(က)-ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများရာထူး တစ်ဆင့်တိုးမြှင့်ရန် ဝန်ကြီးဌာနများတွင် ဥပဒေ၊ နည်းဥပဒေရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၂.၁၁.၂၀၁၆)

ဦးအောင်သိုက် ( ဆိပ်ဖြူမဲဆန္ဒနယ်)ဝန်ကြီးဌာနတိုင်းတွင် ရာထူးတိုးမြှင့်မှု ဥပဒေ၊ နည်းဥပဒေရှိ/မရှိနှင့် ရှိပါက ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိသိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများ ရာထူးတစ်ဆင့်တိုးမြှင့်ရန် ဝန်ကြီးဌာနများတွင် ဥပဒေ၊ နည်းဥပဒေရှိ/မရှိနှင့် စပ်လျဉ်းပြီး ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအားလုံး တစ်ပြေးညီ လိုက်နာကျင့်သုံးနိုင်ရန် နိုင်ငံ့ ဝန်ထမ်း ဥပဒေ (၂၀၁၃ ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ (၂၀၁၄ ခုနှစ်)ကို ထုတ်ပြန်ပြဋ္ဌာန်းခြင်း မပြုမီကပင် ဝန်ထမ်းများအား ရွေးချယ်ခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့် ခံစားခွင့်ပြုခြင်း၊ အရေးယူအပြစ်ပေးခြင်း၊ အငြိမ်းစားခံစားခွင့်ပြုခြင်းစသည့် ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယခင် နိုင်ငံတော် ကောင်စီမှထုတ်ပြန်ထားသည့် ဝန်ထမ်းစည်းမျဉ်း များဆိုင်ရာ ကောက်နုတ်ချက်စာစောင် (၁၉၈၄ ခုနှစ်)၊ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေး လက်စွဲ (၁၉၈၅ ခုနှစ်) တို့ပါ ပြဋ္ဌာန်းချက်များ၊ ယခင် နိုင်ငံတော်ကောင်စီ၏ ၁၅-၆-၁၉၈၀ ရက်စွဲပါ စာအမှတ်၊ ၂၃၀/ညမ-၈၀/ နကစဖြင့် ထုတ်ပြန်ထားသော ဝန်ထမ်းများ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဆောင်ရွက်ခဲ့ကြပါကြောင်း၊

အဆိုပါ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ခေတ်ကာလနှင့် လျော်ညီစေရန် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ဝန်ထမ်းရေးရာကိစ္စရပ်များကို သတင်းရယူအချက်အလက် စုဆောင်းခြင်း၊ သုတေသနပြုခြင်းတို့ကို ဆောင်ရွက်ပြီးနောက် နိုင်ငံ့ဝန်ထမ်းများအားလုံး တစ်ပြေးညီ လိုက်နာကျင့် သုံးနိုင်ရန်အလို့ငှာ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြည်ထောင်စုရာ ထူးဝန်အဖွဲ့က ကနဦးပြုစုရေးသား၍ ဆက်စပ်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့် တင်ပြခွင့်ပြုချက် ရယူ၍ နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် ၈-၃-၂၀၁၃ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းဥပဒေကိုလည်းကောင်း၊ အဆိုပါဥပဒေ ပုဒ်မ ၇၆ ပုဒ်မခွဲ(က)အရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက လက်မှတ်ရေးထိုးပြီး အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၁၄ ဖြင့် ၂၆-၃-၂၀၁၄ ရက်နေ့တွင် လည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ နိုင်ငံ့ဝန်ထမ်း ဥပဒေ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ပုဒ်မ ၂၃ မှ ပုဒ်မ ၃၀ အထိလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို နည်းဥပဒေ ၂၆ မှ နည်းဥပဒေ ၅၀ အထိလည်းကောင်း တိတိကျကျ ထည့်သွင်းသတ်မှတ် ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း။

