(င)-မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိုအပ်ချက်နှင့်အညီ အင်အား တိုးချဲ့ဖွဲ့စည်းရန်နှင့် တပ်ဖွဲ့၏ အခြေခံ လိုအပ်ချက်များ အပါအဝင် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရေး မည်သို့မည်ပုံ စီမံဆောင်ရွက် ထားရှိကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၇.၁၁.၂၀၁၉)

မြို့ရွာများ တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထု ဘေးကင်းလုံခြုံစွာ ရှိရန် အနီးကပ် ဝန်ဆောင်မှုပေးရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိုအပ်ချက်နှင့်အညီ အင်အားတိုးချဲ့ ဖွဲ့စည်းရန်၊ တပ်ဖွဲ့၏ အခြေခံလို အပ်ချက်များ အပါအဝင် လုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားလာမှု မည်ကဲ့သို့ စီမံဆောင်ရွက် ထားပါသလဲဆိုသည့် မေးခွန်းဖြစ်ပါကြောင်း၊

တည်ငြိမ်အေးချမ်းပြီး ဘေးကင်းလုံခြုံစွာ ပြည်သူလူထု နေထိုင်မှသာ တရားဥပဒေ စိုးမိုးပြီး နိုင်ငံ၏ ဖွံ့ဖြိုးမှုရှိလာမည် ဖြစ်ပါကြောင်း၊ ၎င်းလိုအပ်ချက်ကို အဓိက ဝန်ဆောင်မှုပေးရသည်က ရဲတပ်ဖွဲ့သာ ဖြစ်ပါကြောင်း၊ ယခုအခါတွင် ၎င်းကို ရဲတပ်ဖွဲ့မှ ဝန်ဆောင်မှု ပြည့်ပြည့်ဝဝ မပေးနိုင်သည်ကို မိမိတို့ သွားတွေ့ရသည် ဖြစ်ပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့အင်အားသည်မိ မိလေ့လာသိရှိရသမျှ ၇၀၀၀၀ ကျော် ၈၀၀၀၀ ခန့်သာ ရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာတွင် ကြည့်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင် တစ်ယောက်သည် လူ ၄၀၀ ကို တာဝန်ယူရသည့် အပိုင်းရှိပြီး မြန်မာနိုင်ငံတွင် လူတစ်ထောင်ကို ရဲတပ်ဖွဲ့ဝင် တစ်ယောက်ခန့် တာဝန်ယူ နေရပါကြောင်း၊ အဓိက လူဦးရေထူထပ်သည့် မြို့၊ ရွာများ၊ မြို့ကြီးများတွင် ကြည့်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် ၁၂၀၀ ပတ်ဝန်းကျင်ခန့် တာဝန်ယူနေရခြင်း ရှိပါကြောင်း၊ ထို့ကဲ့သို့ တာဝန်ယူရသည့်အပြင် ရဲတပ်ဖွဲ့ဝင်အင်အာ်သည် နည်းပြီး အဓိကတရားရုံး ထုတ်သည့် အခါတွင် ဝန်ဆောင်မှု ပေးရ၊ ဘဏ်ငွေသွင်း၊ ငွေထုတ် လုပ်သည့် အချိန်တွင် ဝန်ဆောင်မှုပေးရ၊ လမ်းလုံခြုံရေး ဝန်ဆောင်မှုပေးရနှင့် ထောင်ကျအကျဉ်းသားများကို ပို့သည့် အချိန်တွင် ဝန်ဆောင်မှု ပေးရသည့်အတွက် ရဲတပ်ဖွဲ့ဝင်အင်အားသည် ရဲစခန်း လုံခြုံရေးအတွက်သာ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မလုပ်နိုင်ပါကြောင်း၊ အမှုဖြစ်ပြီးမှသာ ဒဏ်ရာရသည့် လူကို ဆေးရုံပို့၊ အမှုဖွင့်၊ သေသည့် လူကို အလောင်းကောက် တရားခံ ထွက်ပြေးသည့်အချိန်တွင် အင်အားမရှိသည့်အတွက် တရားခံပြေးဖြင့် အမှုဖွင့်ရသည့် အခြေအနေမျိုးများကို မိမိတို့ လက်ရှိတွေ့နေရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့၏ အင်အားနည်းမှုပေါ်တွင် ပြည်သူလူထုက မသိသည့်အတွက် ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ယူမှု၊ တာဝန်ခံမှု နည်းပါးသည်ဆိုပြီး ယုံကြည်မှုအား ပိုမိုနည်းလာသည်ကို တွေ့ရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ ရဲတပ်ဖွဲ့ပေါ်တွင် လစာစရိတ်၊ ခရီးစရိတ်၊ ဆက်စပ်ပစ္စည်းများ ရပိုင်ခွင့် များနှင့် ပတ်သက်ပြီး မိမိတို့တွေ့ရသည်မှာ လွန်စွာအားနည်းနေသည်ကို တွေ့ရပါကြောင်း၊ ထို့အတူ ရဲတပ်ဖွဲ့ဝင်များသည် ကြာလာသည်နှင့်အမျှ လုပ်ငန်းစွမ်းဆောင်ရည်များ နည်းလာသည့်အတွက် စွဲဆိုသည့် အမှုတွေပေါ်တွင် အခက်အခဲများ များစွာတွေ့ရသည့်အပြင် တချို့ကိစ္စများတွင် လုံခြုံမှု ပေးရာတွင်လည်း များစွာအားနည်းနေသည်ကိုတွေ့ရပါကြောင်း၊

