(ဃ)-ကောလင်းမြို့အောင်မင်္ဂလာရပ်ရှိဒေါ်ဌေးဌေးဝင်း တရားဝင်ဝယ်ယူခဲ့သောသုဝဏ္ဏရပ်၊အကွက်အမှတ် (၂၉)ဦးပိုင်အမှတ်(၃၂၀က)နှင့်ဦးပိုင်အမှတ်(၃၂၀ခ) တို့ကိုအငှားဂရန်ပယ်ဖျက်ရန်နှင့်စပ်လျဉ်းသည့်မေး ခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၂)ရက်မြောက်နေ့ (၁၁.၆.၂၀၁၅)

ဦးတင်ဝင်း (ကောလင်း)ကောလင်းမြို့၊ သုဝဏ္ဏရပ်ကွက်၊ အကွက်အမှတ်(၂၉)၊ ဦးပိုင်အမှတ် (၃၂၀-က)၊ ဦးပိုင်အမှတ် (၃၂၀-ခ)တို့နှင့် ပတ်သက်၍ လူနေအိမ်ရာဖော်ထုတ်စဉ် မြို့နေရာတိုးချဲ့ချထားရေးကော်မတီက အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို တင်ပြအတည်ပြုချက်ရယူခဲ့ပါကြောင်း၊ ခရိုင်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြို‌းရေးကောင်စီကလည်း ကန့်ကွက်ရန်မရှိကြောင်း၊ အတည်ပြုကြောင်း ပြန်ကြားခဲ့သည့်အတွက် လူနေအိမ်ရာဖော်ထုတ်ပြီး မြေနေရာများကို ချထားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့မြေနေရာချထားရေးကော်မတီက လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ တရားဝင် ချထားပေးခဲ့သည်ကို လေ့လာသိရှိရပါကြောင်း။

ထို့သို့ ချထားပေးခဲ့သည့် မြေကွက်များမှ မြေကွက်အမှတ်(၂၉) ဦးပိုင်အမှတ် (၃၂၀-က)နှင့် ဦးပိုင်အမှတ် (၃၂၀-ခ)ကို မူလအမည်ပေါက် ရသူများထံမှ ဦးလှသိန်းက ဝယ်ယူခဲ့ပြီး ဦးလှသိန်းထံမှ ဒေါ်ဌေးဌေးဝင်းက ဝယ်ယူခဲ့ပါကြောင်း၊ ဦးလှသိန်းက မူလအမည်ပေါက်ရသောသူများထံမှ ဝယ်ယူရာတွင်လည်းကောင်း၊ ဦးလှသိန်းထံမှ ဒေါ်ဌေးဌေးဝင်းက ဝယ်ယူရာတွင်လည်းကောင်း၊  ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ၊ စာချုပ်စာတမ်း၊ မှတ်ပုံတင်အက်ဥပဒေများနှင့်အညီ ကောလင်းမြို့ စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးရုံးတွင် မှတ်ပုံတင်ပြီး ကျသင့်သည့် တံဆိပ်ခေါင်းခွန်၊ အခွန်အခများကို အပြည့်အဝထမ်းဆောင်ပြီးမှ ဝယ်ယူခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ဒေါ်ဌေးဌေးဝင်းအနေဖြင့် ပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တရားဝင် ရောင်းချပိုင်ခွင့်ရှိသူထံမှ ဝယ်ယူခဲ့သည့် တရားဝင်ရရှိခဲ့သော မြေကွက် ၂ ကွက်ကို လမ်းမြေသတ်မှတ်ရန်ဖြစ်၍ ဂရန်ပယ်ဖျက်ခဲ့ခြင်းသည် လူနေအိမ်ယာမြေကွက်အဖြစ် တရားဝင်ချထားပေးပြီး ၁၀ နှစ်ကျော်မှ ပယ်ဖျက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးအနေဖြင့် နစ်နာမှုများရှိပြီး မူလအခွင့်အရေးများ ဆုံးရှုံးလျက်ရှိပါဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၅၆ တွင် ပြဋ္ဌာန်းထားသည်နှင့်အညီ နိုင်ငံသားတစ်ဦးဖြစ်သော မူလအခွင့်အရေးများနစ်နာဆုံးရှုံးမှုတွင် ဥပဒေအရ မည်သို့ကာကွယ်ပေးရမည်၊ ကုစားပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်စစ်ကိုင်းတိုင်းဒေသကြီး ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၆-၈-၁၉၉၀ ရက်စွဲပါစာအမှတ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် သုဝဏ္ဏရပ်ကွက် အကွက်အမှတ် (၂၉) အပါအဝင် မြေဧရိယာ ၁၀၂.၇၆ ဧကအား မြို့ပြအိမ်ရာကွက်များ တိုးချဲ့ဖောက်လုပ်ရန်အတွက် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ (လန/၃၉) ခွင့်ပြုမိန့် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ (လန/၃၉) ခွင့်ပြုမိန့်ရရှိသော အကွက်အမှတ် (၂၉) ၌ စိုက်ပျိုးရေးပညာပေး အထွက်တိုးစခန်းနှင့် လျှပ်စစ်ဓာတ်အားခွဲရုံ အဆောက်အအုံတို့သာ တည်ရှိခြင်းဖြစ်သည့်အတွက် မြို့မြေကွက်များချထားရေးကော်မတီမှ ၂၈-၁၁-၂၀၀၁ ရက်စွဲပါစာအမှတ်ဖြင့် မြေ ၁၁ ကွက်ကို ဖော်ထုတ်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ဖော်ထုတ်ရရှိခဲ့သော မြေ ၁၁ ကွက်အနက် ဦးပိုင်အမှတ် (၃၂၀/က) အား ကသာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခွန်အမှုတွဲအမှတ် (၁၁၄/ငါး၊ ၂၀၀၂-၂၀၀၃) ဖြင့် ဦးအောင်ကျော်ထွန်း (မြို့နယ်မြေစာရင်းဦးစီးဌာနမှူး) အမည်ဖြင့်လည်းကောင်း၊ ဦးပိုင်အမှတ်(၃၂၀/ခ) အား အခွန်အမှုတွဲအမှတ် (၁၂၁/ငါး၊ ၂၀၀၂-၂၀၀၃) ဖြင့် ဦးတင်ဦး အမည်ဖြင့်လည်းကောင်း၊ ၂၁-၄-၂၀၁၂ ရက်နေ့အထိ ၁၀ နှစ်သက်တမ်းရှိသော မြေငှားဂရန်ကို ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့နောက် ဦးအောင်ကျော်ထွန်းနှင့် ဦးတင်ဦးတို့နှစ်ဦးက ဦးလှသိန်းအား ၎င်းတို့၏ ၁၀ မြေငှားဂရန် ခွင့်ပြုထားသော မြေကွက်များအား စာချုပ်ဖြင့် ရောင်းချခဲ့ပြီး ၂၂-၉-၂၀၀၄ ရက်နေ့တွင် ကောလင်းမြို့နယ် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

အဆိုပါမြေကွက် ၂ ကွက်ကို ဝယ်ယူခဲ့သူ ဦးလှသိန်းမှ အိမ်ဆောက်ခြင်း၊ ခြံခတ်ခြင်း၊ အမည် ပြောင်းဂရန်လျှောက်ထားခြင်းတို့ မဆောင်ရွက်ဘဲ ဦးလှသိန်းမှ ဒေါ်ဌေးဌေးဝင်းထံသို့ ထပ်မံရောင်းချခဲ့ရာ ဌေးဌေးဝင်းမှ ကောလင်းမြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ၁၇-၁-၂၀၁၂ ရက်စွဲပါစာအမှတ် (၂/၂၀၁၂)ဖြင့် မှတ်ပုံတင်ခဲ့ပါကြောင်း၊ ဒေါ်ဌေးဌေးဝင်းမှ ဝယ်ယူပြီးနောက် သုဝဏ္ဏရပ်ကွက်နေ ဦးချစ်လှိုင်ပါ ၆ ဦးနှင့် ဦးဝင်းကိုကိုတို့မှ လမ်းမြေကို ဂရန်ရယူ၍ အခြားတစ်ဦးသို့ လွှဲပြောင်းမည့်ကိစ္စကို ကန့်ကွက်ကြောင်းနှင့် လမ်းမြေ ပြန်လည်ဖော်ထုတ်ပေးရန် မြို့နယ်/ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသီးသီးလိပ်မူပြီး