(ဃ)-မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)လားဟူရွာ၊ ကျေးရွာအမက အဆောက်အဦဟောင်းအား ဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂ ) ရက်မြောက်နေ့ (၂၃.၃.၂၀၂၀)

 

မိမိတို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာ အုပ်စုတွင် ဝမ်ကောင်း(၁)ဆိုသည့် လားဟူတိုင်းရင်းသား လူမျိုးများ အများဆုံးနေထိုင်သည့် ကျေးရွာ တစ်ရွာရှိပါကြောင်း၊ ၎င်းကျေးရွာ၌ အိမ်ခြေ ၃၈ အိမ်၊ အိမ်ထောင်စု ၄၀ စုရှိပြီး များသော အားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ သစ်ဉသစ်ဖုနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်း၊ ကျွဲ၊ နွား၊ ဆိပ်၊ ဝက်မွေးမြူခြင်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုခြင်းမှ အေးချမ်းတည်ငြိမ်စွာနေကြသည့် တိုင်းရင်းသားကျေးရွာတစ်ရွာလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မြစိမ်းရောင် စီမံကိန်း တစ်ခုရှိသည့်အပြင် ဘာသာအရေးအဆောက်အဦးတစ်ခု၊ အခြေခံပညာ မူလတန်းကျောင်းခွဲ တစ်ကျောင်း ရသည့်ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ ပညာရေးကို လိုလားပြီး  ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် ၎င်းရွာတွင်ရှိသည့် ကျောင်းသူ ကျောင်းသား များအားလုံး ပညာသင်ကြားခဲ့သည့် အတွက် နိုင်ငံတော်အစိုးရကနေပြီး ထိုကျောင်းကို ကိုယ်ထူ ကိုယ်ထအခြေခံပညာမူလတန်း ကျောင်းမှ အခြေခံပညာ မူလတန်းကျောင်းခွဲအထိ အဆင့်မြှင့်ပြီး ကျောင်းဖွင့်လှစ်ခွင့်ရရှိသည့် ကျေးရွာဖြစ်ပါကြောင်း၊ သို့သော် ၎င်းကျေးရွာတွင် စံချိန်ပြည့်မီအောင် ကျောင်းအဆောက်အဦများ အမိုးများ၊ အကာများ ပြည့်စုံလုံလောက်အောင် မရှိပါကြောင်း၊ ဆရာမနှစ်ဦးနှင့် ကျောင်းသူကျောင်းသား ၃၆ ဦးအတွက် ပညာသင်ကြားရေး၊ သင်ယူရေးကိစ္စတွင် များစွာသောအဟန့်အတား အခက်အခဲများ  ဖြစ်ပေါ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင့် ရှမ်းပြည်နယ်၊ မိုင်းပျဉ်း မြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စုတွင်ရှိသည့် ဝမ်ကောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် စံချိန်ပြည့်မီပြီး အမိုး၊ အကာ လုံခြုံသည့် စာသင် ကျောင်းအဆောက်အဦတစ်ခု ဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေခွဲဝေပေးမှုတွင် မိုင်းပျဉ်းမြို့နယ်အတွင်းမှ လွှတ်တော်ကတိအရဆောင်ရွက်ပေးရမည့် ကျောင်းတစ်ကျောင်း၊ အန္တရာယ်ရှိကျောင်းဆောင် ဖျက်သိမ်း၍ အသစ်ဆောက်ပေးရန် ကျောင်းတစ်ဆောင်၊ ကျောင်းသားဦးရေအရ တိုးချဲ့အသစ် ဆောက်လုပ်ရန်တစ်ကျောင်း၊ သိပ္ပံဆောင်ဆောက်လုပ်ရန်တစ်ကျောင်း၊ ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်ရန်တစ်ကျောင်း စုစုပေါင်းငါးကျောင်းအတွက် ငွေကျပ် ၄၃၃.၂၀၀ သန်းခွဲဝေပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စုမှ ပညာရေးဝန်ကြီးဌာန၏ အမည် စာရင်းအမှန်ဖြစ်သော ဝမ်းကောင်း(၁)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲဖြစ်ပြီး ယခု ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးထားသည့် ကျောင်းဖြစ်ပါကြောင်း၊ အဆိုပါကျောင်းသည်(၂၀ x ၁၆)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ် ဥပဓိရုပ်မကောင်းသော ကျောင်းဆောင်တစ်ဆောင်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း၂၇ ဦးရှိပါကြောင်း၊

ကျောင်းဆောင် ဥပဓိရုပ်မကောင်းသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အထူး စိတ်မကောင်းပါကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း (၁) ကျေးရွာအခြေခံပညာမူလတန်းကျောင်းရှိ ဥပဓိရုပ် မကောင်းသော ကျောင်းဆောင်ကိုဖျက်သိမ်းပြီး (၆၀ x ၃၀) ပေ  တစ်ထပ်ဆောင်တစ်ဆောင် ဆောက်လုပ် ပေးရန်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း တည်ဆောက်ရေး ရန်ပုံငွေခေါင်းစဉ် အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်းပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။