သမဝါယမဦးစီးဌာနဝန်ထမ်းများက သမဝါယဘဏ်(CBဘဏ်)တွင် ထည့်ဝင်ထားသော အစုရှယ်ယာငွေများအပေါ် နှစ်စဉ်အမြတ်ခွဲဝေပေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းပြီးသော သမဝါယမအသင်းများ၏ ငွေစုဘဏ်စာရင်းရှိ စုဆောင်းငွေများကို မည်သို့စီမံဆောင်ရွက်ထားကြောင်း သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ဘဏ်ကြီးတစ်ခုအနေဖြင့်တည်ရှိနေသော CB Bank သည် မူလသမဝါယမဘဏ်၊ သမဝါယမမြှင့်တင်ရေးဘဏ်၊ သမဝါယမတောင်သူလယ်သမားဘဏ်တို့ကိုပေါင်းထားခြင်း ဖြစ်ပါ ကြောင်း၊ ၁၉၉၆-၉၇ ခုနှစ်က သမဝါယမဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနဝန်ထမ်းများ၏ လစာ ၁၀ ရာခိုင်နှုန်းကို ၁၀ လ ဖြတ်တောက်ပြီး သမဝါယမမြှင့်တင်ရေးဘဏ်တွင် အစုရှယ်ယာထည့်ဝင်ခဲ့ ရပါကြောင်း၊ အခြေခံသမဝါယမအသင်းများကလည်း သမဝါယမတောင်သူလယ်သမားဘဏ်တွင် ငွေစုဘဏ်ဖွင့်လှစ်ပြီး အနည်းဆုံးစုဆောင်းငွေ ၅၀၀ ကျပ် စုဆောင်းခဲ့ရခြင်းဖြင့် သမဝါယမဘဏ် လုပ်ငန်း စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်းတွင် CB Bank အနေဖြင့် ရပ်တည်လာသည့် အခါ သမဝါယမအသင်းများက အနည်းဆုံးအစုရှယ်ယာငွေ ၁ သိန်းကျပ် ထည့်ဝင်ကြပါကြောင်း၊ အဆိုပါအစုရှယ်ယာ အနည်းဆုံး ၁ သိန်းကျပ် ထည့်ဝင်ကြသော သမဝါယမအသင်းများကို မိမိယခုမေးခွန်းမေးမြန်းစဉ်ကာလအတွင်း နှစ်စဉ်ရရှိသောအမြတ်ငွေများကို ထုတ်ပေးကြောင်း သိရှိရပါကြောင်း၊ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က အစုရှယ်ယာထည့်ဝင်ခဲ့ကြ သူများက ကာလကြာပြီဖြစ်သည့်အတွက် မိမိတို့အစုရှယ်ယာမည်မျှထည့်သည်ကိုလည်း မသိကြ ပါကြောင်း၊ နှစ်စဉ် အမြတ်ခွဲဝေမည်မျှရသည်ကိုလည်း မသိရှိပါကြောင်း၊ အစုရှယ်ယာရှင်များကို အစုရှယ်ယာ Certificate ပေးထားခြင်းမရှိသည့်အတွက် အစုရှယ်ယာရှင်ဝန်ထမ်း သေဆုံးသွား သည့်အခါ ကျန်ရစ်သူမိသားစုများက အစုရှယ်ယာအမွေဆက်ခံပိုင်ခွင့်ဆုံးရှုံးလျက် ရှိနေပါကြောင်း၊
၁၉၉၆-၉၇ ခုနှစ် သမဝါယမမြှင့်တင်ရေးဘဏ်တွင် အစုရှယ်ယာဖြန့်စဉ်ကာလက ဝန်ထမ်းများ၏ လစာသည် ထောင်ဂဏန်းသာရရှိပါကြောင်း၊ တစ်နှစ်ပြည့်တိုင်းပြည့်တိုင်း မူလအစုရှယ်ယာ ရရှိ သောအမြတ်ငွေများကို ထပ်ပေါင်းဖြည့်သွားမည်ဟုလည်း မရေမရာသိရှိခဲ့ရပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မေးမြန်းလိုသည်မှာ နံပါတ်(၁) သမဝါယမမြှင့်တင်ရေးဘဏ် ယခု CB Bank တွင် အစုရှယ်ယာထည့်ဝင်ခဲ့သူ သမဝါယမဦးစီးဝန်ထမ်းတစ်ဦးချင်းအလိုက် အစုရှယ်ယာတန်ဖိုး မည်မျှရှိကြောင်းနှင့် အသေးစိတ်စာရင်းထုတ်ပြန်ကြေညာပေးခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်း၊ နံပါတ်(၂) ဝန်ထမ်းများ၏အနာဂတ်ဘဝ အဆင်ပြေရေးအတွက် မူလအစုရှယ်ယာတန်ဖိုးအပေါ် နှစ်စဉ်အမြတ်ငွေခွဲဝေမှုတန်ဖိုး၏ အချိုးအစားမည်မျှကို ထပ်ပေါင်းပေးပြီး အချိုးအစားမည်မျှကို ငွေသားဖြင့် အတိုးထုတ်ပေးမည်စသည့် မူဝါဒရှိ/မရှိ သိရှိလိုခြင်း၊ နံပါတ်(၃) ၁၉၉၆-၉၇ ခုနှစ်မှ စတင်ပြီး နှစ်ပေါင်း ၂၀ ကျော် အမြတ်ခွဲဝေမှုလုံးဝမရရှိသူများအတွက် မည်သို့စီမံဆောင်ရွက် ပေးမည်ကို တိကျစွာသိရှိလိုခြင်း၊ နံပါတ်(၄) စာရင်းရှင်းဖျက်သိမ်းသွားသော သမဝါယမအသင်း များ၏ သမဝါယမတောင်သူလယ်သမားဘဏ် ယခု CB Bank တွင် ရှိခဲ့သော စုဆောင်းငွေများကို မည်သို့စီမံထားရှိကြောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သမဝါယမဘဏ်အစုရှယ်ယာထည့်ဝင်ခြင်းနှင့်ပတ်သက်ပြီး သမဝါယမဘဏ်လီမိတက်၏ အသင်း အဖွဲ့မှတ်တမ်းနှင့် အသင်းအဖွဲ့စည်းမျဉ်းအရ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ တွင် သမဝါယမဘဏ်လီမိတက်က အစုရှယ်ယာရှင်များအတွက် ၄၇ စု၊ အစုရှယ်ယာအရေ အတွက် ၅၁၀၆၂ စု၊ မတည်ငွေရင်းကျပ် ၅၁၀၆.၂၀ သိန်းရှိခဲ့ပါကြောင်း၊ တောင်သူလယ်သမား များ သမဝါယမဘဏ်လီမိတက်မှ အစုရှယ်ယာရှင်အရေအတွက် ၂၅ စု၊ အစုရှယ်ယာ အရေအတွက် ၆၅၀၅၀ စု၊ မတည်ငွေရင်းကျပ် ၆၅၀၅.၀၀ သိန်း၊ သမဝါယမမြှင့်တင်ရေးဘဏ် လီမိတက်မှ အစုရှယ်ယာရှင်အရေအတွက် ၂၇ စု၊ အစုရှယ်ယာအရေအတွက် ၁၃၇၅၀ စု၊ မတည် ငွေရင်းကျပ် ၁၃၇၅.၀၀ သိန်း စုစုပေါင်းအစုရှယ်ယာရှင်အရေအတွက် ၉၉ စု၊ အစုရှယ်ယာ အရေအတွက် ၁၂၉၈၆၂ စု၊ မတည်ငွေရင်းကျပ် ၁၂၉၈၆.၂၀ သိန်းကို ပူးပေါင်းထည့်ဝင်ထားခဲ့ပြီး အစုတစ်စုကို ကျပ် ၁၀၀၀၀ နှုန်းဖြင့် ကနဦးဘဏ်တည်ထောင်သူများ၏ အစုရှယ်ယာဟူ၍ သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုမှ သမဝါယမဦးစီးဌာနဝန်ထမ်းများ၏ အစုရှင် ၁၄ ဦးမှ အစုရှယ်ယာ ၁၇၂၅၅ စုနှင့် သမဝါယမ အသင်း ၉၁၆၀ အသင်းမှ အစုရှယ်ယာ ၁၂၄၂၃၃ စု စုစုပေါင်းအစုရှယ်ယာ ၁၄၁၄၈၈ စု၏ အစုရှယ်ယာတန်ဖိုး ကျပ် ၁၄၁၄.၈၈ သန်း ထည့်ဝင်ထားပါကြောင်း၊
