(ဃ)-လက်ပံတန်းမြို့နယ်ရှိ ကမ်းရင်းတာဟောင်းအား ကျေးရွာချင်းဆက်လမ်းအဖြစ်လမ်းအဆင့် တိုးမြှင့် ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၅.၁၁.၂၀၁၉)

ဧရာဝတီမြစ်နှင့် မြစ်မခမြစ်တို့သည် လက်ပံတန်းမြို့နယ်အတွင်း မြောက်မှတောင်ဘက်ကို စီးဆင်းနေပါကြောင်း၊ မြစ်နှစ်စင်း၏ဘေးက ရေကာတာများဖြင့့်် ဧရာဝတီမြစ်ကမ်းနံဘေးတွင် နေထိုင်ကြသော ကျေးရွာများနှင့် စိုက်ပျိုးမြေများကို ရေကြီးရေလျှံမှုမှကာကွယ်ပေးထားပါကြောင်း၊ ဧရာဝတီမြစ်၏ရေကာတာသည် မိုးညိုမြို့နယ်ထိန်တောအစပ်မှ ဇလွန်မြို့နယ်အစပ်အထိ ၂၇ မိုင် ၆ ဖာလုံ ရှည်လျားပါကြောင်း၊ လက်ပံတန်း၊ ဟင်္သာတ မဟာဗျုဟာကားလမ်းသည် ဧရာဝတီ ရေကာတာနှင့် သာရဝေါရွာတွင် ဆုံပါကြောင်း၊ ၎င်းလမ်းသည် လက်ပံတန်းမြို့မှ မိုင် ၂၀ အကွာအဝေးရှိပါကြောင်း၊

ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်းရင်းတာ တစ်လျှောက်ရှိ ကျေးရွာအုပ်စု ၈ အုပ်စုဖြစ်သော ပျဉ်းကတိုးကုန်း၊ ကွမ်းသီးတပင်၊ အိုင်တစ်လုတ်၊ သာရဝေါ၊ စိန်တုံး၊ ရေလျှံ၊ ရှမ်းစု၊ ယွန်းသွယ်စသည့် ကျေးရွာအုပ်စုနှင့် ကျေးရွာပေါင်း ၄၄ ရွာသည် ဟိုရှေးယခင်ကတည်းက ၎င်းတာကိုအုပ်စုချင်း ဆက်လမ်းအဖြစ် အသုံးပြုနေခြင်းဖြစ်ပြီး လက်ပံတန်း၊ ဟင်္သာတ မဟာဗျူဟာကားလမ်းမှတစ်ဆင့် လက်ပံတန်းမြို့ကို နှစ်စဉ်သွားလာနေကြပါကြောင်း၊ ၎င်းရေကာတာကိုသာ လမ်းအဖြစ်အသုံးပြု နေရပါကြောင်း၊ မြေသားလမ်းဖြစ်နေသည့်အတွက် မိုးတွင်းအခါတွင် သွားရေးလာရေး အဆင်မပြေ ဘဲ အခက်အခဲရှိပါကြောင်း၊ ကမ်းရင်းတာဟောင်း၏ အပြင်ဘက်က မူလတာထက်ငါးပေ ပိုမြင့်သော တာအသစ်တစ်လုံးကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ခွင့်ပြုရန်ပုံငွေဖြင့် ယန္တရားကြီးများဖြင့် တည်ဆောက်နေပါကြောင်း၊ ၂၇ မိုင် ၆ ဖာလုံ ရှည်လျားသောတာဟောင်းကို ကျေးရွာအုပ်စုချင်း ဆက်လမ်းအဖြစ်  အသုံးပြုနိုင်ရန်နှင့် အသုံးပြုခွင့်ရမည်ဆိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း၊ တံတားဦးစီးဌာနက တာဝန်ယူပြီး မြေသားလမ်းကို ဂဝံလမ်းအဆင့်မြှင့်တင်ပေး ရန်အတွက် ဝန်ကြီးဌာနနှစ်ခုပေါင်းစပ်ညှိနှိုင်းပြီး ၄၄ ရွာသော ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် သွားရေးလာရေးလွယ်ကူအဆင်ပြေရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့လက်ပံတန်းမြို့နယ်ထဲက ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရင်း တာဟောင်းကို ကျေးရွာအုပ်စုချင်းဆက်လမ်းအဖြစ် သတ်မှတ်ပေးရန်နှင့် မြေသားလမ်းမှဂဝံလမ်း အဆင့်တိုးမြှင့် ပေးရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ညှိနှိုင်းပေါင်းစပ်ပြီး ဖြေကြားပေးရန်မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်၊ မိုးညိုမြို့နယ်များအတွင်း၌ ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတာသည် မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာမှ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အစပ်အထိ အရှည် ၂၇ မိုင် ၆ ဖာလုံရှိကာ လယ်ယာမြေ (၅၅၇၅၂) ဧကနှင့် မြို့ရွာများကို ဧရာဝတီမြစ်ရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ်မှ ကာကွယ်ပေးလျက်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် မိုးရာသီတွင် ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့သောကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ဖြင့်မူလတာ၏ အပြင်ဘက်မြစ်ဘက်ခြမ်းမှ မြစ်ရေအမြင့်ဆုံး မြင့်တက်ခဲ့သည့် ရေမှတ်အထက် အမြင့် ၅ ပေရရှိအောင် တာပုံစံကျပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မူလတာပေါင်မှာ ကုန်းတွင်းဘက်ခြမ်းတွင် ထိပ်ဝအကျယ် ၁၂ ပေရှိသော ပိုးတာအဖြစ်ရှိနေသည့်အတွက် တာတမံ၏ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဌာနမှစွန့်ပစ်ထားခြင်းမရှိဘဲ ထိန်းသိမ်းစီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ တည်ဆောက်ထားသော ရေဘေးကာကွယ်ရေးတာများသည် မြေသားတာတမံများ ဖြစ်သည့်အပြင် မိုးများသောဒေသဖြစ်ခြင်း၊ ဧရာဝတီမြစ်ရေစီးကြောင်း တိုက်စားခြင်းတို့ကြောင့် လုပ်ငန်းသဘောသဘာဝအရ စက်ယန္တရားများဖြင့် လိုအပ်သလိုပြုပြင်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ တာတမံပေါ်တွင် ကျောက်ချောလမ်းခင်းပြီး ဝန်တင်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာပါက ဌာနမှဆောင်ရွက်လျက်ရှိသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို အနှောင့်အယှက်ဖြစ်ပေါ် စေနိုင်သောကြောင့်လည်းကောင်း၊ တာတမံ၏ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သောကြောင့်လည်းကောင်း၊ တာတမံပေါ်တွင် အခိုင်အမာကျောက်ချောလမ်းခင်းရန် မသင့်‌လျော်ပါကြောင်းနှင့် ပြုပြင်ထိန်းသိမ်းရန် လွယ်ကူအဆင်ပြေသောနည်းလမ်းဖြစ်သည့် ဒေသအစီအစဉ်ဖြင့် ရိစာခင်းခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်သင့်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပေါင်းစပ် ဖြေကြားချက်ပေးပို့လာပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဧရာဝတီ မြစ်အရှေ့ဘက် ကမ်းရင်းတာဟောင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လယ်ယာမြေများနှင့်ကျေးရွာများကို ရေကြီးနစ်မြုပ်မှုမှကာကွယ် ပေးထားသည့် မြစ်ရေထိန်းကမ်းရင်းတာဖြစ်ပြီး အဆိုပါတာဟောင်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးနိုင်ခြင်းမရှိပါသဖြင့် ကျေးရွာချင်းဆက်လမ်းအဖြစ် သတ်မှတ်ဆောင်ရွက် ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားပါသည်။