ပညာရေးနှင့်ပတ်သက်၍ မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှသာလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အတွက် နိုင်ငံတိုင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက် ရန်အတွက် စီမံကိန်းများချပြီး လုပ်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကဏ္ဍကို အထူးဦးစားပေးပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခြေခံ ပညာရေးကို လူတိုင်း တတ်မြောက်အောင် သင်ကြားရန် မူဝါဒများ ချမှတ်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများကို နိုင်ငံသူ/နိုင်ငံသား များ အားလုံး သိရှိနားလည်ပြီး အထူးသဖြင့် ပညာ မတတ်မြောက်လျှင် မိမိတို့၏ လူမှုရေးဘဝ နောက်ကျ ကျန်ရစ်မည် ဖြစ်သည့် အတွက် နိုင်ငံတော်၏ စီမံကိန်းများကို နောက်မှ လိုက်ပါဆောင်ရွက် အကောင်အထည်ဖော် နေခြင်းဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဝါးကျွန်းတွင်းကျေးရွာလေးသည် ယခင်က နိုင်ငံတော်၏ အစီအမံများ၊ ပညာမတတ် မြောက်လျှင် မိမိတို့၏ ဘဝများ နောက်ကျမည်ဆိုပြီး နှစ်မိုင်လောက်ဝေးကွာသည့် ထန်းတပင်ကျေးရွာ၊ မူလတန်းဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ ကလေးများ သွားရောက်ပြီး ယခုအခါ ဘုန်းတော်ကြီးကျောင်းပညာရေးတွင် ဦးဆောင်ဆရာတော် သည် ကျန်းမာရေးမကောင်းသည့်အတွက် ဘ.က ပညာရေးကျောင်း ပိတ်လိုက်ရသည့်အတွက် ဝါးကျွန်းတွင်းကျေးရွာမှ ကျောင်းသူ/သား များ ပညာရေးအခက်အခဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာတတ်မြောက်မှုအတွက် မိမိတို့ကျေးရွာမှ ကျေးရွာပိုင် မြေဝယ်ပြီး ကျေးရွာမှ ပညာ တတ်မြောက်ခဲ့သည့် ဆရာ/မများကို ငါးယောက်ကိုငှားရမ်း အသုံးပြုနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စီမံကိန်းများကို အကောင်အထည်ဖော်ပြီး ပညာတတ်မြောက်မှုကိုလိုလားသည့် ဝါးကျွန်းတွင်းကျေးရွာလေးသည် မြေလည်းရှိပြီးဖြစ်ပါကြောင်း၊ လက်ရှိတွင် ကျောင်းဆရာ ငါးယောက်ကို သုံးသိန်းခွဲကျော်လောက် ငှားရမ်းပြီး ပညာရေးကို အားပေးနေခြင်းဖြစ်သည့်အတွက် ပညာရေးဌာနမှ ၂၀၂၀-၂၁ ပညာသင်နှစ်တွင် ဝါးကျွန်းတွင်းကျေးရွာကို မူလတန်း ကျောင်းခွဲအနေနှင့် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းခဲ့သည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် အခြေခံပညာ မူလတန်း ကျောင်း(ခွဲ) ၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာ မူလတန်း လွန်ကျောင်း ၉ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၇ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းပေါင်း ၈ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၇ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းအဆင့် ၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း ၃၇ ကျောင်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဝါးကျွန်းတွင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွင် မူလတန်း အဆင့်သင် ကျောင်းသားသည် လက်ရှိ ၃၈ ဦးသာရှိပြီး အနီးဆုံးကျောင်းဖြစ်သည့် ထန်းတပင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှင့် ၂ မိုင်ခန့် ခရီးအကွာအဝေးအတွင်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပခုက္ကူမြို့နယ်၊ ဝါးကျွန်းတွင်း ကိုယ့်အားကိုယ်ကိုး မူလတန်း ကျောင်းသည် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ရန် ဦးစားပေး အစီအစဉ် တွင် မပါရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