ဒုတိယအပိုင်းအနေဖြင့် အစုရှယ်ယာအပေါ် နှစ်စဉ်အမြတ်ခွဲဝေမှုအခြေအနေမှာ မူလအစုရှယ်ယာ အပေါ်တွင် နှစ်စဉ်အမြတ်ခွဲဝေမှုတန်ဖိုး၏အချိုးအစားကို ငွေသားဖြင့်ထုတ်ပေးလျက်ရှိပါကြောင်း၊ အစုပေါ်အမြတ်နှင့်စပ်လျဉ်းပြီး ၂၀၀၄-၀၅ ခုနှစ်တွင် ၁၂ ရာခိုင်နှုန်း၊ ၂၀၀၅-၀၆ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ၂၀၀၆-၀၇ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း၊ ၂၀၀၇-၀၈ ခုနှစ်တွင် ၂၂ ရာခိုင်နှုန်း၊ ၂၀၀၈-၀၉ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၀၉-၁၀ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း၊ ၂၀၁၀-၁၁ ခုနှစ်တွင် ၂၁.၂၅ ရာခိုင်နှုန်း၊ ၂၀၁၁-၁၂ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၆ ရာခိုင်နှုန်းစသဖြင့် ဘဏ္ဍာနှစ်အလိုက် ထုတ်ပေး ခဲ့ပါကြောင်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၆ ရာခိုင်နှုန်းဖြင့် အစုပေါ်အမြတ်ကျပ် ၈၄၈.၉၂ သိန်းကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစပြီး အစုပေါ်အမြတ်မပေးနိုင်ခဲ့သော အခြေအနေရှိပါကြောင်း၊ CB Bank Plc. က နှစ်စဉ်အပ်နှံငွေ (Deposit) များ တိုးတက်များပြားလျက်ရှိပြီး ဘဏ်၏နှစ်စဉ်အမြတ် ရရှိမှုသည် ပိုမိုတိုးတက်များပြားလာသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထား သောစံနှုန်းများနှင့်အညီ လိုအပ်ချက်များပြည့်မီအောင် အဆင့်မြင့်လုပ်ဆောင်ရခြင်းများကြောင့် ဘဏ္ဍာရေးနှစ် ၂ နှစ်စာအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အမြတ်ခွဲဝေခွင့်မရရှိခဲ့မှုဖြစ်ကြောင်း စိစစ်သိရှိရပါကြောင်း၊ သို့ရာတွင် CB Bank Plc. ၏အစုရှယ်ယာရှင်များအနေဖြင့် အစုပေါ်အမြတ် မရရှိသော်လည်း ၎င်းအမြတ်ငွေများကို ဘဏ်၏ပိုလျှံအရံငွေများတွင် ထည့်သွင်းစုဆောင်း ထားခြင်း၊ ဘဏ်၏အသားတင်ပိုင်ဆိုင်မှုတန်ဖိုးများ တိုးတက်လာခြင်းများကြောင့် အစုရှယ်ယာ တစ်ခု၏ အသားတင်ပိုင်ဆိုင်မှုတန်ဖိုးများ တိုးတက်လာမည့်အခြေအနေ ဖြစ်ပါကြောင်း၊
ပြီးခဲ့သည့် ၂၀၁၅-၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် သမဝါယမအသင်း ၁၇၆၂ သင်းမှ အစုရှယ်ယာ ၂၂၇၄၆ စုအတွက် အစုအပေါ်အမြတ်ကျပ် ၁၃၆.၄၇၆ သိန်းကို အသင်းအမှုဆောင် များကိုယ်တိုင် မြို့နယ်အလိုက်ထုတ်ယူခဲ့ပြီး အခြေခံအသင်းများအား အစုရှယ်ယာပေါ်မူတည်ပြီး ခွဲဝေပေးခဲ့ပါကြောင်း၊ သမဝါယမဦးစီးဌာနဝန်ထမ်းများအတွက် အစုရှယ်ယာ ၁၁၆၃ စု အတွက် အစုပေါ်အမြတ် ကျပ် ၆.