဖြစ်ပါကြောင်း၊

မြင့်မားသော ဒဏ်ကြေးငွေများ တပ်ရိုက်စစ်ဆေးနေခြင်းသည် ပြည်သူများထံမှ ငွေရှာနေခြင်း မဟုတ်ဘဲနှင့် အများပြည်သူအနေဖြင့် ဥပဒေလိုက်နာခြင်း အလေ့အကျင့်ကောင်းများ မွေးမြူနိုင်ရန်၊ တရားဝင်နည်းလမ်းဖြင့် မော်တော်ဆိုင်ကယ်များ တင်သွင်းလာစေရန်၊ ယာဉ်တိုက်ခိုက်မှုအန္တရာယ် လျော့နည်းကျဆင်းစေရန်နှင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများ လျော့နည်းစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပျော်ဘွယ်မြို့နေ ပြည်သူများ လုပ်ထုံးလုပ်နည်းနှင့်အညီ သင်တန်းများဖွင့်လှစ်၍ ယာဉ်မောင်းလိုင်စင်ပြု လုပ်ပေးခြင်း၊ ယာဉ်လိုင်စင် သက်တမ်းတိုးခြင်းကိစ္စများကို နယ်လှည့်ရွေ့လျားစနစ်ဖြင့် လိုအပ်ချက်နှင့် လုပ်ငန်း ပမာဏအပေါ် မူတည်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဟောပြောပွဲများအား ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်များရှိ စုစုပေါင်း ကျေးရွာစုစုပေါင်း ၅၆၃ ရွာသို့ ဟောပြောရန် ဝန်ထမ်း မမျှတခြင်းကြောင့် အကန့်အသတ်ရှိပြီး ခက်ခဲမှာဖြစ်ပါကြောင်း၊ သို့သော် သက်ဆိုင်ရာဒေသတာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးဟောပြောပွဲကျင်းပ စေလို ကြောင်း ညှိနှိုင်းအကြောင်းကြား၍ ဆီလျော်သော အရေအတွက်တက်နိုင်အောင် စီစဉ်ပေးနိုင်ပါက အတတ်နိုင်ဆုံး ကွင်းဆင်းဆောင် ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ယခင်က မော်တော်ဆိုင်ကယ်များ တင်သွင်းရန် သွင်းကုန်လိုင်စင်များ လျှောက်ထား ရယူရာတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန(ရုံးချုပ်)သို့ လာရောက်လျှောက် ထားရယူခြင်းမှ ယခုအခါ ဆိုင်ကယ်တင်သွင်းမှုများ ပိုမိုမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာ နယ်စပ် စခန်းရုံးများမှ ရုံးချုပ်သို့ ကြေးနန်းဖြင့် တင်ပြခွင့်ပြုချက် ရယူစေကာ နယ်စပ်စခန်းများပင် ဆိုင်ကယ် တင်သွင်းခွင့်လိုင်စင်များကို ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများနှင့် အညီ လျင်မြန်စွာခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။