(င)-မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမ ၄၀၃ ဦး နေထိုင်ရန် အတွက် သိမ်းဆည်းထားသော သူနာပြုအဆောင်အား ပြန်လည်ပေးအပ်ရန် သို့မဟုတ် အသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆ ) ရက်မြောက်နေ့ (၁၆.၁၂.၂၀၁၉)

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသည် ခုတင် ၁၅၀၀ ဆံ့ဆေးရုံကြီးဖြစ်ပါကြောင်း၊ လူနာ ၁၅၀၀ မှ ၁၇၀၀ အထိ တက်ရောက်လေ့ရှိပါကြောင်း၊ လူနာဆောင်များတိုးချဲ့များပြားလာပြီး သူနာပြုဆရာမအင်အားများ တိုးတက်လာသော်လည်း သူနာပြုဝန်ထမ်းများ၏အဆောင်ကို တိုးချဲ့ ဆောက်လုပ်ပေးခြင်းမရှိပါကြောင်း၊  မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် သူနာပြုဆရာမ အင်အား ၇၆၆ ဦး ရှိသော်လည်း ၂၈၃ ဦးကိုသာ သူနာပြုအဆောင်ခန်းပေးနိုင်ပြီး ကျန်ဆရာ ၄၀၃ ဦးသည် ပြင်ပတွင်ငှားရမ်း နေထိုင်ရပါကြောင်း၊ အပြင်တွင်ငှားရမ်းနေထိုင်ရသည့် သူနာပြု ဆရာမများသည် ဆေးရုံအနီးတစ်ဝိုက်တွင် နေရာများမရှိတော့ခြင်း၊ အဆောင်ငှားရမ်းခ ဈေးများ ကြီးမြင့်ခြင်းတို့ကြောင့် ဆေးရုံနှင့် အလွန်ဝေးလံသည့် မြို့သစ်ကဲ့သို့၊ အောင်ပင်လယ်ကဲ့သို့ နေရာများတွင်  ဈေးသက်သာသည့် အဆောင်များတွင် ငှားရမ်းနေထိုင်ရပါကြောင်း၊ အဆောင် ငှားရမ်းခသည် တစ်လလျှင် ၃၅,၀၀၀ မှ ၄၀,၀၀၀ အထိရှိပါကြောင်း၊ ၎င်းအဆောင်များတွင် ဟင်းချက်ခွင့်မရသည့်အတွက် နေ့စဉ်မနက်စာ၊ ညစာပြင်ပမှဝယ်ယူနေရပါကြောင်း၊ ကုန်ကျ စရိတ်ကြီးမြင့်ပြီး ရသည့်လစာနှင့်မလောက်ငှနိုင်ပါကြောင်း၊ မန္တလေးမြို့ ခုတင် ၃၀၀ ဆံ့သင်ကြားရေး ဆေးရုံတွင် သူနာပြုဆရာမများအဆောင်၊ အလုပ်သမားများ နေထိုင်ရန်အဆောင်၊ အိမ်ထောင်သည် ဝန်ထမ်းများနေရန် အဆောင်များကို လုံလောက်စွာ ထပ်မံတိုးချဲ့ထားပါကြောင်း၊ အခြားဆေးရုံများ ဖြစ်သည့် ပြင်ဦးလွင်ဆေးရုံ၊ ကျောက်ဆည် ဆေးရုံ၊ မန္တလေးအလုပ်သမားဆေးရုံ၊ မန္တလေးအရိုး အထူးကုဆေးရုံများတွင် သူနာပြုအဆောင်များ လုံလောက်စွာဖြည့်စွက်ဆောက် လုပ်ထားပါ ကြောင်း၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ယခင်သူနာပြုသုံးထပ်ဆောင်ကြီး၏ အနောက်ဘက်ခြမ်းတစ်ဝက်ကျော်ကို ၁၉၉၈ ခုနှစ်က အပိုင်သိမ်းသွားပြီး ကလေးဆေးရုံ အဖြစ်ပေး လိုက်ရပါကြောင်း၊ ကျန်ရှိနေသည့် အပေါ်ထပ်၊ အလယ်ထပ်၊ အောက်ထပ်တို့တွင်ရှိသည့်အခန်း ၁၃၀ ခန့်ကို တစ်ခန်းနှစ်ယောက်နှုန်းနှင့် သူနာပြု ဆရာမကြီးငယ် ၂၅၄ ဦးနေထိုင်ကြပါကြောင်း၊

