ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကြိုးကြာခံကျေးရွာအုပ်စု ကြိုးကြာခံကျေးရွာ အ.ထ.က(ခွဲ)မှ အန္တရာယ်ရှိနှစ်ထပ်ကျောင်းဆောင်အား ပယ်ဖျက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ၁၀၀ x ၃၀ ပေ နှစ်ထပ်ကျောင်းဆောင်သစ် ပညာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံခဲ့ပြီး ယခင်နတ်တလင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွဋ်ဦးက နှစ်ထပ် ကျောင်း ဆောင်သစ်ကို ဦးစားပေး အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်မပြ မေးခွန်း မေးမြန်းခဲ့ရာ ပညာရေးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ၁၀၀ x ၃၀ ပေနှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ငွေကျပ် ၉၆ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ် အောက်မှ လျာထားတင်ပြပြီးဖြစ် ပါကြောင်း ဖြေကြားခဲ့သော် လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၁၁-၂၀၁၅ ရက်စွဲပါစာအမှတ် ၄/၄၃၇ (၂-ပသ/အဖရ(၂၀၁၅)အရ စာရင်းပယ်ဖျက်ခံရသဖြင့် ဖော်ပြပါကျောင်းဆောင်သစ် ဆောက်လုပ် ရန်ငွေ ၉၆ သန်းကို ဘဏ္ဍာငွေလျော့ချဖြတ်တောက် ခံရပါကြောင်း၊ ထို့ကြောင့် ဖြည့်စွက် ရန်ပုံငွေတွင် ပါဝင်နိုင်ရေးအတွက် ထပ်မံတင်ပြတောင်းခံခဲ့သော်လည်း ခွင့်ပြုချက် မရရှိသည့် အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မပေးနိုင်သဖြင့် ကတိကဝပ်စာရင်းမှ ပယ်ဖျက်ပေးပါရန် ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း၊
အဆိုပါကျောင်းဆောင်သည် ၁၉၇၅ ခုနှစ်က ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တာ ဆောက်လုပ် ခဲ့တဲ့သောကျောင်းဖြစ်ပါကြောင်း၊ ဂျိုးကြာကန် အ.ထ.က (ခွဲ)တွင် အဆိုပါအန္တရာယ်ရှိ ကျောင်း ဆောင်၊ ပေ ၁၀၀ x ပေ ၂၀ နှစ်ထပ်ကျောင်းဆောင်နှင့် ပေ ၉၀ x ပေ ၃၀ တစ်ထပ် ကျောင်း ဆောင် စုစုပေါင်း ကျောင်းဆောင်သုံးခု ရှိပြီး အထက်တန်းအဆင့်ကျောင်းသားကျောင်းသူ ၁၀၃ ယောက်၊ အလယ်တန်းအဆင့် ၂၂၈၊ မူလတန်းအဆင့် ၆၈ ယောက်ရှိပါကြောင်း၊ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်သည် တိုင်များ အက်ကွဲခြင်း၊ သံချင်းတွယ်များ ဆွေးပျက်နေခြင်း၊ တိုင်နံရံနှင့် အုတ်နံရံများ ကွဲနေခြင်း၊ ရပ်များကွဲပြီး အထောက်အကူပေးထားနေရခြင်း တို့ကြောင့် စာသင်ကြားနိုင်ခြင်းမရှိဘဲ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ ၂၂၈ ယောက်ကို အ.ထ.က(ခွဲ)နှင့် ၅ ဖာလုံခန့်ဝေးကွာသော သရက်သုံးပင် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ရွှေ့ပြောင်း သင်ကြားနေရပါကြောင်း၊
ထို့ကြောင့် အဆိုပါ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်ကို ပယ်ဖျက်ခွင့်ပြု၍ ကျောင်းဆောင် သစ်ကို မဖြစ်မနေအရေးတကြီးဆောက်လုပ်ရန် လိုအပ်သည့်အတွက် ကြိုးကြာကန် အ.ထ.က(ခွဲ) မှ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်အား ပယ်ဖျက်ခွင့်ပြု၍ ၁၀၀ x ၃၀ ပေ နှစ် ထပ် ကျောင်း ဆောင်သစ်ကို ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။
အဆိုပါ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်နှင့် ပတ်သက်၍ ပထမရန်ပုံငွေလျာထားပြီး ဒုတိယ ရန်ပုံငွေ ပယ်ဖျက်ခံရခြင်း ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းမြို့နယ်၊ ကြိုးကြာကန်ကျေးရွာအုပ်စု၊ ကြိုးကြာကန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေခွဲဝေမှု လျာထားခဲ့ခြင်း မရှိခြင်းကြောင့် ယခု ဘဏ္ဍာနှစ်တွင်တော့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နှစ်ထပ်ကျောင်း ဆောင်သစ် တစ်ဆောင် ဆောင်ရွက်ပေးရန် ရန်ပုံငွေထည့်သွင်းလျာထားပေးထားပြီးဖြစ်ပါကြောင်း၊
မိမိတို့ဝန်ကြီးဌာနကခွဲဝေ ချထားပေးသော ရန်ပုံငွေများသည် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးများရှိ ငွေစာရင်း ခေါင်းစဉ်မဖြစ်သော်လည်း အဆိုပါရန်ပုံငွေများသည် တိုင်ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်စီမံမှု၊ သဘောတူညီမှု၊ ခွင့်ပြုမှုရရှိမှသာ သုံးစွဲနိုင်ခြင်းဖြစ်သည့်အတွက် ယခုလို ကျောင်းဆောင်များဆောက်လုပ်ပေးရန် သို့တည်းမဟုတ် ပြင်ဆင်ပေးရန် တင်ပြမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင်လည်း ဆောင်ရွက်သင့်ပါကြောင်းနှင့် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ သဘောတူခွင့်ပြုချက်ရရှိရန်နှင့် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ စိစစ်ပြီးမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်း ရှေးပြေးရန်ပုံငွေအရ အဆိုပြု ရန်ပုံငွေ၏ ၂၃ ရာခိုင်နှုန်း ခန့်သာ အခြေအနေပေးပါကြောင်းနှင့် ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်ပါက ကောင်းမွန်သလို လွှတ်တော်ကိုယ်စားလှယ်ကြီး၏ တင်ပြချက် အား ဆောင်ရွက်ပေးနိုင်ပါမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။
