(ဃ)-မြန်မာနိုင်ငံတွင် P.R ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွားဆရာဝန်ကြီးများနှင့်ပတ်သက်၍ ကန့်သတ် ချုပ်ချယ်မှုများကို တခြားနိုင်ငံများကဲ့သို့ ဖြေလျှော့ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၉.၁၁.၂၀၁၉)

 

၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားအထူးကုဆရာဝန်ကြီး အချို့သည် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားတိုင်းပြည်များသို့သွားရောက် လုပ်ကိုင်နေထိုင်ခဲ့ကြရပါကြောင်း၊ ဦးနှောက်ယိုစီးခြင်း(Brain Drain)ဖြစ်ခဲ့ရပြီး တိုင်းပြည်အတွက် နစ်နာခဲ့ရပါကြောင်း၊ ထို့နောက်ပိုင်းတွင် ပြည်သူလူထု ရွေးကောက်တင်မြှောက်သည့်အစိုးရများ၊ လွှတ်တော်များပေါ်ပေါက်လာပြီး တိုင်းရင်းသားအထူးကုဆရာဝန်ကြီးတချို့သည် နိုင်ငံတကာမှ နှစ်ပေါင်းများစွာ မိမိတို့ရရှိခဲ့သည့် တန်ဖိုးကြီးလှစွာသောအတွေ့အကြုံ၊ ပညာရပ်များကို မျှဝေ အသုံးချ၍ အမိမြန်မာနိုင်ငံရှိဆရာဝန်များနှင့် ပြည်သူများအကျိုးငှာ အမိနိုင်ငံတွင် အမြဲပြန်လည် နေထိုင်ရန် ပြန်လည်ရောက်ရှိလုပ်ကိုင်ခဲ့ကြပါကြောင်း၊ ၎င်းတို့သည် PR-Permanent Resident ခေါ် နိုင်ငံတွင်းအမြဲနေထိုင်ခွင့်လျှောက်ထားရရှိခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ထိုင်း၊ စင်ကာပူ စသော အာဆီယံနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျ အစရှိသော နိုင်ငံများတွင် PR ရရှိပြီးသူများသည် ရွေးကောက်ပွဲများတွင် ဝင်ရောက်အရွေးခံခွင့်နှင့် မဲပေးပိုင်ခွင့် များမှလွဲ၍ ကျန်ရှိသောနိုင်ငံသားအခွင့်အရေးများ အပြည့်အဝတစ်ပြေးညီရရှိကြောင်း သိရှိရပါ ကြောင်း၊

ယခုအခါ မြန်မာနိုင်ငံတွင် PR ရရှိပြီးဖြစ်သူ မူလမြန်မာနိုင်ငံဖွားအထူးကုဆရာဝန်ကြီးများနှင့် ပတ်သက်၍ လိုင်စင်ကြေးအပြင် အခြားသတ်မှတ်ထားသော အခြားကြေးငွေများပေးသွင်းရ သည့်အပြင် ကုသခွင့်ရှိသောဆေးပညာအမျိုးအစား၊ နေရာ၊ ဒေသနှင့် အချိန်ကာလများကို သီးခြား သတ်မှတ်ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးရှိနေသဖြင့် နိုင်ငံပြည်သူများနှင့်  ဆေးပညာရှင်ဆရာဝန် များအတွက် အကျိုးပြုထမ်းဆောင် တန်ဖိုးမဖြတ်နိုင်သည့်အတွေ့အကြုံ၊ ပညာရပ်များ မျှဝေပေး လိုသော အထူးကုဆရာဝန်ကြီးများအတွက် အခက်အခဲများကြုံတွေ့နေရသည့်အပြင် နောက်ထပ် ပြည်တော်ပြန်ဝင်လိုကြသော မြန်မာပြည်ဖွားတိုင်းရင်းသားဆရာဝန်ကြီးများအတွက်လည်း