တိုင်ကြားခဲ့ပါကြောင်း၊ ထိုသို့တင်ပြချက်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ အဆိုပါ စစ်ဆေးရေးအဖွဲ့မှ မြေကွက်အမည်ပေါက်သူ ဦးအောင်ကျော်ထွန်းနှင့် ဦးတင်ဦးတို့အမည်ဖြင့် ၁၀ နှစ် မြေငှားဂရန် ထုတ်ပေးသော်လည်း ၂၁-၄-၂၀၁၄ ရက်နေ့တွင် ဂရန်သက်တမ်းကုန်ဆုံးပြီဖြစ်ပါကြောင်း၊ ယနေ့အထိ ၎င်းတို့၏ အမည်ပေါက်ရှိနေကြောင်းနှင့် ဒေါ်ဌေးဌေးဝင်း အမည်ဖြင့် တရားဝင်ဝယ်ယူထားသော်လည်း လမ်းမြေဖြစ်နေ၍ အမည်ပြောင်းသက်တမ်းဂရန်ထုတ်ပေးရန်မသင့်ကြောင်း တွေ့ရှိသုံးသပ်ချက်ကို တင်ပြခဲ့ပါကြောင်း၊ အဆိုပါ သုံးသပ်ချက်များအရ အဆင့်ဆင့်တင်ပြခဲ့ပြီး အထက်ဌာနများ၏ စိစစ်ခွင့်ပြုချက်များအရ သက်ဆိုင်ရာ ကော်လိတ္တော်အရာရှိမှ မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါမြေငှားဂရန် ၂ ခုအား ၁၄-၁-၂၀၁၃ ရက်နေ့ ရက်စွဲပါစာအမှတ်ဖြင့် ပယ်ဖျက်ခဲ့ပြီးဖြစ်ပါကြောင်း။

လမ်းမြေများကို ဝယ်ယူထားသူ ဒေါ်ဌေးဌေးဝင်းမှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဆုံးရှုံးမှုများအပေါ် ပြန်လည်စဉ်းစားပေးရန် ၁၅-၇-၂၀၁၃ ရက်နေ့တွင် ထပ်မံတင်ပြခဲ့ပါကြောင်း၊ တင်ပြခဲ့သည့် နေရာသည် လမ်းမြေဖြစ်ခြင်း၊ မြေဂရန်ချထားပေးသော်လည်း အဆောက်အအုံဆောက်လုပ်မှုမရှိခြင်း၊ ဂရန်ဖျက်သိမ်းမှုအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ခြင်းတို့ကြောင့် ပြန်လည် ချထား ပေးမည်မဟုတ်ကြောင်း ကာယကံရှင်အနေဖြင့် နစ်နာမှုအတွက် စာချုပ်စာတမ်းဖြင့် မြေရောင်းချသူများထံမှ ပြန်လည်တောင်းဆိုသွားရေး ကာယကံရှင်အား ခေါ်ယူရှင်းလင်းရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၅-၃-၂၀၁၆၃ ရက်စွဲပါစာအမှတ်ဖြင့် ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှူးအား ညွှန်ကြားခဲ့သည့်အတွက် ဌေးဌေးဝင်းကို ၂၅-၃-၂၀၁၃ ရက်နေ့တွင် ခေါ်ယူအသိပေးရှင်းလင်းခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကောလင်းမြို့၊ မြို့မကုန်းရပ်ကွက်၊ အကွက်အမှတ်(၂၉) ဦးပိုင်အမှတ် (၃၂၀/က) နှင့် ဦးပိုင်အမှတ် (၃၂၀/ခ)တို့၏ ဦးအောင်ကျော်ထွန်း၊ ဦးတင်ဦး အမည်ပေါက် မြေငှားဂရန်များကို ကော်လိတ္တော်အရာရှိမှ မြေယာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပယ်ဖျက်ပြီးဖြစ်သည့်အတွက် ဒေါ်ဌေးဌေးဝင်းအနေဖြင့် ၎င်း၏ နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ မြေကွက်ဝယ်ယူစဉ်က ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်များအတိုင်း တည်ဆဲဥပဒေများနှင့် ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။