(ဃ)-ဆောမြို့နယ်၊ ရေရှင်ကျေးရွာရှိ ရေရှင်မြောင်း(ငါးရွာမြောင်း)တွင် ကွန်ကရစ်ကျောက်တိုင်လေးတိုင်နှင့် အစွန်း နှစ်ဖက်ခေါင်းနှုတ်သီးနှစ်ခုတို့ကို ရေရှည်ခိုင်ခံ့မည့်ကျောက်တိုင်ကြီးများအဖြစ် အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၄.၂.၂၀၂၀)


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ရေရှင်မြောင်း(ငါးရွာမြောင်း)ပေါ်ရှိ ရေသွယ် လျှောက်ခေါင်းနေရာသည် ရေရှင်ကျေးရွာမှ အနောက်ဘက်သုံးမိုင်ခန့်အကွာ ရေလွှဲဆည် မြောင်းဦးမှ အောက်ဘက်လေးဖာလုံခန့်အကွာတွင် တည်ရှိပါကြောင်း၊ ယင်းမြောင်းကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၃၅ နှစ်ခန့်ကစတင်ပြီး ခက်ခဲပင်ပန်းကြီးစွာ ကိုယ်ထူကိုယ်ထဖောက် လုပ်ခဲ့ကြရသည်ဟု သိရှိရပါကြောင်း၊ ရေရှင်ကျေးရွာ၊ တောင့်တက် ကျေးရွာ၊ ပင်လယ်ကျေးရွာ၊ ကံကြီးကျေးရွာနှင့် ရင့်ရဲကျေးရွာငါးရွာအသုံးပြု၍ စပါးနှင့် ဆောင်းသီးနှံ ဧက ၅၈၀ နှစ်သီးစား စိုက်ပျိုးလျက်ရှိပြီး လူဦးရေ ၅၀၀၀ ၏ အသက်သွေးကြောဖြစ်ပါကြောင်း၊ အထက်ဖော်ပြပါ ကျောက်တိုင်များနှင့် ရေသွယ်လျှောက်ခေါင်းနှုတ်သီးတို့သည် လွန်ခဲ့တဲ့ ၄၃ နှစ် ကပင် တည်ဆောက် အသုံးပြုလာခဲ့သည်မှာ ချီချောင်းရေတိုက်စားမှုကြောင့် ငါးရွာရှိတောင်သူများ  ပြုပြင်နေရဆဲဖြစ်ပြီး  ဘိလပ်အာနိသင်ကုန်ခန်းခြင်းကြောင့် ချောင်းရေတိုက်စားပြီး အချိန်မရွေးပြိုကျသွားနိုင်သည်ကို တွေ့ရှိခဲ့ရသည့်အတွက် အဆိုပါ ကျောက်တိုင်ကြီးများကို ရေရှည်ခိုင်ခံ့မည့် ကွန်ကရစ် တိုင်ကြီးများဖြင့် အစားထိုးအသစ်တည်ဆောက်ပေးသင့်ပါကြောင်း၊ အသစ်တည်ဆောက်ရာတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် အမြန်ဆုံး တည်ဆောက်ပေးသင့်ပါကြောင်း၊ ထို့ကြောင့် ရေရှင်မြောင်း(ငါးရွာမြောင်း) ရှိ အရှည်ပေ ၁၅၈ ပေ၊ အကျယ်ရှစ်ပေနှင့် အမြင့်လေးပေရှိ ကွန်ကရစ်ကျောက်တိုင် လေးတိုင်နှင့် အစွန်းနှစ်ဖက်ရေသွယ်လျှောက်ခေါင်းနှုတ်သီးနှစ်ခုတို့ကို ရေရှည်ခိုင်ခံ့မည့် ကျောက်တိုင်ကြီးများအဖြစ် အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ


ရေရှင်မြောင်း (ငါးရွာမြောင်း)၊ မြောင်းဦးရေသွယ်လျှောက်သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့၊ ရေရှင်ကျေးရွာ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ကျောက်တောင်ရွာအနီးတွင် တည်ရှိပါကြောင်း၊ အဆိုပါမြောင်းသည် ချီချောင်းမှ ရေသွယ်ယူထားသည့် မြောင်းဖြစ်ပါပါကြောင်း၊ ပေတိုင် ၉၀၀ ခန့်အကွာ ချီချေိာင်းနံဘေး ကမ်းပါးတွင် လျှိုချောက်ကိုဖြတ်ပြီး တည်ဆောက်ထားသည့်  ရေသွယ်မြောင်းဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်က ရေရှင် ကျေးရွာကပြည်သူများ ကိုယ်ထူကိုယ်ထနှင့် ကျောက်တိုင်နှင့်သံကူကွန်ကရစ် R.C. Flume နှင့် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ပုံမှန်အသုံးပြုနိုင်သော်လည်း ချီချေိာင်းရေကြီး ရေလျှံဖြစ်လာသည့်အခါ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးနိုင်သည့် အခြေအနေရှိသည့်အတွက် ပြုပြင်ပေးရန် လိုအပ်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊
ရေသွယ်လျှောက်၏  ကျောက်စီတိုင် Pier လေးတိုင်ကို သံကူကွန်ကရစ်အားဖြည့်ပြီး ကြံ့ခိုင်အောင် ပြုပြင်ပေးခြင်း၊ ရေသွယ်လျှောက်၏ Flume Abutment ကို ကျောက်စီနံရံအဖြစ် ပြန်လည်ပြုပြင် ပေးခြင်း၊ ရေသွယ်လျှောက် ၁၉၅ ပေကို ရေစိမ့်ယိုမှုမှ ကာကွယ်နိုင်ရန် ကိုယ်ထည်ကို Steel Flume အဖြစ်ပြုပြင်ပေးခြင်းနှင့် ရေလွှဲရေကာတာအရှည် ၁၅ ပေ သုံးခုတည်ဆောက်ပေးခြင်း စသည့် လုပ်ငန်းများကို ပြုပြင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထိုသို့လိုပြုပြင်ပေးခြင်းအားဖြင့် လယ်မြေဧက ၅၈၀  ခန့်ကို မိုးစပါးနှင့် ဆောင်းသီးနှံများ နှစ်စဉ်ရေသွင်းစိုက်ပျိုးနိုင်မည့်အပြင် ရေအသုံးပြုနေသည့် ကျေးရွာငါးရွာအနေဖြင့်လည်း စိုက်ပျိုးရေအပြင် သောက်သုံးရေကိုလည်း ဖူလုံစေမည်ဖြစ်သည့်အတွက် အဆိုပါ ရေသွယ်လျှောက်သည် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အတွင်း တည်ရှိနေခြင်းကြောင့် ချင်းပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။