(င)-မြစ်သားမြို့နယ်အတွင်း၌ အရေးပါလှသော Class(A)အဆင့်ရှိ ကျေးရွာလမ်းများဖြစ်သည့် သစ်တက်ကုန်း-လက်ညှိုးထိုး-မြင်းခြံလမ်းနှင့် မင်းဝန်၊ မန်ကျီးကန်၊ တဲကြီး-လက်ညှိုးထိုး- မြင်းခြံလမ်းများကို ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြစ်သားမြို့နယ်ရှိ သစ်တက်ကုန်း-လက်ညှိုးထိုး-မြင်းခြံလမ်းသည် အိမ်ခြေတစ်ထောင်ကျော်ရှိ သစ် တက်ကုန်းကျေးရွာနှင့် မန္တလေး-လက်ညှိုးထိုး-မြင်းခြံလမ်းကို ဆက်သွယ်ထားသော ၂ မိုင် ၄ ဖာလုံအရှည်ရှိသည့် Class A) အမျိုးအစားဝင်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ရာသီမရွေး သွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်ရန်အတွက် လိုအပ်သော လမ်းအကျယ်ရှိပြီးသားဖြစ်သည့်အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မျှဝေခြင်းဟူသော စက်ကိရိယာများနှင့် ရွာသူရွာသားများက လမ်းခင်းခြင်း၊ လမ်းအမာခံရှိရန် ပြုပြင်ခြင်းများ ပြုလုပ်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းကို အဆင့်မြှင့်တင်မည်ဆိုပါက မြစ်သား မြို့နယ်၊ သစ်တက်ကုန်းကျေးရွာရှိ အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ခန့်ရှိသော ရဟန်းရှင်၊ လူ၊ ကျောင်းသားများအပါအဝင် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ယခုမေးခွန်းပါ ဒုတိယလမ်းဖြစ်သော မြစ်သားမြို့နယ်ရှိ မင်းဝန်၊ မန်ကျီးကန်၊ တဲကြီး- လက်ညှိုးထိုး၊ မြင်းခြံလမ်းသည် ၄ မိုင် ၅ ဖာလုံ အရှည်ရှိသော Class (A) အမျိုးအစားဝင်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်း၏ မန်ကျီးကန်-တဲကြီးလမ်းပိုင်းသည် ၂ မိုင် ၅ ဖာလုံရှည်လျားပြီး ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သောလမ်းအကျယ်ရှိပြီးသား ဖြစ်သည့်အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စက်ကိရိယာများ မျှဝေခြင်းအစီအစဉ်ဖြင့်ပင် ရွာသူရွာသားများက လမ်းခင်းခြင်း၊ လမ်းအမာခံရှိရန် ပြုပြင်ခြင်းအပိုင်းများကို ပြုလုပ်ထားပြီး လည်းဖြစ်ပါကြောင်း၊ ကျန်လမ်းအပိုင်းဖြစ်သော မန်ကျီးကန်-မင်းဝန်လမ်းသည်လည်း နှစ်မိုင်ခန့် ရှည်လျားပြီး ၎င်းလမ်းကိုလည်း ကျေးလက်လမ်းဦးစီးဌာနက မြေသားလမ်းအဖြစ် ခင်းပေးထားပြီး လုံလောက်သောလမ်းအကျယ် ရှိပြီးသားဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းပါလမ်းနှစ်လမ်းကို အဆင့်မြှင့်တင်ပေးလိုက်ပါက မြစ်သားမြို့နယ် ကျေးရွာများ အိမ်ခြေ ၂၀၀၀ ခန့်၊ လူဦးရေ ၈၀၀၀ ခန့်သော ရဟန်းရှင်၊ လူ၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်တို့ တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ Class (A) လမ်းနှစ်လမ်းကို လမ်းအဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် မေးမြန်းလိုသည်မှာ (က) မြစ်သားမြို့နယ်အတွင်း၌ အရေးပါလှသော Class(A)အဆင့်ရှိ ကျေးရွာလမ်းများဖြစ်သည့် သစ်တက်ကုန်း-လက်ညှိုးထိုး-မြင်းခြံလမ်းနှင့် မင်းဝန်၊ မန်ကျီးကန်၊ တဲကြီး-လက်ညှိုးထိုး မြင်းခြံလမ်းများကို ရာသီမရွေးသွားလာ နိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (ခ) အစီအစဉ်ရှိပါက အစောဆုံးမည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေး မည်နည်း၊ (ဂ) အစီအစဉ်မရှိပါက အဘယ်ကြောင့်နည်းဟု မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ မြင်းခြံ-လက်ညှိုးထိုး-ရေဝန်းလမ်းနှင့် ဆက် သွယ်ထားသော သစ်တက်ကုန်းကျေးရွာ အဝင်လမ်းအရှည် ၂ မိုင် ၄ ဖာလုံနှင့် တဲကြီး-မကျီးကန်-မင်းဝန်လမ်းအရှည် ၄ မိုင် ၅ ဖာလုံလမ်းပိုင်း နှစ်ပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊
ပထမလမ်းဖြစ်သော သစ်တက်ကုန်းကျေးရွာအဝင်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက် Class(A)၊ ဦးစားပေးအဆင့်(၁)လမ်းစာရင်းတွင် ပါဝင်သဖြင့် ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဒုတိယလမ်းဖြစ်သော တဲကြီး-မကျီးကန်-မင်းဝန်လမ်း သည် လမ်းအဆင့်သတ်မှတ်ချက် Class(A) ဦးစားပေးအဆင့်(၁)လမ်းတွင် ပါဝင်ပြီး မကျီးကန်မှ မင်းဝန်အထိ လမ်းအရှည်နှစ်မိုင်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းအဖြစ် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျန်လမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