ပစ္စည်းပုံကြား၊ အသုံးအဆောင်များကြားတွင် အိပ်ရသည့် အနေအထားရှိပါကြောင်း၊ အများပြည်သူ များအတွက် အချိန်နှင့်အမျှ ကျန်းမာရေးကိုဝန်ဆောင်မှုပေးနေသည့် ဆရာမများသည် ၎င်းတို့ ကိုယ်တိုင်အခန်းကျဉ်းလေးထဲတွင် ကျန်းမာရေးနှင့်မညီမညွှတ်နေထိုင်ရခြင်း ဖြစ်ပါကြောင်း၊ အပြင် ဆောင်များတွင် ငှားရမ်းနေထိုင်ရသည့်ဆရာမများသည် ဘဝလုံခြုံမှုမရှိခြင်း၊ တာဝန် ထမ်းဆောင် ရမည့်နေရာနှင့် ငှားရသည့်နေရာကွာဝေးလွန်းခြင်းတို့ကြောင့် အဆင်မပြေမှုများ၊ နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ရပါကြောင်း၊ ညဂျူတီတာဝန်ကျသည့် ဆရာမများအတွက်သည်လည်း လမ်း တွင်အနှောင့်အယှက်၊ အတားအဆီးများ၊ လုယက်မှု၊ ရမ်းကားမှုစသည့် ယာဉ်အန္တရာယ်များနှင့် ကြုံတွေ့နေရပါကြောင်း၊ ယခုအခါ အသစ်ဝင်ရောက်လာမည့် သူနာပြုသစ်လွင်များသည်လည်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို လျှောက်ထားသူနည်းပါကြောင်း၊ ထိုသို့လျှောက်ထားခြင်း မရှိသည့်အတွက် မန္တလေးဆေးရုံကြီးကို တာဝန်ချထားပေးသည့် သူနာပြုဆရာမများသည် ဒေသ အပြောင်းအလဲ၊အဆောင်နေရာအခက်အခဲ၊ စားသောက်ရေး၊ သွားလာရေးအခက်အခဲများနှင့် ရင် ဆိုင်နေရပါကြောင်း၊

သူနာပြုဆရာမများအတွက် ဆောက်လုပ်ပေးမည်ဆိုပါက မြေနေရာလွတ်နှစ်ခုရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်က သူနာပြု ၂၃ ဦး နေထိုင်ရန်ဆောက်လုပ်ထားသည့် အဆောင်ဘေးတွင်ရှိသည့် မြေကွက်လပ် ဖြစ်ပါကြောင်း၊ နောက်တစ်နေရာသည် ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ၂၉ လမ်းနှင့် ၃၀ လမ်းကြားက သူနာပြုအဆောင်ရှေ့ မြေကွက်လပ် ဖြစ်ပါကြောင်း၊ အလျား ၁၂၀ ပေ၊ အနံ ၇၀ ပေရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဆေးရုံရှိ လူနာများအား အချိန်နှင့်တစ်ပြေးညီပြုစုကုသမှုရှိရန် ဆေးရုံကြီးတွင်တာဝန် ထမ်းဆောင်နေကြသည့် သူနာပြုဆရာမ ၄၀၃ ဦးနေထိုင်ရန်အတွက် သိမ်းဆည်းထားသော သူနာပြုအဆောင်အား ပြန်လည်ပေးအပ်ရန် (သို့မဟုတ်) အဆောင်သစ်ဆောက်လုပ်ပေးရန် အစီ အစဉ် ရှိ/မရှိကို မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော သူနာပြုများနေထိုင်ရန်အတွက် ၂၀၁၈-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မန္တလေးဗဟိုဆေးသိုလှောင်ရေးဌာနဝင်းအတွင်း အခန်း ၆၀ ပါ သုံးထပ်ဆောင်တစ်လုံး၊ ခုတင် ၃၀၀ ဆံ့သင်ကြားရေး ဆေးရုံဝင်းအတွင်း အခန်း ၈၀ ပါ လေးထပ်ဆောင်တစ်လုံး ဆောက်လုပ်ရန် ရန်ပုံငွေ ခွင့်ပြုခွင့်ရရှိပြီး ဆောက်လုပ်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် ပါဝင်သော မြေနေရာ နှစ်ခုအနက် ၇၄ နှင့် ၇၅ လမ်းကြား ၂၉ နှင့် ၃၀ လမ်းကြားမြေကွက်လပ် အလျား ၁၂၀ X အနံ ၇၀ ပေ မြေနေရာတွင် အထပ်မြင့် အဆောက်အဦဆောက်လုပ်နိုင်မည့် အခြေအနေရှိ/မရှိ စိစစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၃၅ လမ်း ၄၆ နှင့် ၆၄ လမ်းကြားမြေနေရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ကာလ၌ လေးခန်းတွဲ ငါးထပ်ဝန်ထမ်းအိမ်ရာနှစ်လုံးဆောက်လုပ်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် ဆေးရုံကြီး၏ မြေနေရာရရှိမှုအခြေအနေအားစိစစ်လျက် စီမံကိန်းအစီအစဉ် များဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။