(က)-အိမ်ရာမရှိသေးသောပြည်သူများအတွက်တန် ဖိုးသင့်၊တန်ဖိုးနည်း၊တန်ဖိုးသက်သာအိမ်ရာများနှင့် အိမ်ငှားရမ်းခသက်သာသောအိမ်ငှားတိုက်ခန်းများ ကိုနိုင်ငံတော်မှတည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၃) ရက်မြောက်နေ့ (၂၂.၇.၂၀၁၄)

ဦးခိုင်မောင်ရည် (အလုံ) တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရာတွင် တန်ဖိုး ကျပ်သိန်း ၁၀၀ နှင့် သိန်း ၅၀ အတွင်းဖြစ်ရန် လိုအပ်ပါကြောင်း၊ နေအိမ်ခန်း ပိုင်ဆိုင်ခြင်းမရှိသေးသည့် ဝင်ငွေနည်းလူတန်းစားများ၊ အခြေခံနိုင်ငံ့ဝန်ထမ်းများ၊ ကာယဉာဏ လခစားနေ့စား ဝန်ထမ်းအသီးသီးတို့အတွက် တန်ဖိုးနည်းအိမ်ရာများ ပိုင်ဆိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်မှ စနစ်တကျ ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လိုအပ်နေသည်မှာ တန်ဖိုးနည်းအိမ်ရာဖြစ်ပြီး ယခုဆောင်ရွက်နေသည်မှာ တန်ဖိုးသင့်အိမ်ရာများသာ ဖြစ်ပါကြောင်း၊ တန်ဖိုးသင့်အိမ်ရာ ဝယ်နိုင်သည့် လူတန်းစားတချို့ရှိသော်လည်း အခြေခံ လူတန်းစားများနှင့် ဝန်ထမ်းတို့မှ အရစ်ကျစနစ်ဖြင့် ပေးသွင်းခြင်းအပြင် နိုင်ငံမှ အာမခံပေးစနစ်ဖြင့် ဆောင်ရွက်မှသာ အိမ်ခန်းဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖော်ဆောင်ပေးလျှင် လိုအပ်သူ ပိုမိုများပြားမည်ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာဖြစ်ရန် အခြေခံလိုအပ်ချက်မှာလည်း ကုန်ကျစရိတ် သက်သာမှုဖြစ်ပြီး ကုန်ကျစရိတ်သက်သာရန် နိုင်ငံတော်မှ မြေနေရာကျခံပေးရန်လည်း လိုအပ်ပါကြောင်း၊ ယခင်အစိုးရအဆက်ဆက် တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့ကွက်သစ်များ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များ၊ စက်မှုဇုန်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များကို ဖော်ထုတ်ခြင်းများ၊ ဝန်ထမ်းလိုင်းခန်းများ၊ အဆောက်အဦဆောက်လုပ်ခြင်းများ ဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အောင်မြင်မှုမရသည့် အထူးဇုန်များ၊ ဖွံ့ဖြိုးမှုရပ်တန့်နေသည့်ဇုန်များ၊ ဖွံ့ဖြိုးမှုနှေးကွေးနေသည့်ဇုန်များ ရှိခဲ့သကဲ့သို့ ဝန်ထမ်းများအတွက် ဖော်ထုတ်ပေးခဲ့သည့် အိမ်ရာဖွံ့ဖြိုးမှုဇုန်များ၊ ဖွံ့ဖြိုးမှု အားနည်းသော်လည်း လုပ်သက်ပြည့်ဝန်ထမ်းများအတွက် ထိုက်သင့်သော အကျိုးခံစားမှုများ ရရှိခဲ့ပါကြောင်း၊ အသက်အရွယ်ကြီးရင့်လာသည့် ပင်စင်စားများ ဝန်ထမ်းများသည် မိမိတို့ရရှိသော မြေကွက်များတွင် နေထိုင်လိုကြသော်လည်း မနေထိုင်သည့် အခြေအနေ၊ နိုင်ငံတော်မှပံ့ပိုးမှုအားနည်းသော အခြေအနေများကြောင့် နေရေးထိုင်ရေးအခက်အခဲ ရှိနေကြသည့် လုပ်သက်ပြည့်ဝန်ထမ်းများနှင့် ပင်စင်စားများအတွက် တန်ဖိုးသင့်၊ တန်ဖိုးနည်း၊ တန်ဖိုးသက်သာသည့် အိမ်ရာများကို လျင်မြန်စွာ၊ လောက်ငှစွာ ဆောက်လုပ်ပေးသင့်ပါကြောင်း၊ ထို့အပြင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေကြရသော ဝန်ထမ်းများ၏ နေထိုင်မှုအခက်အခဲများ၊ ဝင်ငွေနည်းလူတန်းစားမျိုးစုံ၏ အိမ်ရာမဲ့မှုများ၊ မြို့ပြ များအား မှီခိုရပ်တည်နေရသော မိသားစုအခက်အခဲများ၊ စားဝတ်နေရေး ရုန်းကန် ဆောင်ရွက်နေကြရသော ကာယဉာဏလုပ်အားရှင်တို့၏ နေရာအခက်အခဲ၊ အိမ်ငှားခဈေးကြီးမြင့်မှုများ၊ ဖြေရှင်းဆောင်ရွက် မပေးနိုင်သည့် ကျူးကျော်နေထိုင်မှုပြဿနာ မြင့်မားလာမှုများနှင့် ကျူးကျော်ဖယ်ရှားမှုပဋိပက္ခမျိုးစုံတို့ကို ပြေလည်နိုင်စေရေးအတွက် အိမ်ငှားတိုက်ခန်းများ စနစ်တကျငှားရမ်းပေးနိုင်သည့် အငှားတိုက်ခန်းများလည်း တည်ဆောက်ပေးသင့်ပါကြောင်း၊ သို့ပါ၍ နေရေးအခက်အခဲရှိနေကြသည့် အိမ်ရာမရှိသေးသည့် ဝင်ငွေနည်းလူတန်းစားများ၊ ဝန်ထမ်းများ၊ ပင်စင်စားများအတွက် တန်ဖိုးသင့်၊ တန်ဖိုးမျှတအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာနှင့် ဝင်ငွေအနည်းဆုံးပြည်သူများ အတွက် တန်ဖိုးသက်သာ ဈေးချိုချိုအိမ်ရာများကို နိုင်ငံတော်မှ အလျင်အမြန်နှင်‌့ လောက်ငှစွာဆောင်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အိမ်ငှားရမ်းနေသူများအတွက် သက်သာသောနှုန်းထားများဖြင့် စနစ်ကျစွာငှားရမ်း နေထိုင်နိုင်ရေးအတွက် အိမ်ငှားတိုက်ခန်းများကို နိုင်ငံတော်မှ တည်ဆောက်ပေးရန်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ နေထိုင်ရေးအခက်အခဲရှိသော ဝင်ငွေနည်းနိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်စားများ၊ ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများကို တည်ဆောက်ရောင်းချရာတွင် အတတ်နိုင်ဆုံးတန်ဖိုးနည်းစေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ဝင်ငွေနည်းနိုင်ငံ့ဝန်ထမ်းများ၊ ပင်စင်စားများ၊ ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများအား ရည်ရွယ်တည်ဆောက်ရာတွင် တိုက်ခန်းတန်ဖိုး လျော့နည်းစေရန်အတွက် ခေတ်မီဆန်းသစ်သော ဆောက်လုပ်ရေးနည်းပညာများကို အခြေပြုပြီး တန်ဖိုးနည်း အဆောက်အဦများ ရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝင်ငွေနည်းပြည်သူများ ဝယ်ယူနိုင်ရန်အတွက် တိုက်ခန်းတန်ဖိုးများ ပိုမိုလျော့ကျစေရန် ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်းကို အပိုင်းသုံးပိုင်းခွဲ၍ တည်ဆောက်ခဲ့ပါကြောင်း၊ ပထမအဆင့်စီမံကိန်း ပြီးစီးပြီဖြစ်ပါ၍ တိုက်ခန်းများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပွင့်လင်းမြင်သာစွာ ရောင်းချသွားရန် ၂၁-၆-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေး ကြော်ငြာထားပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး အပိုင်း(၂)နှင့် အပိုင်း(၃)ကို ဆက်လက်တည်ဆောက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမှာဖြစ်ပြီး ရရှိလာမည့်တိုက်ခန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အခြေခံဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများကို ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း၊ မြို့ပြလုပ်ငန်း Civil Work အနေဖြင့် ကျပ်သိန်း ၁၀၀ အောက်ဖြစ်စေရန် ဆောင်လုပ်နိုင်ခဲ့ပြီး Transformer အပါအဝင် အတွင်းအပြင် လျှပ်စစ်လုပ်ငန်း၊ အတွင်းရေသန့်လုပ်ငန်း၊ ရေပိုက်တပ်ဆင်ခြင်း၊ အပြင်ရေသန့် (ပြင်ပမှ ရေသွယ်ခြင်း လုပ်ငန်း)၊ ရေဆိုးသန့်စင်ခြင်းလုပ်ငန်း၊ ရေကန်နှင့် မိလ္လာကျင်းလုပ်ငန်းများအပြင် ကွန်ကရစ်လမ်း၊ အုတ်ရေမြောင်းများကိုပါ ပြည့်စုံစွာ စီမံဆောင်ရွက်ပေးရသည့် အတွက် အခန်းတစ်ခန်း၏ တန်ဖိုးသည် ကျပ်သိန်း ၁၂၀ ခန့်ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းတိုက်ခန်းများအား ကျပ်သိန်း ၁၀၀ အောက်ရောက်ရှိစေရေးအတွက် နိုင်ငံတော်မှ Infrastructure