ထို့ကြောင့် မိမိအနေဖြင့် ပြည်သူလူထုအတွင်းတွင် တရားဥပဒေစိုးမိုးပြီး ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့နိုင်ရေးနှင့် ပတ်သက်ပြီး သော်လည်းကောင်း၊ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် မြင့်မားလာရေးနှင့် သော်လည်းကောင်း၊ ဆက်စပ်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပတ်သက်ပြီး သော်လည်းကောင်း ဝန်ကြီးဌာနက မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။  


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မှုခင်းဖြစ်ပွားမှု မြင့်မားခြင်းသည် ဒီမိုကရေစီ ဖြစ်ထွန်းစ နိုင်ငံများအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး မှုခင်းဖြစ်ပွားစေသည့် အခြေခံအကြောင်းရင်းများကို တင်ပြအပ်ပါကြောင်း၊ ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံတွင် အရာရှိ ၂၈၇၃၆ ဦး၊ အခြားအဆင့် ၁၄၆၄၇၅ ဦး စုစုပေါင်း ၁၇၅၂၁၁ ဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ အရာရှိ ၁၅၀၀၈ ဦး၊ အခြားအဆင့် ၆၉၄၇၈ ဦး စုစုပေါင်း ၈၄၄၈၆ ဦးရှိသည့်အတွက် ဖွဲ့စည်းပုံအင်အား၏ ၄၈.၂၂ ရာခိုင်နှုန်းဖြင့် တာဝန်ဝတ္တရားများ  ထမ်းဆောင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၄ သန်းကျော်ရှိသည့်အတွက် ရဲတပ်ဖွဲ့နှင့် ပြည်သူအချိုးသည် ၁၆၄၃ ဦးဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ ပြည့်မီရေးအတွက် ၁၃-၂-၂၀၁၉ ရက်စွဲပါစာဖြင့် နိုင်ငံတော် သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် တပ်ဖွဲ့၊ ဦးစီးဌာနများ၌ ဖွဲ့စည်းပုံ၏ ရာခိုင်နှုန်းပြည့် ခန့်အပ်နိုင်ရေးမူအဖြစ် သဘောတူ ခွင့်ပြုပြီးဖြစ်သည့်အတွက် အင်အားပြည့်မီရေး စီမံချက်ရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူရသည့် အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အဆင့် အကြီးအကဲများ၊ အစည်းအဝေးများ၊ စီမံကိန်းများ၊ အရေးကြီး လမ်းတံတားများ၊ နိုင်ငံခြား သံတမန်များနှင့် နယ်စပ် ဒေသလုံခြုံရေးများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသည့်အတွက် အဆိုပါ တာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ၂၇ ခု နှင့် နယ်ခြားစောင့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ ရှစ်ခုတို့ကို ဖွဲ့စည်း၍ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားဥပဒေ စိုးမိုးရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရဲတပ်ဖွဲ့များမှ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှိပါကြောင်း၊

