မိမိတို့နိုင်ငံတွင် စာသင်ကျောင်းများ၏ ပညာရေးစနစ်သည် အလွတ်ကျက်ပညာရေးစနစ်ဖြစ်နေပြီး စာမေးပွဲမှာ အမှတ်များများရရှိရန် ဦးတည်နေသော ပညာရေးစနစ်ဖြစ်နေပါကြောင်း၊ ကျောင်းသားလေးများသည် ကျောင်းကြီး စာသင်ချိန်၊ ကျူရှင်ချိန်၊ Guide ဆရာများ၏ အချိန်နှင့် မအားရအောင် စာကိုကြည့်နေကြပါကြောင်း၊ ကလေးသဘာဝအရ ဆော့ကစားရန် ကျောင်းနှင့် အိမ်တွင် ကစားကွင်းလည်းမလုံလောက်၊ အချိန် မရှိလည်းဖြစ်နေကြပါကြောင်း၊ ကလေးများသည် ၎င်းတို့ရသည့်အချိန်မှာပင် ဗီဒီယိုဂိမ်း၊ အင်တာနက်ဂိမ်း ဂိမ်းမျိုးစုံကစားပြီး ဂိမ်းစွဲနေကြသူည်ကို တွေ့သိရပါကြောင်း၊ အချို့ကလေးများကလည်း ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကျဆေးများပါ စမ်းသုံးနေကြပြီး ဆေးစွဲနေကြသည်ကို တွေ့ရပါကြောင်း၊ ကလေးသူငယ်များကို လမ်းမှန်ရောက်အောင် ညွှန်ပြ သင်ကြားပေးရန် မိဘနှင့် ဆရာဆရာမများက တာဝန်ရှိသကဲ့သို့ မူဝါဒချမှတ်ပေးရသည့် မိမိတို့တွင်လည်း တာဝန်ရှိပါကြောင်း၊
ကလေးများ၏ အပြုအမူ၊ အခြေအနေများကို အကဲခတ်နေ၊သိနေပြီး မူဝါဒလမ်းစဉ်များ ချမှတ်ပေးရန် လိုအပ်ပါကြောင်း၊ကလေးများက စာဝန်ပိနေသည့်အတွက် ထွက်ပေါက်ကို နည်းမှန်လမ်းမှန် ရောက်အောင် အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်အောင် အားကစားဘက်ကို ပြောင်းပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းပြီး အဖွဲ့အစည်းနှင့် လုပ်တတ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းစသည့် ဗလငါးတန်အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်ပါကြောင်း၊
ကျောင်းများတွင်လည်း ကာယဆရာများပြည့်စုံအောင် ထားပေးသင့်ပါကြောင်း၊ ထို့အပြင် စာသင်ကျောင်းများတွင် အားကစားပစ္စည်းထောက်ပံ့ခြင်း၊ အားကစားပွဲလုပ်ပေးခြင်း၊ ပံ့ပိုးခြင်းမျာ းပြုလုပ်နေသည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း မိဘများ၊ ဆရာဆရာမများကပါ၊ လူထုကပါ သဘောပေါက်ပြီးပါဝင်ကြရန် လိုအပ်ပါကြောင်း၊ အားကစားလောက ပြန်လည်ဖွံ့ဖြိုးဖို့ အတွက် မူလတန်း၊ အလယ်တန်းမှစ၍ ကိုယ်ကာယလေ့ကျင့်ခန်းများကို အားကစားအချိန်များတွင် အားကစား ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ အားကစားတစ်ခု တစ်စိုက်မတ်မတ်ပြုစုပျိုးထောင် လေ့ကျင့်ပေးပြီး ထူးချွန်လာမည်ဆိုပါက နိုင်ငံတော်အတွက် ထူးချွန်သောအားကစားသမားကောင်းများ ထွက်ပေါ်လာနိုင် ပါကြောင်း၊ ထို့ကြောင့် ရှေ့ကကဲ့သို့ ကျောင်းတွင်း အားကစားပြိုင်ပွဲ၊ ကျောင်းပေါင်း စုံ ကျောင်းသားအားကစားပွဲတော်၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပေးမည်ဆိုပါက ထိုပွဲများမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် စာသင်ကျောင်းများတွင် အားကစားကွင်းများနှင့် ကာယဆရာများ ကိုယ်တိုင်ဖန်တီးပေးနိုင်ခြင်း ရှိ/မရှိ၊ အားကစားချိန်တွင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပုံမှန်ကစားစေခြင်းနှင့် အားကစားနည်းတစ်မျိုးမျိုးကို ထူးချွန်ပါက ဆက်လက်ပြုစုပျိုးထောင်ပြီး သင်ကြားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် ကျောင်းတွင်း အားကစားပွဲများ၊ ကျောင်းသားအားကစားပွဲတော်များ၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံအားကစား ပြိုင်ပွဲများကျင်းပပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျောင်းသား အားကစားပွဲများကို ကျင်းပပေးခြင်းဖြင့် အမျိုးသားပညာရေးဥပဒေပါ ရည်မှန်းချက် တစ်ရပ်ဖြစ်သည့် တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ရှိ၍ ဗလငါးတန် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရမည်ဆိုသည့်အချက်ကို များစွာ အထောက်အကူဖြစ်ပါကြောင်း၊အားကစားဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားကျောင်းသားများ အတွက် ကိုယ်ခန္ဓာနှင့် စိတ်ဓာတ် ဖွံ့ဖြိုးပြီး ကြံ့ခိုင်သန်စွမ်းခြင်း၊ အသင်းအဖွဲ့ဆောင်ရွက်တတ်သော စိတ်ဓာတ်ရှိခြင်း၊ လူမှုရေးနှင့် ပေါင်းသင်းဆက်ဆံရေးတို့တွင် ဝင်ဆံ့စေခြင်းနှင့် ပြေပြစ်စွာနေ တတ်စေခြင်း၊ စည်းကမ်းကို စောင့်ထိန်းတတ်၍ ဥပဒေကို နားလည်တတ်သော အလေ့အကျင့်ရှိခြင်း၊ ဇွဲရှိခြင်း၊ သည်းခံခြင်း၊ ဖြူစင်ဖြောင့်မတ်ခြင်း၊ စဉ်းစားဝေဖန်ကောက်နုတ်ချက်များကို တိုးတက်စေခြင်းနှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်သော အလေ့ အကျင့်ကောင်းများ ရရှိစေမည်ဖြစ်ပါကြောင်း၊
အခြေခံပညာဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ တွင် ပညာသင်ယူဆည်းပူးကြမည့် ကျောင်းသားကျောင်းသူ ကလေးများအတွက် ကျန်းမာပျော်ရွှင်စွာ ကစားနိုင်ရန် မူလကပင် ကျောင်းအားကစားကွင်းများ အတွက် မြေနေရာများကို ထည့်သွင်းလျာထား ဖွဲ့စည်းခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ကျောင်းအဆင့်နှင့်လျော်ညီသော မြေနေရာ အကျယ်အဝန်းရရှိရန် အခက်အခဲရှိလာပါကြောင်း၊တိုးတက်များပြားလာသော ကျောင်းသားဦးရေအရ ကျောင်းဆောင်သစ်များ ထပ်မံဆောက်လုပ်ရခြင်းကြောင့် အားကစားကွင်းဖန်တီးနိုင်မှုကိစ္စမှာ အခွင့်အလမ်း အနည်းငယ် လျော့နည်းလာပါကြောင်း၊ သို့သော်လည်း နောင်လာမည့် တည်ဆောက်ရေးလုပ်ငန်းများတွင် ယင်းအချက်ကို အလေးဂရုပြုပြီး အားကစားကွင်း အတွက် မြေနေရာရရှိရေး ဦးတည် ဆောင်ရွက်သွားပါမည် ဖြစ်ပါကြောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းများတွင် ဖွဲ့စည်းပုံအရ ကာယဆရာခန့်ထားရန် ဖွဲ့စည်းပုံရေးဆွဲထားခြင်းမရှိသော်လည်း ကျောင်းရှိဆရာများက အားကစားချိန်များတွင် ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းများသင်ကြားရာတွင် အနည်းဆုံး ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲအမှတ် (၁)နှင့်အမှတ်(၂)ကို ဖြည့်စွက်သင်ကြားပေးပါကြောင်း၊
အားကစားနည်းများအား လေ့ကျင့်ပေးရာတွင် အနည်းဆုံး အခြေခံအားကစားနည်း (၆) မျိုးဖြစ်သော ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင် အားကစားနည်းစနစ်များကို အခြေခံကစပြီး သင်ကြားပေးလျက်ရှိပါကြောင်း၊ အားကစားပွဲများနှင့် ပတ်သက်၍ ပညာရေးပြက္ခဒိန်ပါ ပညာရေးလုပ်ငန်းများအရ နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လများတွငိ ကျောင်းတွင်းအားကစားပွဲများကိုလည်းကောင်း၊ စက်တင်ဘာလမှာ မြို့နယ်အဆင့် ကျောင်းသား အားကစားပွဲများကိုလည်းကောင်း၊ နိုဝင်ဘာလတွင် ခရိုင်နှင့် တိုင်းဒေသကြီး ကျောင်းသား အားကစားပွဲများကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှာလည်း အားကစားရုံ၊ ဘောလုံးကွင်း၊ ဘတ်စကက်ဘောကွင်းများအား ဘဏ္ဍာငွေရရှိနိုင်သလောက် ဖြည့်ဆည်းပေးခဲ့သကဲ့သို့ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင်လည်း B.Sc(Sports) အားကစားသိပ္ပံဘွဲ့ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး သင်ကြားပေးနေပါကြောင်း၊ ထို့နောက် အဆင့်မြင့်ပညာကဏ္ဍအတွက် ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပသော လာမည့် အာဆီယံတက္ကသိုလ်များအားကစား ပြိုင်ပွဲ (ASEAN University Games) ကို ဝင်ရောက်ယှဉ်ပြိုင်သကဲ့သို့ ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
