မိမိတို့ ကော်မရှင်အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်သော တိုင်ကြားစာများကို မိမိတို့က စိစစ်ပြီး ကော်မရှင်ကမှ ပြည်ထောင်စုလွှတ်တော် ထိုမှတစ်ဆင့် အစိုးရသို့ ဆက်လက်ပေးပို့သကဲ့သို့ တစ်မှုချင်းအလိုက် ဖြေရှင်းဆောင်ရွက် ပြီးစီးမှုများကိုလည်း ပြည်သူလူထုက မိမိတို့ ကော်မရှင်သို့ လာရောက် စုံစမ်းရပါကြောင်း၊ ပြည်ထောင်စုအစိုးရ၏ တစ်မှုချင်းအလိုက် ဖြေရှင်းမှုအခြေအနေများကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၂၄ ရက်နေ့အထိ ပြည်ထောင်စုအစိုးရက ကော်မရှင်သို့ ပြန်ကြားပေးခဲ့ပြီးဖြစ်သော်လည်း အဆိုပါနောက်ပိုင်းတွင် ဆက်လက်ပြန်ကြားမှု မရှိတော့ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အောက်တိုဘာလ ၂၃ ရက်နေ့ အထိ တိုင်စာ ၁၅၀၁ စောင်ကို အစီရင်ခံစာ စာအုပ် ၁၈ အုပ်နှင့် တင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အရပ်ဘက်က ၃၇၂၁.၁ ဧက၊ ကာကွယ်ရေးဝန်ကြီးဌာနက ၆၄၄၄ ဧက ရှိသည့်အတွက် စုစုပေါင်း စွန့်လွှတ်မြေသည် ၁၀၁၆၅.၁ ဧကရှိပြီး အဆိုပါစွန့်လွှတ်မြေများအတွက် အမှုတစ်ခုခြင်းအလိုက် တိကျစွာ သိရှိ လိုပါကြောင်း၊ (၁) တိုင်ကြားစာ ၁၅၀၁ စောင်အနက် စောင်ရေမည်မျှအား ဖြေရှင်းပြီးစီး၍ ဖြေရှင်း ရန် မည်မျှကျန်သေးသည်။ (၂) တိုင်ကြားစာတစ်ခုချင်းစီအပေါ် ဖြေရှင်း ဆောင်ရွက်မှု အခြေ အနေအား လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေးကော်မရှင်သို့ပြန်ကြားပေးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်ဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ခွဲ (၁)၏မြေသိမ်းနစ်နာမှု တိုင်ကြားစာ (၁၅၀၁)စောင်အနက် မည်မျှဖြေရှင်းပြီး၍ မည်မျှကျန်သေးသည်ကို သိလိုခြင်းနှင့် ဖြေရှင်းဆောင်ရွက်မှု အခြေအနေအား ယင်းကော်မရှင်သို့ ပြန်ကြားရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ စုံစမ်းရေးကော်မရှင်က ပေးပို့လာသော တိုင်ကြားစာများကို မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုဌာန ကော်မတီအနေဖြင့် အစီရင်ခံစာအပိုင်း(၁)မှ (၁၁)အထိသတ်မှတ်ပြီး မြေကိစ္စ ၁၄၄၉၉ စောင်ကို စိစစ်ဖြေရှင်းဆောင်ရွက်လျက်ရှိရာ ၁၅-၅-၂၀၁၅ ရက်နေ့အထိ မြေကိစ္စ ၇၆၉၇ မှုကို စိစစ် ဆောင်ရွက်ခဲ့ပြီး စိစစ်ဆဲ ၆၈၀၂ မှုရှိပါကြောင်း၊
အစီရင်ခံစာအပိုင်း အသီးသီးပါ စွန့်လွှတ်မြေနေရာများ အစီရင်ခံစာတွင် မပါရှိသော်လည်း အပိုင်း (၁)မှ (၁၁)အထိ သီးခြားစွန့်လွှတ်မြေအပါအဝင် စုစုပေါင်း ၃၄၃၇၃၁.၇၅၇ ဧကရှိပြီး အဆိုပါ စွန့်လွှတ်မြေများကို ပြန်လည်စိစစ်ရာတွင် စိုက်ပျိုးမြေနှင့်စိုက်ပျိုးမြေမဟုတ်သည့် မြေများဆိုပြီး ပြန်လည် ခွဲခြားထားပါကြောင်း၊ စိုက်ပျိုးမြေများနှင့် အခြားမြေ စုစုပေါင်း ၃၃၅၃၂၉.၇၆၂ ဧက ဖြစ်ပြီး လွှဲပြောင်းပေးအပ်ရန် စိစစ်ဆဲသည် ၈၄၀၁.၉၉၅ ဧကဖြစ်ပါကြောင်း၊ အဆိုပါကိစ္စကို ၂၁-၅-၂၀၁၅ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၄၇)ရက်မြောက်နေ့တွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊
အစီရင်ခံစာ ၁၈ အုပ်၊ တိုင်ကြားစာ ၁၅၀၁ စောင်နှင့် ပတ်သက်၍ မိမိတို့စိစစ်ရာတွင် ၂၆-၃-၂၀၁၅ ရက်နေ့အထိ အစီရင်ခံစာ ၁၆ အုပ်သာရှိပြီး စုစုပေါင်း အစီရင်ခံစာ ၁၆ အုပ်တွင် မြေကိစ္စအမှုတွဲ ၁၇၃၈မှု ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အစီရင်ခံစာများတွင်ပါဝင်သော မြေအမှုတွဲ အားလုံး သည်လည်း ရန်ကုန်တိုင်းဒေသကြီး၊ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟို ကော်မတီက အစီရင်ခံစာ အပိုင်း(၄)၊ (၅)၊ (၆)၊ (၈)၊ (၁၁)တွင် စိစစ်ဖြေရှင်းနေသည်အမှုများဖြစ်သည့်အတွက် စိစစ်ဖြေရှင်း နေဆဲဖြစ်ပါကြောင်းနှင့် မိမိအနေဖြင့် အဆိုပါကိစ္စရပ်များကို ဆက်လက်တင်ပြပေး မည်ဖြစ်ပါ ကြောင်း။
၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့အထိ အစီရင်ခံစာအပိုင်း(၁)မှ (၁၁)အထိ ရန်ကုန်တိုင်းဒေသကြီး၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီအနေဖြင့် ၃၅၇၃ မှုအနက် ၁၂၄၃ မှု စိစစ်ဖြေရှင်းပြီး စိစစ်ဆဲ ၂၃၃၀ မှုဖြစ်ပါကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ခွဲ(၁)မှ ပေးပို့လာသည့် အစီရင်ခံစာ စာအုပ် ၁၆ ပါ အမှုတွဲ ၁၇၃၈ မှုသည် ရန်ကုန်တိုင်းဒေသကြီး၊ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ စိစစ်ဖြေရှင်းသော အမှုတွဲတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါ ၁၇၃၈ မှုတွင် စိစစ် ဖြေရှင်းပြီး ၈၁၃ မှုနှင့် စိစစ်ဆဲ ၉၂၅ မှုဖြစ်ပါကြောင်း၊
စွန့်လွှတ်မှုမြေများအပေါ် ပြန်လည် စိစစ်ရာတွင် အသုံးပြုရန်အတွက် ပိုမိုသော စွန့်လွှတ် မြေဧက ၃ မှု စွန့်လွှတ်မြေစုစုပေါင်း ၄၀၁.၀၉၈ ဧက၊ အသုံးမပြု၍ အားလုံးစွန့်လွှတ်သည့်မြေ ၁၁ မှု စုစုပေါင်း ၇၆၅.၇၂ ဧက ရှိသည့်အတွက် မြေကိစ္စ ၁၄ မှုတွင် စုစုပေါင်း စွန့်လွှတ်မြေသည် ၁၁၆၆.၈၁၈ ဧကဖြစ်ပါကြောင်း၊ အဆိုပါ မြေများကို သက်ဆိုင်ရာလူများသို့ ပြန်လည် လွှဲပြောင်း ပေးရာတွင် မြေဧရိယာ ၆၄၄.၁ ဧကကို တောင်သူ ၈၄ ဦးထံသို့ ယာယီပုံစံဖြင့် လည်းကောင်း၊ မြေဧက ၃၈၇.၈၅ကို တောင်သူ ၁၈ ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)ဖြင့် လည်း ကောင်း စုစုပေါင်း စိုက်ပျိုးမြေဧရိယာ ၁၀၃၁.၉၅ ဧကကို တောင်သူ ၁၀၂ ဦးထံသို့ လွှဲပြောင်းပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိ စားကျက်မြေ ၆၅ ဧကနှင့် မြို့မြေ ဝ.၃၄ ဧကကို သက်ဆိုင်ရာ စီမံခန့်ခွဲရသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အပ်နှံပြီး မြို့မြေ ဝ.၃၄ ဧကကို သက်ဆိုင်ရာပုဂ္ဂိုလ်သို့ လွှဲပြောင်းပြီးဖြစ်သည့်အတွက် စုစုပေါင်းလွှဲပြောင်းပြီး စွန့်လွှတ်မြေ ၁၀၉၇.၂၉ ဧကနှင့် လွှဲပြောင်းပေးအပ်ရန် ၆၉.၅၂၈ ဧကဖြစ်ပါကြောင်း၊ အဆိုပါ ကျန်ရှိမြေများကိုဆက်လက်လွဲပြောင်းနိုင်ရန် စိစစ်နေဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် စိစစ်ပြီးမြေ ၈၁၃ မှု၊ စိစစ်ဆဲ ၉၂၅ မှုဖြစ်ပါကြောင်းနှင့် စိစစ်ရန်ကျန်ရှိမြေအမှုများကိုလည်း သက်ဆိုင်ရာမြေ အသုံးချမှုစီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပြီး ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးအောင်သိန်းလင်း(တောင်ဥက္ကလာပ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့အနေဖြင့် တစ်မှုချင်းလိုက်စွန့်လွှတ်ခဲ့သော မြေများနှင့် ပတ်သက်ပြီး ဦးစီးဇယားနှင့် ပြန်ကြားပေးစေလိုပါကြောင်း၊ နစ်နာသူများအနေဖြင့် မြေအမှုနှင့် ပတ်သက်၍ မိမိတို့ ကော်မရှင် တစ်ခုတည်းကိုသာ လာရောက် မေးမြန်းခြင်းဖြစ်သည့်အတွက် တစ်မှုချင်းအလိုက် ဖြေရှင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကော်မရှင်သို့ ဆက်လက်ပေးပို့ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
