ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက် အခန်း(၁) အပိုဒ် ၂၁(က)၊ အပိုဒ် ၃၆ (ဃ)၊ ပုဒ်မ ၃၇(ဂ)တို့အရ လည်းကောင်း၊ ပုဒ်မ ၃၅၆၊ ပုဒ်မ ၄၄၅ အရ ပြည်သူပိုင်သိမ်းခံရသော ဦးနေဝင်း အမှတ် (၂၂၈)၊ အနော်ရ ထာလမ်း၊ လမ်းမတော်၊ ရန်ကုန် မြေညီထပ်၊ ဦးသံချောင်း အမှတ်(၅၈)၊ ပထမလမ်းနှင့် နေသူရိန် လမ်းထောင့် နှစ်ထပ်အိမ် ဖျာပုံမြို့များအပြင် ပြည်သူများထံမှပြည်သူပိုင်သိမ်းထားသည်များ ပြန်လည်မရရှိ သေးသော ကိစ္စရပ်များအတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က ပြည်သူပိုင် သိမ်းယူထားသည်များကို အမိန့်ကြော်ငြာစာတွေထုတ်ပြန်၍ ပြန်လည်ပေးအပ်ရန် ထုတ်ပြန်ခဲ့သော်လည်း အမိန့်ကြော်ငြာစာနှင့် ဆန့်ကျင်ပြီး မပေးဘဲထားရှိမှုများ ရှိပါကြောင်း၊ ယခင် အစိုးရက ချမှတ်ထားသည့် အမိန့်များကို မျက်ကွယ်ပြုပြီး ပြည်သူပိုင်သိမ်းတိုက်ခန်းများအား ဝန်ကြီးဌာနများအနေနှင့် ပြန်လည် ပေးအပ်ခွင့်မရှိကြောင်း ပုံစံ(၃)ပေးထားသောအခန်းဖြစ်၍ ပြည်သူပိုင်သိမ်းခံအဆောက်အအုံအား စီမံ ခန့်ခွဲမှုကို နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက် ရမှသာ ဆောင်ရွက်နိုင်ပါကြောင်းကို သမဝါယမဝန်ကြီးဌာနက ဖြေကြားလာခဲ့ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်ကို မေးမြန်းပါကြောင်း တင်ပြမေးမြန်းပါသည်။
ြ
ပည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီအား ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်ရေး အတွက် ၁၉၆၃ ခုနှစ်တွင် လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ရေးဥပဒေပြဋ္ဌာန်းပြီး အမိန့် ကြော်ငြာစာအမှတ် ၃၉ ဖြင့်လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် ၄၉ ဖြင့်လည်းကောင်း တစ်ပြည်လုံးရှိ စားကုန်၊ ဝတ်ကုန် နှင့် အထွေထွေသုံးကုန်များကို ရောင်းဝယ်ဖောက်ကားသော လက်ကားဆိုင်များ၊ ပွဲရုံများ၊ ဆိုင်ကြီးများ၊ ကုန်တိုက်များနှင့် ယင်းပစ္စည်းများကို သိုလှောင်သည့် ဂိုဒေါင်များ၊ အထွေထွေ စတိုးကြီးများကို ပြည်သူပိုင်သိမ်းဆည်းခဲ့ပါကြောင်း၊ ပြည်သူပိုင်ပြုလုပ်ခဲ့သောအခန်း၊ အဆောက်အအုံများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဝန်ကြီးချုပ်ရုံး၏ ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာအမှတ် ၂၇၇ အရ အစိုးရက ဆက်လက်အသုံးပြုမည့် အဆောက် အအုံများကို လျှော်ကြေးပေးခြင်းနှင့် အစိုးရကအသုံးမပြုသော အဆောက်အဦများအတွက် တရားဝင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးခြင်းကိစ္စရပ်များကို ကုန်သွယ်ရေးဝန်ကြီးဌာနကလည်းကောင်း၊ တပ်မတော် အစိုးရလက်ထက်တွင် အတွင်းရေးမှူး-၁ ဥက္ကဋ္ဌအဖြစ်ပါဝင်သော နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ကလည်းကောင်း ပြည်သူပိုင်သိမ်းအခန်း၊ အဆောက်အအုံများနှင့် စပ်လျဉ်း၍ စီမံ ဆောင်ရွက်ခဲ့ပါကြောင်း၊
သမဝါယမအသင်းများက အသုံးပြုလျက်ရှိသော ပြည်သူပိုင်သိမ်းအခန်းများကို ပြန်လည်လွှဲပြောင်းပေးရန် ပုံစံ(၃)ရရှိထားသူ မူလပိုင်ရှင်များက တင်ပြတောင်းခံလာမှုများနှင့် ပတ်သက်၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး-၂ ဒုတိယဗိုလ်ချုပ်ကြီး တက်ရောက်သော ညှိနှိုင်းအစည်းအဝေးကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် သမဝါယမ ဝန်ကြီးဌာနက ကျင်းပခဲ့ပါကြောင်း၊ ယင်းအစည်း အဝေးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးချုပ် အေဘယ်လ်က ၁၉၆၄ ခုနှစ်၌ ကုန်သွယ်ရေးဝန်ကြီးဌာနက တစ်ပြည်လုံးရှိလုပ်ငန်းအားလုံးကို မှတ်တမ်း မှတ်ရာများဖြင့် ပြည်သူပိုင်သိမ်းဆည်းခဲ့သော်လည်း သိမ်းဆည်းခဲ့သော ပုဂ္ဂိုလ်များအနေဖြင့် ၎င်းတို့ လက်ဝယ်တွင် မှတ်တမ်းမှတ်ရာများမရှိခဲ့ကြောင်း၊
၁၉၇၆ ခုနှစ် ပြည်သူပိုင်သိမ်းအဆောက်အဦများနှင့်ပတ်သက်၍ သိမ်းဆည်းထားသော အထောက်အထား သဘောမျိုးဖြစ်သည့် ပုံစံ ၃ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကိုအကြောင်းပြပြီး အကြိမ်ကြိမ် လျှောက်ထားခြင်း ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည့်အပြင် ၁၉၉၇-၁၉၉၈-၁၉၉၉ ခုနှစ်များတွင် သမဝါယမဝန်ကြီးဌာနမှ စီမံသုံးစွဲလျက်ရှိသော ပြည်သူပိုင်သိမ်း အခန်း၊ အဆောက်အဦများမှ ၇၄ ခုကို မူလပိုင်ရှင်များသို့ ပြန်လည် လွှဲပြောင်းခွင့်ပြုရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သို့တင်ပြခဲ့ရာ ပြည်သူပိုင်သိမ်းခဲ့သောဆိုင်ခန်းများကို တန်ဖိုးသတ်မှတ်ပြီး ရောင်းချခြင်းသာဖြစ်ပြီး မူလပိုင်ရှင်ပိုင်ရှင်အနေဖြင့် ဝယ်ယူရန်အဆိုပြုသည့်ဈေးနှုန်းကို လိုက်၍ပေးနိုင်ပါက ဦးစားပေးရောင်းချခြင်းသာဖြစ်ကြောင်း။ ထို့ကြောင့် တင်ပြချက်ကို ခွင့်မပြုနိုင် ပါကြောင်းနှင့် ပြန်လည် ရုပ်သိမ်းရန်မိန့်ကြားခဲ့ပြီး ပြည်သူပိုင်သိမ်းထားသော စက်ရုံ၊ အလုပ်ရုံ၊ အဆောက် အဦနှင့် မြေနေရာများကို မူလပိုင်ရှင်များက လွှဲပြောင်းပေးရန် လျှောက်ထားလာပါက ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း မူ အဖြစ် ချမှတ်လမ်းညွှန်ခဲ့သည့်အတွက် ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်များတွင် စာရင်းစစ်ချုပ်ဦးဆောင်သည့် နိုင်ငံတော်ပိုင်အဆောက် အဦများ ရောင်းချရေးကော်မတီက နိုင်ငံပိုင်ပစ္စည်းများ၊ နိုင်ငံတော်ပိုင်အဆောက်အဦများအား ထုခွဲရောင်းချရာ၌ ပုံစံ ၃ ရှိသော ပြည်သူပိုင်သိမ်းအခန်းများနှင့် ပုံစံ ၃ မရှိသော အခန်းများလည်း ပါဝင်ခဲ့ရာ အဆိုပါအခန်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က လေလံတင်ရောင်းချရာမှာ ချမှတ် ထားသည့် မူဝါဒများအရ ပိုင်ရှင်အား ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ဖြစ်ပေါ်လာသည့် အစိုးရသစ်လက်ထက် ပြည်သူပိုင်သိမ်းအခန်း၊ အဆောက် အဦများအား မူလပိုင်ရှင်များမှ ပြန်လည်တောင်းခံခြင်းများအတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး တို့ကို တင်ပြသည့်အခါ ပြည်သူပိုင်သိမ်းဆည်းခဲ့သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို မူလ သက်ဆိုင်သူများနှင့် ဆက်ဆံသူများသို့ ပြန်လည်ပေးအပ်ရန်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ဥပဒေအရ လွှဲပြောင်းပေးရန်မရှိသော်လည်း နိုင်ငံပိုင်သိမ်းဆည်းထားသောပစ္စည်းများ၊ အိမ်ရာစီမံကိန်း များရှိအဆောက်အဦများနှင့် မြေယာကွက်များစီမံခန့်ခွဲမှုကော်မတီမှ လုပ်ထုံးလုပ်နည်းနှင့် အညီ ထုခွဲရောင်းချပေးရာတွင် မူလသက်ဆိုင်သူ သို့မဟုတ် ပိုင်ဆိုင်သူကိုယ်တိုင်အား ဦးစားပေးဝယ်ယူ ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးစေလျက်ရှိပါသည်ဟု မူဝါဒချမှတ်လမ်းညွှန်ထားသည့်အတွက် သိရှိ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၁၃-၄-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁၆၃/၄၄၅- ညွှန်ကြား/အဖရ ၂၀၁၃ ဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများသို့ ညွှန်ကြားထားချက်အရ သမဝါယမဝန်ကြီးဌာနအနေဖြင့် ပြည်သူပိုင်သိမ်းတိုက်ခန်းများ ပိုင်ရှင်လက်ဝယ်သို့ သက်ဆိုင်ရာ အစိုးရဌာနက ထုတ်ပေးသောပုံစံ ၃ အရ ပြန်လည်လွှဲပြောင်းပေးအပ်ရန်အတွက် ဆောင်ရွက်ပေးနိုင် ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးအေးမောက်(မလှိုင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အဆိုပါ ပစ္စည်းများကို ဝန်ထုခွဲရောင်းချရန် နောက်ဆုံးတွင် ဆုံးဖြတ်သည်ဆိုသော်လည်း အဆိုပါ တိုက်ခန်း များသည် ထုခွဲရောင်းချရန် စာရင်းထဲတွင် မပါရှိပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အနေဖြင့် အစည်းအဝေးထိုင်စဉ်ကပင် အဆိုပါတိုက်ခန်းများကို ပြန်ပေးရန် အတိကျညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ ပထမအစိုးရ ဆောင်ရွက်သွားသည်များကို အစိုးရသစ်က တာဝန်ယူရ မည်ဖြစ်သော်လည်း ယခုကဲ့သို့ တာဝန်ယူမှုမရှိဘဲ ရောင်းချခွင့်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ရောင်းချခွင့် ရှိသည်ဆိုပါက ပုဒ်မ ၄၄၅ ကိုဖောက်ဖျက်ရာကျနေပါကြောင်း၊ ထို့ကြောင့် ဤသို့ဆောင်ရွက်နေမှုများသည် ပုဒ်မ ၄၄၅ နှင့်ကိုက်ညီမှုရှိ/မရှိ၊ ပြန်လည်ပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
သမဝါယမဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းထွန်း
မိမိအနေဖြင့် သမဝါယမဝန်ကြီးဌာန အနေဖြင့် ရှင်းလင်းတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ၁၉၆၄ ခုနှစ်က သိမ်းဆည်ခဲ့သော ပြည်သူပိုင်အခန်းများနှင့် ပတ်သက်၍ ခေတ်အဆက်ဆက်အစိုးရများကလည်း ပြည်သူတွေအတွက် စဉ်းစားပြီး ဥပဒေပြုရေးနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သမဝါယမ ဝန်ကြီးဌာနအနေအနေဖြင့် စာရင်းဇယားပြုစုရာတွင် အခန်းပေါင်း ၃၃၂ ခန်း ရှိပြီး အဆိုပါအခန်းများပေါ်မူတည်ပြီး အချို့ကို နိုင်ငံပိုင်ပြုလုပ်ပေးခြင်း၊ ကော်မတီထံ အပ်နှံခြင်း၊ ဌာနများက ရေးဆွဲခြင်းများရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ချမှတ်ထားသည့် လမ်းညွှန်ချက်သည်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ ဥပဒေရေးရာ လွှဲ ပြောင်းပေးရန်မရှိပါဟု လမ်းညွှန်ထားသည်ဖြစ်ခြင်းကြောင့် အချို့အချက်အလက်များသည့်ဥပဒေနှင့် ကိုက်ညီခြင်း မရှိ၍သာ ပြန်လည်ပေးအပ်ခြင်း မပြုခြင်းဖြစ်ပါကြောင်း၊ ပြည်သူပိုင်သိမ်းတိုက်ခန်းများနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထပ်တုန်းကလည်း ကြိုးစားခဲ့သလ ယခု အစိုးရသစ် တက်လာသည့်အချိန်ကတည်း ကြိုးစားဆောင်ရွက်နေသည်မှာ ယနေ့အထိဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
