ခန္တီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျောက်စိမ်းလုပ်ကွက်များတွင် မည်သည့်ကုမ္ပဏီများမှ လုပ်ကိုင်ခဲ့ သည်၊ လုပ်ကွက်တစ်ခုချင်းမှ ကျောက်စိမ်းမည်မျှစီရသည်ကို ရာဖြတ်အဖွဲ့၏ မှတ်တမ်းနှင့်တကွ သိလို ခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၅-၉-၂၀၁၅ ရက်နေ့ ရတနာမြေကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန်မေးမြန်းခဲ့ရာတွင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျောက်မျက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီစဉ် ဆောင်ရွက်ထား သည့်အတွက် ပြန်လည်ပြင်ဆင်သတ်မှတ်ရန် အစီအစဉ် မရှိကြောင်းကိုဖြေကြားခဲ့ပါသည်။
ကျောက်စိမ်းလုပ်ကွက်များသည် တစ်ဧကလုပ်ကွက်ကို စက်ယန္တရားများ သုံးစွဲခွင့်ရရှိပါကြောင်း၊ ရွှေလုပ်ကွက်မှာ ဧက ၂၀ မှသာလျှင် စက်ယန္တရားများကို သုံးစွဲခွင့်ရှိပါကြောင်း၊ ရွှေလုပ်ကွက်လျှောက်ထားသည့် နေရာတွင် ယာမြေ၊ စိုက်ပျိုးမြေ၊ သုဿန်မြေများကို လျှောက်ထားခွင့်မရှိပါကြောင်း၊ ကျောက်စိမ်းဧရိယာအတွင်း ကျရောက်သည့် မြေများမှာ လျှောက်ထားခွင့်ရှိပါကြောင်း၊ ထို့ကြောင့် ဒီကျောက်စိမ်းအတွင်း ကျရောက်နေသော မြေကွက်များကို ကုမ္ပဏီများအနေဖြင့် ကျောက်စိမ်းလုပ်ကွက် လျှောက်ထားပြီး ရွှေတွေတူးနေသည်ဟု အများပြည်သူမှ သိနေပါ ကြောင်း၊ ဥပဒေအရ ကျောက်စိမ်းတူးရင်း ရွှေထွက်သည်ဆိုလျှင် ရွှေခံမြေကွက်ကို ပြန်ပြီးလျှောက်ထားရပါကြောင်း၊ ၎င်းအခွင့်အရေးကို အသုံးချပြီး ရွှေမထွက်သည့် နေရာများတွင် ကျောက်စိမ်းမထွက်သည့်နေရာ ကျောက်စိမ်းလုပ်ကွက် လျှောက်ထားပြီး ရွှေတူးနေခြင်းသည် အများပြည်သူအတွက် များစွာနစ်နာပါကြောင်း၊ မိမိတို့ ချင်းတွင်းမြစ်မှ ၅ မိုင်အတွင်း ကျောက်စိမ်းလုပ်ကွက် ချထားလုပ်ကိုင်နေသည့် ကျောက်စိမ်းများ၊ ကုမ္ပဏီများအနေဖြင့် ကျောက်စိမ်းရရှိမှုကို ရာဖြတ်မှတ်တမ်းအဖွဲ့၏ စာရင်းဇယားနှင့်တကွ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လွန်ခဲ့သည့် ၂၅-၈-၂၀၁၄ ရက်နေ့ ပြည်သူလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး နဝမနေ့အစီအစဉ်တွင် ခန္တီးရတနာနယ်မြေနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများ စိုက်ပျိုးမြေဖော်ထုတ်ရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် ချင်းတွင်မြစ်မှ ၅ မိုင်အကွာမှ စတင်ဆောင်ရွက်ရန် ဆိုသည့် မေးခွန်းကို ဦးလှထွန်းမှ မေးမြန်းခဲ့သည့် အတွက်ကြောင့် ကျွန်တော် ဒုတိယဝန်ကြီးမှ ဖြေကြားခဲ့ဖူးပါကြောင်း၊ ၁၁-၁၀-၂၀၀၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရအဖွဲ့၏ (၄၀/၂၀၀၁) ကြိမ်မြောက် အစည်းအဝေး၏ သဘောတူညီချက်အရ သတ္တုတွင်းဝန်ကြီးဌာနသည် ၁၈-၁၀-၂၀၀၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၀၁)နှင့် ခန္တီးရတနာနယ်မြေကို သတ်မှတ်ပေးခဲ့ပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ (က) အရ သတ္တုတွင်းဝန်ကြီးဌာနသည် ခန္တီးရတနာနယ်မြေ ကျောက်စိမ်းများ ဖော်ထုတ်လုပ်ကွက်အသစ်များ လျှောက်ထားနိုင်ကြောင်း ကြေညာချက်(၇/၂၀၀၈)နှင့်တကွ ခေါ်ယူခဲ့ပါကြောင်း၊ ယခုလို ခေါ်ယူသည့် အတွက်ကြောင့် လျှောက်ထားသည့် လုပ်ကွက်များကို လုပ်ကိုင်ခွင့် ချထားနိုင်ရေးနှင့် ပတ်သက်ပြီး ၂၅-၉-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါကြောင်း၊ ယခုလို လုပ်ပိုင်ခွင့်များချထားပေးသည့် အခါတွင် သတ္တုတွင်းဝန်ကြီးဌာန တစ်ခုတည်းတစ်ဦးတည်းသဘောနှင့် လျှောက်ထားပေးခဲ့ခြင်းမပြုရပါဘူး၊ တင်ပြလုပ်ကွက်သည် ကျေးရွာမြေ၊ စိုက်ပျိုးမြေ၊ သာသနာ့မြေ၊ သုဿန်မြေ၊ သစ်တောကြိုးဝိုင်းမြေစသည့် ကင်းလွတ်ရမည့် အချက်အလက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ကွင်းဆင်းစစ်ဆေးပြီး လွတ်ကင်းသည့် တိုင်အောင် ဒေသခံပြည်သူများ၏ သဘောထားတောင်းခံရပါကြောင်း၊
မိမိအထက်တွင်တင်ပြခဲ့သည့် လျှောက်ထားခဲ့ကြသော လုပ်ကွက် ၅၈၇ ကွက်အနက် သတ်မှတ်ချက်များနှင့် လွတ်ကင်းသည့် လုပ်ကွက်များကို လုပ်ပိုင်ခွင့်ချထားနိုင်ရေးနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို ဆက်လက်တောင်းခံခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ကွက် ၃၃၂ ကွက်အတွက်သာ ကန့်ကွက်ရန်မရှိကြောင်း သဘောထားပေးပို့ခဲ့သော်လည်း လျှောက်ထားသည့် ကျောက်မျက် ကုမ္ပဏီများအနေဖြင့် အဆိုပြုငွေ မပေးသွင်းနိုင်ရေးနှင့် အခြားအခက်အခဲများကြောင့် အချို့လုပ်ကွက်များကို ရယူခြင်းမရှိကြောင်း ပြန်လည်တင်ပြလာခဲ့ကြပါသည်။ ကြေညာချက် (၇/၂၀၀၈)နှင့် ခေါ်ယူခဲ့သည့် အပေါ်တွင် ကျောက်စိမ်းဖော်ထုတ်လုပ်ကွက် စုစုပေါင်း ၂၈၀ ကွက်ကိုသာ လုပ်ကိုင်ခွင့်ချထားပေးခဲ့ပါကြောင်း၊ ယခုလိုလုပ်ကိုင်ခွင့် ချထားပေးသော်လည်း လုပ်ကိုင်ခွင့်ချထားပေးသည့် လုပ်ကွက် ၂၈၀ ကွက် အနက် ၆၀ ကွက်မှာ အဆိုပြုငွေပေးသွင်းခြင်း မရှိသည့်အတွက် ၆၀ ကွက်ကို ပြန်လည်ပယ်ဖျက်ခဲ့ရပါကြောင်း၊ နောက်ဆုံး ခွင့်ပြုမိန့်ထုတ်ပေးသည့် လုပ်ကွက်အရေအတွက် စုစုပေါင်း ၂၂၀ အတွက် ကျန်ရှိပါကြောင်း၊ ၎င်း ၂၂၀ ကွက်အနက် ချင်းတွင်းမြစ်နှင့် ၂ မိုင်ကနေပြီး ၅ မိုင်ကွာဝေးသည့် ညောင်တစ်လျှောက်မှော် ဒေသခေါ် (နောင်းလီမှော်)နှင့် နတ်မှော်ဒေသခေါ် (ချောင်းသုံးခွမှော်) ရပ်ကွက်တို့တွင် လုပ်ကွက် ၄၅ ကွက်ရှိပါကြောင်း၊ ချင်းတွင်းမြစ်ဘေး တည်ရှိသည့် ညောင်တစ်လျှောက်မှော် နှင့် လင်းဖာမှော်တို့တွင် လုပ်ကွက် ၁၇၅ ကွက်ရှိပြီး အောက်ဖော်ပြပါ ကုမ္ပဏီခုနစ်ခုမှ လုပ်ကိုင်ခွင့်ရရှိခဲ့ပါကြောင်း၊
၎င်းကုမ္ပဏီ ခုနစ်ခုမှာ မင်းထက်ဦးကျောက်မျက်ကုမ္ပဏီ လုပ်ကွက် ၃၀ ကွက် ဖြစ်ပါကြောင်း၊ သဘာဝရွှေကျောက်မျက်ကုမ္ပဏီက ၃၀ ကွက်ဖြစ်ပါကြောင်း၊ ဇမ္ဗူလွင်ကျောက်မျက် ကုမ္ပဏီမှ ၃၀ ကွက်ဖြစ်ပါကြောင်း၊ စွမ်းရည်ထက်မြက်ကုမ္ပဏီမှ ၃၀ ကွက်ဖြစ်ပါကြောင်း၊ ဂရင်းပတ်ကွိုင် ကျောက်မျက်ကုမ္ပဏီမှ ၁၄ ကွက်ဖြစ်ပြီး သော်တာရွှေစင်ကျောက်မျက်ကုမ္ပဏီမှ ၁၁ ကွက်ဖြစ်ပါကြောင်း၊ စန်းသိင်္ဂီ ကျောက်မျက်ကုမ္ပဏီမှ ၃၀ ကွက်ဖြစ်ပါကြောင်း၊ တင်ပြပါကုမ္ပဏီ ခုနစ်ခုသည် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ ရပ်နားထားရာမှ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည့် ၁-၉-၂၀၁၄ ရက်နေ့မှစတင်ပြီး ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီအတွင်း ၎င်းတို့ တရားဝင်လုပ်ခွင့်ရ လုပ်ကွက်များကို တူးဖော်လုပ်ကိုင်ခဲ့ကြပါကြောင်း၊ သို့သော်လည်း ကျောက်စိမ်းရိုင်း ထုတ်လုပ်မှု ရှိခြင်းနှင့်စက်ယန္တရား၊ လုပ်သားအင်အားများအတွက် ကုန်ကျစရိတ်များပြားခြင်းတို့ကြောင့် ၂၀၁၅ ခုနှစ် မေလတွင် ဆက်လက်တူးဖော်ခြင်းမပြုဘဲ ယာယီရပ်နားထားခဲ့ပါကြောင်း၊
ခန္တီးရတနာနယ်မြေတွင် ကျောက်စိမ်းထွက်ရှိသော ပင်မသိုက်နေရာသည် နတ်မှော်နေရာဖြစ်ပါကြောင်း၊ ပင်မသိုက်တည်ရှိရာ နတ်မှော်မှ ချင်းတွင်းမြစ်ဘေးရှိ ရေဆောင်သိုက်ဖြစ်တည်နိုင်သည်ဟု ယူဆထားသည့် ညောင်တစ်လျှောက်မှော်နှင့် ၁၄ မိုင်ခန့် ဝေးပါကြောင်း၊
ကုမ္ပဏီများအနေဖြင့် ရတနာနယ်မြေအတွင်းရှိ ချင်းတွင်းမြစ်ဘေး ပေ ၅၀၀ ဝေးကွာသော နေရာမှစပြီး ဘူမိဗေဒ ဖြစ်တည်မှု သဘောတရားအရ ရေဆောင်သိုက်နေရာအဖြစ် ခန့်မှန်ပြီး ကျောက်စိမ်းထုတ်လုပ်နိုင်မည်ဟု လို့ယူဆပြီး ဖော်ထုတ်လုပ်ကွက်များအဖြစ် လျှောက်ထားတူးဖော် ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ချင်းတွင်းမြစ်ဘေးတွင် ရေဆောင်သိုက် ကျောက်စိမ်းများစုဖွဲ့မှု မရှိသည်ကို တူးဖော်သည့် အခါမှသာ သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီများအနေနှင့် စတင်တူးဖော်ချိန်မှ ရပ်နားသည့်အချိန်အထိ ကျောက်စိမ်းရိုင်း ထုတ်လုပ်နိုင်မှု မရှိသေးကြောင်းကို တွေ့ရပြီး တွင်းဝရတနာခွန် ပေးဆောင်မှု မရှိသေးပါကြောင်းနှင့် ကျောက်စိမ်းထုတ်လုပ်မှု မရှိသေးသည့် အတွက်ကြောင့် ရာဖြတ်အဖွဲ့၏ မှတ်တမ်းများတွင်လည်း ဖော်ပြရန်မရှိ ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးလှထွန်း(ခန္တီးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး လုပ်ကွက်များကို ချထားခဲ့ပါကြောင်း၊ မေလအထိ ဆိုလျှင် တစ်နှစ်နီးပါး ကျောက်စိမ်းများ တူးချခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဒုတိယဝန်ကြီးဖြေကြားသွားသည့် အထဲတွင် တွင်းဝရတနာခွန် ပေးဆောင်မှု မရှိသေးပါကြောင်းဟု ဖြေကြားသွားပါသည်။ ကျောက်စိမ်းမထွက်သည့်ကြောင့် အခွန်မဆောင်ဘူးဆိုသည့် သဘောဖြစ်နေပါကြောင်း၊ ဒါဆိုရင် ချင်းတွင်းမြစ် မြစ်ကမ်းဘေးမှနေပြီး ၅ မိုင်အတွင်း ဆက်လက် ကျောက်စိမ်းလုပ်ကွက်များကို ချထားရန်အစီအစဉ်ရှိ/မရှိ ထပ်ဆင့်မေးခွန်းမေးမြန်းပါသည်။
သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင်
မိမိတို့ဝန်ကြီးဌာနမှ ဒီမြေနေရာများကို နေရာချထားမှု မရှိသေးပါကြောင်း၊ နောင်များတွင် ကျောက်စိမ်းဖြစ်တည်မှု အပေါ်ပြောင်းလဲမှုနှင့် လျှောက်ထားလုပ်ကွက်များရှိလာပါက မိမိတို့ စဉ်းစားပေးမည်ဖြစ်သည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။