သက်ဆိုင်ရာ မြို့နယ်၊ မြေအသုံး ချမှုစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်သည် သက်ဆိုင်ရာ မြေပြင်တွင်ကွင်းဆင်း ဖြေရှင်းဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ကာယကံရှင်များထံသို့ တိုက်ရိုက် ရောက်ရှိခြင်း ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် သိရှိနိုင်ပါကြောင်း၊ ၁၄-၃-၂၀၁၅ ရက်နေ့ MICC 2 တွင် ကျင်းပသော မြေအသုံးချမှုစီမံမှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးစီးသည့်အဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်နာယကကြီးဦးစီးသော ပြည်ထောင်စု လွှတ်တော်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းကော်မရှင်အဖွဲ့ခွဲ(၁၁) ဖွဲ့တို့ တွေ့ဆုံရာတွင် စုံစမ်းရေးကော်မရှင်က သီးခြား လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့ကို သဝဏ်လွှာပို့ပြီး အစိုးရအဖွဲ့ကတစ်ဆင့် ဗဟိုကော်မတီသို့လည်းကောင်း၊ ဗဟိုကော်မတီက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်အဆင့်ထိ စိစစ်၍ တွေ့ရှိချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့က လွှတ်တော်ကော်မရှင်သို့ တစ်မှုချင်းစဉ်ပြီး ပြန်လည်တင်ပြမည်ဖြစ် ပါကြောင်း၊ ထိုသို့ဆိုပါက အဆိုပါကိစ္စများကို ပြန်လည်ဖြေရှင်းနေခြင်းဖြင့်ပင် မူလအလုပ်ကို ဆောင်ရွက်နိုင်မည်မဟုတ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းပြန်လည် ဖြေကြား ပါသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က အဆိုပါမေးမြန်းဖြေကြားချက်များအပေါ် သုံးသပ် ပြောကြားပါသည်။
မြေယာများ ပြန်လည်စွန့်လွှတ်ခြင်းနှင့် နစ်နာသူ ကာယကံရှင်များအနေဖြင့် သိနိုင်သူများ ရှိသကဲ့သို့ အချို့ လက်လှမ်းမမီသူများအနေဖြင့် မသိနိုင်သူများလည်း ရှိကောင်းရှိမည် ဖြစ်ပါ ကြောင်း၊ တာဝန်ယူဖြေရှင်းပေးပြီး စွန့်လွှတ်ပေးသည့် ပုဂ္ဂိုလ်များအနေဖြင့် သိနိုင်မည်ဖြစ်သည့် အတွက် ၎င်းတို့က တစ်ဆင့် ပြန်ကြားပေးနိုင်ဖြစ်သည့်အတွက် ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ပေးရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ရာတွင် တင်ပြပါဆောင်ရွက်ချက်အတိုင်း တစ်မှုချင်း ပါဝင်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နေပြည်တော်ကောင်စီဝင် ၁၅ ခုဖွဲ့ပြီး တစ်မှုချင်းစစ်ရပါကြောင်း၊ ထို့နောက် တိုင်းဒေသကြီးနှင့် ဝန်ကြီးဌာနများအလိုက်ပြန်လည် ပေးပို့၍ ထိုမှတစ်ဆင့် ခရိုင်အလိုက်၊ မြို့နယ် အလိုက် သက်ဆိုင်ရာအမှုတွေ ပြန်ချထားပေးပြီး ပြန်လည်တင်ပြချက်များကို စိစစ်ပြီး စာအုပ်များပြုစုဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊
ဖြေရှင်းပေးရာတွင်လည်း သက်ဆိုင်ရာမြို့နယ် မြေအသုံးချစီမံခန့်ခွဲမှု ရုံးများတွင် သက်ဆိုင်ရာကာယကံရှင်များထံသို့ တိုက်ရိုက်ပေးပို့ခြင်းဖြစ်ပါကြောင်း၊ သို့သော် မိမိတို့အနေဖြင့် အစီရင်ခံစာကို ကော်မရှင်အဖွဲ့ခွဲအလိုက် ပေးပို့ရန် အခက်အခဲရှိပါကြောင်းပြန်လည် တင်ပြ ဖြေကြားပါသည်။