လုပ်ငန်းများအား စိုက်ထုတ်ကုန်ကျခံ၍ ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများ တန်ဖိုးလျော့နည်းစေရန်အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တန်ဖိုးတင့်သင့်၍ ပြည်သူများ ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရာများနှင့် အဆင့်မြင်‌့အိမ်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း (Public Private Partnership) (PPP) စနစ်ဖြင့် ဆောင်ရွက်ရာတွင် ရရှိလာသော အကျိုးအမြတ်များကို တန်ဖိုးအိမ်ရာ၏ Infrastructure လုပ်ငန်းများကို ထောက်ပံ့ဖြည့်ဆည်းပေးခြင်းဖြင့် တိုက်ခန်းတန်ဖိုးများ လျော့နည်းလာစေရန်လည်း စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် လှိုင်သာယာမြို့နယ်ကဲ့သို့ ကျူးကျော်မြောက်များစွာရှိနေသည့် ကိစ္စများအတွက် အထူးကိစ္စတစ်ရပ်အနေနှင့် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

လက်ရှိအခြေအနေတွင် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူနိုင်စွမ်းမရှိသေးသည့် ဝင်ငွေနည်းနိုင်ငံ့ဝန်ထမ်း၊ ပင်စင်စားများ၊ ဝင်ငွေနည်းပြည်သူများအတွက် အငှားအိမ်ရာများကို နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ မြို့ပြစီမံကိန်း Town Plan များအရ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းလျက်ရှိပြီး ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာငွေခွင့်ပြုမှုနှင့် တိုင်းဒေသကြီးအစိုးရများနှင့် ဘဏ္ဍာငွေခွင့်ပြုမှု၊ အိမ်ရာဆောက်လုပ်ရန် မြေနေရာရရှိမှု၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံဝန်ထမ်းများ နေထိုင်မှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရမှ နှစ်စဉ်ဘဏ္ဍာငွေရရှိမှုအပေါ် ခွဲဝေလျာထားပြီး ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များ တွင် ဆောက်လုပ်နိုင်ရေး နှစ်စဉ်ဘဏ္ဍာငွေ လျာထားချက်များ ခွဲဝေရရှိရေး တင်ပြဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခိုင်မောင်ရည် (အလုံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြေကြားချက်တွင် လှိုင်သာယာ ကျူးကျော်ကိစ္စရပ်များကို အထူးကိစ္စရပ်များ အဖြစ် ဆောင်ရွက်ပေးသွားပါမည်ဆိုသည့်  စကားရပ်ပါရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်ပေါင်း ၂၆၀၀၀ ကျော်ရှိရာ လှိုင်သာယာတစ်ခုတည်းပင် ကျူးကျော်ပေါင်း ၆၀၀၀ ကျော်ခန့်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီး ဒုစရိုက်ကျူးလွန်မှုကိစ္စများ အမြောက်အများဖြစ်နေပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ အုပ်ချုပ်ရေးများလည်း အခက်အခဲဖြစ်နေသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်

လှိုင်သာယာတွင် ကျူးကျော်အိမ်ရာများ များစွာဖြစ်ပေါ်နေသည်ကို သတိထားမိသည့်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး တချို့ကိစ္စရပ်များလည်း ကြိုတင်ဖြေရှင်းပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နောက်ထပ် အများကြီး ကျန်ရှိနေသေးသည်ကိုလည်း သတိပြုမိပါကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးအဖွဲ့များနှင့်လည်း ညှိနှိုင်းပြီး အမြန်ဆုံးဖြေရှင်းပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။