အဟန့် အတားဖြစ်နေရပါကြောင်း၊ ထို့ကြောင့် Permanent Resident ရရှိပြီးသူ မူလမြန်မာနိုင်ငံဖွား တိုင်းရင်းသားအထူးကုဆရာဝန်ကြီးများနှင့်ပတ်သက်၍ ကန့်သတ်ချုပ်ချယ်မှုများကို တခြားနိုင်ငံ များကဲ့သို့ ဖြေလျှော့ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့်အတိုင်း မှန်သင့်သလောက် မှန်ပါကြောင်း၊ မိမိတို့ နိုင်ငံကို လာသည်မှာ နှစ်မျိုးရှိပါကြောင်း၊ တစ်ခုက အခြားနိုင်ငံသားဖြစ်နေသော American Citizen၊ UK Citizen လာသည့်ဆရာဝန်များ Group ရှိပါကြောင်း၊ နောက်တစ်ခုက မြန်မာပြည်သား သို့မဟုတ် American Citizen ဖြစ်သူများ လာပါကြောင်း၊ ၎င်းတို့လာသည့်အခါ မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိလုပ်ငန်းများကို ခွဲစိတ်၊ကုသပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းပေးမည် ဆိုပါက ငွေကြေးလုံးဝမယူပါကြောင်း၊ Free of Charge ပေးပါကြောင်း၊ သို့သော် ၎င်းတို့လာ သည့်အခါ ပုဂ္ဂလိကဆေးရုံထဲတွင် တစ်လ၊ နှစ်လ၊ သုံးလလာမည်ဆိုပါက ပိုက်ဆံယူသည်ကို တွေ့ရပါကြောင်း၊ နည်းနည်းပါးပါးယူသည်မှာ အကြောင်းရှိပါကြောင်း၊ လာသည့် ဆရာဝန်တိုင်း အားလုံးက အခြားနိုင်ငံတွင်အရည်အချင်းရှိလား/မရှိလား မိမိတို့မသိပါကြောင်း၊ အရည်အချင်းရှိ/မရှိ Good Standing Certificate ကအစ အကုန်လုံးကြည့်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ဆေးကောင်စီဥပဒေတွင် အခန်း(၂) အပိုဒ် ၃ အပိုဒ်ခွဲ(က)တွင် အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးခံစားခွင့်ရရှိရန်၊ ဆရာဝန်များ၏ ဆေးပညာဗဟုသုတ ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်း ကို အစဉ်တစိုက် ထိန်းသိမ်းမြှင့်တင်ရန်၊ ဆေးပညာကို ခေတ်နှင့်အညီ လေ့လာသင်ကြားနိုင်ရန် အစရှိသည်တို့ ဖြစ်ပါကြောင်း၊ ထိုအပေါ်မူတည်ပြီး ၎င်းတို့တွင် စစ်ရပါကြောင်း၊ အရည်အချင်းရှိလား၊ Calibre quality ရှိလား၊ Good Standing Certificate ကြည့်ရပါကြောင်း၊ မိမိတို့က နိုင်ငံခြားသားဆရာဝန် American Citizen၊ UK Citizen တို့လိုမျိုးဆိုလျှင် တစ်လလျှင် ခြောက်သိန်းယူသည့်ကိစ္စကိုလည်း ဆေးကောင်စီဥက္ကဋ္ဌနှင့့်လည်း ဆွေးနွေးပြီးပြီ ဖြစ်ပါကြောင်း၊ မိမိတို့က လုံးဝလျှော့ပါမည် ဖြစ်ပါကြောင်း၊ ဆေးကောင်စီသည် ဝင်ငွေရှာသည့်ကောင်စီ မဟုတ်ပါ ကြောင်း၊ ဆရာဝန်များ၏ စည်းကမ်း၊ ကျင့်ဝတ်နှင့် အားလုံးကို ထိန်းသိမ်းသည့် ကောင်စီဖြစ်သည့် အတွက် ဝင်ငွေရှာစရာမလိုပါကြောင်း၊  ခြောက်သိန်းကိုလည်း အတိအကျပြောလို့မရပါကြောင်း၊ မိမိတို့ အများကြီးလျှော့ရန်စဉ်းစားထားပြီးသည့်အပြင် နိုင်ငံခြားသားအဖြစ်ခံယူထားသော မြန်မာပြည် ကိုပြန်လာသော အထူးကုဆရာဝန်များကို တစ်လလျှင် သုံးသိန်းယူသည်ကိုလည်း လျှော့ရန်ဆွေးနွေး ပြီးပြီ ဖြစ်ပါကြောင်း၊ ယခုမှာလာသည်နှင့် သုံးလစာ ယူလိုက်ပါကြောင်း၊ ဆရာဝန်တစ်ဦးသည် နှစ်ပတ်နှင့်ပြန်သွားလျှင်လည်း သုံးလစာပေးလိုက်ရပါကြောင်း၊ တစ်ရက်နှင့်လာပြီးပြန်သွားပါက သုံးလစာပေးလိုက်ရကြောင်း၊ တကယ်ကသိပ်ပြီးမကောင်းပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့က လချင်း ယူမည်၊ တစ်လလာပါက တစ်လခယူမည်၊ အနည်းဆုံး တစ်လစာခန့်ယူမည်၊ အပတ်နှင့် မယူဘဲ လနှင့်သာ ယူမည် ဖြစ်ပါကြောင်း၊ တစ်လလာပါက တစ်လစာ၊ နှစ်လလာပါက နှစ်လစာ၊ သုံးလ လာပါက သုံးလစာ ဆွေးနွေးထားပါကြောင်း၊ အဖြစ်နိုင်ဆုံး လုပ်ရန်ရှိပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး မိမိကိုလူကြီးကလည်း နိုင်ငံခြားတွင်ရောက်နေသော မြန်မာဆရာဝန် (Diaspora group of ဆရာဝန်) များကို လာအောင်ဆွဲဆောင်ပါဟု ပြောထားပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးပြောသည့်အတိုင်းလာပါက နိုင်ငံခြားတွင် ဖြစ်ပေါ်နေသော နောက်ဆုံးပေါ် Technique များ၊ ကုသထုံးများ မိမိတို့သိရှိမည်၊ ထို့နောက် သင်တန်းတက် နေသောဆရာဝန်များ၊ ဆေးကျောင်းသားများကို သင်ပေးနိုင်မည်၊ Workshop များလုပ်မည်ဆိုပါက မိမိတို့အတွက်က အများကြီးရှိပါကြောင်း၊ သို့မှသာ ကမ္ဘာကြီးထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည် ကို အားလုံးသိမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတို့ကိုလာချင်အောင် ဆွဲဆောင်ရန်တာဝန်က မိမိတို့ တာဝန်ပဲဖြစ်ပါကြောင်း၊ အဆိုပါကိစ္စကို အဖြစ်နိုင်ဆုံးလုပ်ရန်ဆုံးဖြတ်ထားပါကြောင်း၊ မိမိ အမေရိကန်နိုင်ငံသွားသည့်အခါ နယူးယောက်၊ ဘယ်လ်တီမော၊ အယ်လ်အေရှိ ဆရာဝန်အဖွဲ့ သုံးဖွဲ့ရှိပါကြောင်း၊ အဆိုပါအဖွဲ့သုံးဖွဲ့ကလည်း Complaint လုပ်ပါကြောင်း၊ သိပ်များပါကြောင်း၊ နည်းနည် လျှော့ပေးပါ၊ နှစ်ရက်၊ တစ်လ၊ တစ်ပတ်၊ သုံးလလာပါက သုံးလစာပေးရသည်မှာ  တကယ်က မယူသင့်ကြောင်း ပြောကြပါကြောင်း၊ ၎င်းကိစ္စကို သေသေချာချာလုပ်ပေးမည် ဖြစ်ကြောင်း ဖြေကြားပါသည်။