တင်ပြပါအတိုင်း တရားခံများ ရုံးထုတ်ခြင်း မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ လအထိ အမှုကြီး ၁၀ မျိုး၊ အခြားအမှု ၁၀ မျိုးနှင့် ကြိုတင်ကာကွယ်မှု ၁၀ မျိုး၊ ကာလတူ ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ ဖြစ်ပွားသည့်အမှု နှိုင်းယှဉ်ချက်ကို လူဦးရေ တစ်သိန်းနှုန်းနှင့် တွက်ချက်ထားမှုကို ကြည့်မည်ဆိုပါက လူသတ်မှုသည် ၁၆ မှုတိုးလာခြင်း ဖြစ်ပါကြောင်း၊ ဓားပြမှု နှစ်မှုတိုးလာပြီး လုယက်မှု ၇၀ မှု လျော့သွား ပါကြောင်း၊ ပြန်ပေးဆွဲမှု ငါးမှု တိုးလာပါကြောင်း၊ မုဒိမ်းမှု ၂၂၈ မှု လျော့သွားပါကြောင်း၊ ဖောက်ထွင်းမှု သုံးမှု၊ တိရစ္ဆာန်ခိုးမှု ခုနစ်မှု၊ လက်နက်မှုတွင် ခုနစ်မှု တိုးလာကြောင်း၊ စုစုပေါင်း ပြန်ကြည့် မည်ဆိုပါက အမှုကြီး စုစုပေါင်း ၃၀၀ လျော့ကျသွားသည်ကို တွေ့ရမည်ဖြစ်ပြီး အခြားအမှု စုစုပေါင်းက ၄၁၃၅ မှု လျော့ကျသွားသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တစ်နိုင်ငံလုံး ခြုံကြည့်မည်ဆိုပါက ရဲနှင့်ပြည်သူ အချိုးသည် ၆၄၃ ဦးရှိသော်လည်း ပြည်သူလူထု နေထိုင်မှု ထူထပ်သည့် တိုင်းဒေသကြီးများတွင် ရဲနှင့် ပြည်သူအချိုးသည် ၁၀၇၈ ဦးခန့် ရှိသည့်အတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကြိုတင် ကာကွယ်မှု အခြေခံပြီး ဒေသရှိ ပြည်သူများ၏ တွန်းအားဖြင့် လုပ်ဆောင်သည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစဉ် Community Policing ဖြင့် အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိသည့်အပြင် မှုခင်းထူထပ်သည့် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် Police Command Center ကို ဖွင့်လှစ်ပြီး မန္တလေးမြို့ပေါ် လေးမြို့နယ်ရှိ ယခင်ပြစ်မှုအများဆုံး ဖြစ်ပွားခဲ့သည့် နေရာ ၂၁ နေရာတွင် ရွေ့လျားကင်မရာနှင့် ပုံသေကင်မရာ ၄၀ လုံးအားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် Command and Control Center ကို ဖွင့်လှစ်ပြီး ရန်ကုန်မြို့တွင်းနှင့် ပြည်သူများသွားလာသည့် အမှုများပြားသည့် နေရာ ၄၅ နေရာကို CCTV Camera ၃၁၄ လုံးအား တပ်ဆင်ပြီး ပြည်သူများကို စောင့်ကြည့် အကာအကွယ်ပေးလျက် ရှိပါကြောင်း၊ ပြစ်မှုများ ကြိုတင်ကာကွယ်ရေး အတွက် ၂၀၁၈ ခုနှစ်တွင် ကြိုတင်ကာကွယ်မှု ၂၂၀၁၄၄ မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ကြိုတင်ကာကွယ်မှုသည် ၃၀၄၂၅၉ မှု တိုးမြှင့် ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲလေ့ကျင့်ရေး သင်တန်းကျောင်း ခုနစ်ကျောင်း ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများအား ခေတ်နှင့်အညီ ရေးဆွဲ၍ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များ အတွက် သင်တန်းပို့ချပေးသည့် သင်တန်းများ ရှိပါကြောင်း၊ ခရိုင်မှူး သင်တန်းအပါအဝင် သင်တန်းများ မိမိတို့ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးများ မွမ်းမံသင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အရာရှိများသည် အဆင့်လိုက် သတ်မှတ်ဖွင့်လှစ်ထားသည့် သင်တန်းများကို တက်ရောက်ပြီးမှသာ အဆင့်လိုက် သတ်မှတ်ထားသည့် တာဝန်များကို ပေးအပ်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် သင်တန်းများအပြင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများအတွက် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာတို့မှ သင်တန်းများကို အလုပ်ရုံ ဆွေးနွေးပွဲများ၊ တပ်မတော်ဆိုင်ရာ သင်တန်းများမှ ပို့ချခြင်း၊ တက်ရောက် ဆွေးနွေးစေခြင်းတို့ကို လည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ သင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်မှုများ ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ပြစ်မှုများကို စုံစမ်းထောက်လှမ်းရာတွင် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအပေါ် အခြေခံ၍ ငွေစက္ကူအတုများ၊ လက်မှတ်အတုများ၊ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ မမြင်ရသည့် လျှို့ဝှက်စာများ၊ DNA စစ်ဆေးခြင်း၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့်ဆက်စပ်သည့် ဆက်သွယ်ရေး ကွန်ရက်စနစ် မှုခင်းများနှင့် လက်နက်ခဲယမ်းဆိုင်ရာ မှုခင်းများအား ဖော်ထုတ်ပေးခြင်းတို့ကို ခေတ်မီနည်းပညာ အထောက်အကူပြု ပစ္စည်းများဖြင့်‌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင် မူးယစ်ဆေးဝါး သယ်ဆောင်မှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် Mobile X-Ray မော်တော်ယာဉ်နှစ်စီးနှင့် Mini X-Ray စက်ရှစ်လုံးကို ဝယ်ယူပြီး မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးလုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Mobile X-Ray မော်တော်ယာဉ် အသစ်နှစ်စီး ထပ်မံဝယ်ယူရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင်များ နေထိုင်ရေး အဆင်ပြေစေရန်အတွက် လက်ရှိ နေထိုင်လျက်ရှိသည့် နေအိမ်လိုင်းခန်းများမှ ပြုပြင်ရန်ရှိသည့် နေအိမ်လိုင်းခန်းများ၊ အသစ်ဆောက်လုပ်ရန် လိုအပ်သည့် နေအိမ်လိုင်းခန်းများကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးခဲ့သည့်အချိန်တွင် ရဲစခန်း ၆၄၀ ခုအတွက် အဆောက်အဦ ၁၆၉၈ လုံးအား ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းအားလည်းကောင်း၊ ရဲစခန်း ၂၆၈ ခုအတွက် အဆောက်အဦ ၆၉၈ လုံးအား အသစ် ဆောက်လုပ်ပေးခြင်း လုပ်ငန်းအားလည်းကောင်း ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့ပါ၍ မြို့ရွာများ တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထု ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပြင် အဖွဲ့အစည်းပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံတို့မှ တာဝန်ရှိသူများ စုပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာအား စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်းနှင့် ဖွဲ့စည်းပုံ ပြည့်မီရေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိခြင်း၊ တပ်ဖွဲ့ဝင်များ အရည်အချင်း မြင့်မားတိုးတက်မှု ရှိစေရန် ရဲတပ်ဖွဲ့မှ ဖွင့်လှစ်သည့် သင်တန်းများ၊ ပြည်ပမှ ဖွင့်လှစ်သည့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများသို့ စဉ်ဆက်မပြတ် တက်ရောက်စေသည့်အပြင် တပ်ဖွဲ့ တစ်ခုလုံး၏ လိုအပ်ချက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ထောက်ပံ့ရေးဌာနကြီး၊ မြို့နယ် အသီးသီးတွင်ရှိသည့် ငွေစာရင်းများ ဖွင့်လှစ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။