ဥပဒေ၊ နည်းဥပဒေအတိုင်း ဆောင်ရွက်ထားခြင်းရှိ/မရှိကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို ရာထူးတိုးမြှင့်ခန့် ထားရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဆောင်ရွက်ရမည် ဖြစ်သဖြင့် ပေါင်းစပ်ဖြေကြားရမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို ညှိနှိုင်းရယူခဲ့ပါကြောင်း၊အဆိုပါ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ ရာထူးတစ်ဆင့်တိုးမြှင့်ရန်အတွက် သီးခြားဥပဒေ၊ နည်းဥပဒေမရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း အားလုံး အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ သတ်မှတ်ပြဋ္ဌာန်းချက် နှင့်အညီ အရည်အချင်းစစ်ဆေးအကဲဖြတ်ပြီး အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ဦးစီးဌာန(၄)ခုမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ ပါဝင်ဖွဲ့စည်းထားသော ဝန်ထမ်းရေးရာ ကော်မတီသို့ ဦးစွာတင်ပြပါကြောင်း၊ ဝန်ထမ်းရေးရာကော်မတီမှ သဘောတူညီပါက ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်တင်ပြ၍ အတည်ပြုချက်ရယူပြီးမှသာ ရာထူးတိုးမြှင့်ပေးခြင်းဖြစ်ပါကြောင်း ပြန်ကြားလာခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများအား ရာထူးတိုးမြှင့်ခန့်ထားရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၌ သီးခြားဥပဒေ၊ နည်းဥပဒေ များ ပြဋ္ဌာန်းထားခြင်းမရှိဘဲ နိုင်ငံ့ဝန်ထမ်းများအားလုံး တစ်ပြေးညီ လိုက်နာကျင့်သုံးနိုင်ရန်အလို့ငှာ လွှမ်းခြုံပြဋ္ဌာန်းထားရှိသော နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော  နိုင်ငံ့ဝန်ထမ်းများကို ရာထူးတိုးမြှင့် ခန့်ထားရေးနှင့်စပ်လျဉ်း၍ ယခင်ဆောင်ရွက်ခဲ့မှုများနှင့် လက်ရှိ ဆောင်ရွက်နေမှု အခြေ အနေများ ကို ဆွေးနွေးတင်ပြခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရာထူးတိုးမြှင့် ခန့်ထားရေးကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်းနှင့် ပြည့်စုံမှုမရှိခြင်း၊ ကျွမ်းကျင်မှုအရည်အချင်းနှင့် ပြည့်စုံမှုမရှိခြင်း၊ သတ်မှတ် လက်ရှိရာထူး သက်မပြည့်မီခြင်း၊ တိုးမြှင့်ခန့်ထားရမည့်ရာထူးနေရာ လစ်လပ်မှုမရှိခြင်း၊ ရာထူးနေရာ လစ်လပ် သော်လည်း ရာထူးစုအမျိုးအစားမတူညီခြင်းတို့ကြောင့် ရာထူးတိုးမြှင့်မပေးနိုင်သည့် အကြောင်းအရင်းများလည်း ရှိနိုင်ပါကြောင်း၊

ယခင် ဝန်ထမ်းစည်းမျဉ်းများဆိုင်ရာ ကောက်နုတ်ချက်စာစောင် ယခု နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၌ ဝန်ထမ်းများ ရာထူးတိုးမြှင့်ခန့်ထားရာတွင် ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံ၍ တိုးမြှင့်ခန့်ထားမည့်ရာထူးတာဝန်ကို နိုင်နင်းစွာထမ်းဆောင်နိုင်မည့် ဝန်ထမ်းများကို အရည်အချင်း စစ်ဆေးအကဲဖြတ်ရွေးချယ်ပြီး ရာထူးတိုးမြှင့်ပေး ရမည်ဟု ပြဋ္ဌာန်းထားရှိချက်အရ သတ်မှတ်ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ လက်ရှိ ရာထူးသက်၊ လုပ်သက်တို့နှင့် ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးတိုးမြှင့်ပေးရေးအတွက် အရည်အချင်း စစ်ဆေးရာတွင် ရေး/ဖြေစစ်ဆေးခြင်း၊ လက်တွေ့စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ လုပ်သက်အမှတ်ပေးခြင်းနှင့် အကဲဖြတ် အမှတ်ပေးခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ အကဲဖြတ်အမှတ်ပေးရတွင် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် အပေါ် တည်မှီ၍ အမှတ်ပေးပြီး  အမှတ်အများ/အနည်းအလိုက် တန်းစီဇယား ရေးဆွဲကာ တိုးမြှင့်ခန့်ထားပေးလျက် ရှိပါကြောင်းနှင့် လုပ်သက်အမှတ်အနေဖြင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နည်းဥပဒေ ၃၆ နည်းဥပဒေခွဲ(ခ)ပါ အမှတ်ပေးသတ်မှတ်ချက်နှင့်အညီ လုပ်သက် အနည်း/အများအပေါ် မူတည်၍ အမှတ်ရရှိမည်ဖြစ်ပြီး လုပ်သက်များသော်လည်း အရည်အချင်း စစ်ဆေးအကဲဖြတ် အမှတ်များတွင် တူညီနိုင်မည်မဟုတ်ပါကြောင်း။

ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ အရည်အချင်းနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကို အခြေပြု၍ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရန် အကဲဖြတ် အမှတ်ပေးရာတွင် လုပ်ငန်း သဘောသဘာဝများပေါ် တည်မှီ၍ တစ်ပြေးညီလိုက်နာ ကျင့်သုံးနိုင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဦးဆောင်၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၃၅ နည်းဥပဒေခွဲ (ဆ)နှင့် နည်းဥပဒေ ၄၇ တို့ပါ စိစစ်အကဲဖြတ်အမှတ်ပေးရမည့် အရည်အချင်း သတ်မှတ်ချက်များအပေါ် တစ်ချက်ချင်းအလိုက် အသေးစိတ်ဖြည့်စွက်မည့် သတ်မှတ်ချက်များကို ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက တစ်ပြေးညီလိုက်နာကျင်‌့သုံးနိုင်ရန် ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေးအတွက် ၈-၁၁-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးသို့ တင်ပြစီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။ ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများရှိ ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးအဆင့်ရှိ လစာနှုန်းတူ ရာထူးအဆင့်များအား ရာထူးတိုးမြှင့် ခန့်ထားနိုင်ရေးအတွက် အကဲဖြတ်မှတ်တမ်းနှင့် တန်းစီဇယားများကို ၉-၈-၂၀၁၆ ရက်စွဲပါစာဖြင့် ညှိနှိုင်းရယူခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အကဲဖြတ်မှတ်တမ်းနှင့် တန်းစီဇယားများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပြီး ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကိုလည်း သိရှိနိုင်ပါရန် ရှင်းလင်းဖြေကြားပါသည်။