မိမိတို့ မြို့နယ်အတွင်းရှိ ခေတ်အဆက်ဆက်၌ ဒေသခံပြည်သူများမှ ဆောက်လုပ်ခဲ့ကြသော ကိုယ့်အားကိုယ် ကိုးကျောင်းများအား သစ်အမျိုးအစား မှန်ကန်မှုမရှိခြင်း၊ ခြစားခြင်းခံရခြင်း၊ ငလျင်ဒဏ်ခံရခြင်း၊ လေပြင်းဒဏ် ခံရခြင်းတို့ကြောင့် ယခုအချိန်တွင် အချိန်အခါမရွေး ပြိုကျပျက်စီးကာ အန္တရာယ်ကျရောက်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းကျောင်းများတွင် ၁၉၆၉ ခုနှစ် ဆောက်လုပ်ခဲ့သော အ.မ.က သဲဖြူကြီး အုတ်ညှပ်ဆောင်၊ ၁၉၈၇ ခုနှစ်တွင် ဆောက် လုပ်ခဲ့သော အ.မ.က ရွာသာရွာ အုတ်ညှပ်ဆောင်နှင့် ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အ.မ.က ကျွဲကျောင်းဂရက် အုတ်ညှပ်ဆောင်တို့တွင် သစ်အမျိုးအစားမမှန်ကန်သည့် အပြင် ခြများစားနေခြင်းကြောင့်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် ဆောက် လုပ်ခဲ့သော အ.မ.က ကျားပစ်အိုင် RC ကျောင်းဆောင်၊ ၂၀၀၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သော မူလွန်ထော်ဦး RC ကျောင်းဆောင်တို့မှာ ငလျင်ဒဏ်ခံရခြင်းနှင့် လေပြင်ဒဏ်ခံ ရခြင်းတို့ကြောင့် အန္တရာယ်ကျရောက်သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ဒေသခံ ပြည်သူများမှလည်း ၎င်းကျောင်းဆောင်များကို အသစ်ဆောက် လုပ်ပေးပါရန် တောင်းဆိုကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းဆောင်အသစ်များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ခုနှစ် တွင်ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းဆောင်များ အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အပြီး သတ်ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ ကျောင်းဆောင်ဆောက် လုပ်ပြီးစီးသည့် သက်တမ်းကြာမြင့်ပြီး အန္တရာယ်ရှိမှုအခြေအနေ၊ လုပ်ထုံးလုပ်နည်းများအရ၊ မြို့နယ်ဦးစားပေးအစီအစဉ်ကို ကျောင်းအလိုက် တန်းစီဇယားတွင် ထည့်သွင်း လျာထားခြင်းဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အန္တရာယ်ရှိကျောင်း ၁၉ ကျောင်းအတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ငွေကျပ် ၅၄၀ သန်းကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံလုပ်နည်းများနှင့်အညီ မြို့နယ် ဦးစားပေးအစီအစဉ် ကျောင်းအလိုက်၊ တန်းစီးဇယားအလိုက် ခွဲဝေပေးပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်စဉ်အောက်တွင် ပါရှိခြင်းမရှိသည့် စိစစ်သတ်မှတ်ပြီး အန္တရာယ်ရှိ ကျောင်းများ၊ ဥပဓိရုပ်မကောင်းသည့် ကျောင်းများနှင့် ထပ်မံတိုးလာသည့်ကျောင်းများအား ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ မြို့နယ်ဦစား ပေးအစီအစဉ် ကျောင်းအလိုက် လျာထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျုံပျော်မြို့နယ် ထော်ဦး အခြေခံမူလတန်းလွန်ကျောင်းနှင့် သဲဖြူကျောင်း၊ ရွာသာယာ၊ ကျွဲကျောင်းဂရက်၊ ကျားပစ်အိုင် အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေး ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