၉၇၈ သိန်းကို ဦးစီးဌာနတာဝန်ရှိသူဝန်ထမ်းများကထုတ်ယူပြီး မြို့နယ် အလိုက် အစုရှယ်ယာပေါ်မူတည်ပြီး ပြန်လည်ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါတတိယပိုင်းအနေဖြင့် စာရင်းရှင်းလင်းပြီးသော သမ ဝါယမအသင်းများ၏ ငွေစုဘဏ်စာရင်းရှိ စုဆောင်းငွေများနှင့်ပတ်သက်ပြီး CB Bank တွင် အစုရှယ်ယာထည့်ဝင်ထားသော သမဝါယမအသင်းများကို စာရင်းရှင်းလင်းဖျက်သိမ်းပြီးသည့်အခါ ၎င်းတို့ CB Bank တွင် ထည့်ဝင်ထားသော အစုရှယ်ယာတန်ဖိုးများကို ငွေကြေးတတ်နိုင်သော အခြေခံသမဝါယမအသင်းများ၊ တစ်ဆင့်မြင့်မြို့နယ်သမဝါယမအသင်းစုများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမအသင်းစုချုပ်တို့မှ ပြန်လည်ဝယ်ယူခဲ့ပါကြောင်း၊ စာရင်းရှင်းသည့် တာဝန်ခံ များအနေဖြင့်လည်း CB Bank အစုရှယ်ယာများပြန်လည်ရောင်းချရသည့်ငွေများကို စာရင်းရှင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ပေးရန်၊ ရရန် ရှင်းလင်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုက CB Bank အစုရှယ်ယာထည့်ဝင်ထားသော စာရင်းရှင်းလင်းဖျက်သိမ်းခဲ့သည့် သမဝါယမအသင်း ၃၉၆ သင်း၏ CB Bank အစုရှယ်ယာ ၂၅၇၉ စုကို အခြေခံသမဝါယမ အသင်းအချင်းချင်းကို ၇၇၁ စု၊ တစ်ဆင့်မြင့် မြို့နယ်သမဝါယမအသင်းစုများကို ၁၆၅၉ စုနှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမအသင်းစုချုပ်များကို ၁၄၉ စု လွှဲွပြောင်းရောင်းချခဲ့ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းတန်(လှည်းကူးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခု မိမိမေးမြန်းသည့်မေးခွန်းသည် မြေပြင်တွင် အမှန်တကယ်မရရှိသူများရှိနေသည့်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဖြေကြားသည့်အထဲတွင် ဝန်ထမ်းများကို အဆင့်ဆင့် နှစ်လိုက် နှစ်လိုက် အတိုးများတွက်ချက်ပြီး တိုးမြှင့်ပေးသည်ကို သိရသော်လည်း ဝန်ထမ်းများက သမဝါယမ ဘဏ်ကြီးဖြစ်ပေါ်ရန်အရေအတွက် ပထမဦးဆုံးချွေးနဲစာကရုန်းကန်ပြီး မတည်လုပ်ပေးရသည့် သူများကို လေးစားတန်ဖိုးထားသင့်ပါကြောင်း၊ ထည့်ဝင်ထားသူများ၏ အသေးစိတ်စာရင်း တစ်မြို့နယ်တွင် ဘယ်လောက်မှမရှိကြပါကြောင်း၊ တစ်ဦးချင်း၏တန်ဖိုးများ လက်ရှိမရရှိသေး သည်ကလည်း နှစ်ပေါင်း ၂၀ အထိ မရသေးသူများ ရှိနေသည်ကို မည်သို့ရှင်းမည်နည်းဆိုသည် ကိုလည်း အတိအကျသလိုပါကြောင်း၊ CB Bank သည် အမှန်တကယ်အဆင့်မြင့်သည့်ဘဏ်ကြီး ဖြစ်ပါကြောင်း၊ စနစ်တကျရှိရန် လိုပါကြောင်း၊ ယခုရှယ်ယာများတွင်လည်း ရှယ်ယာ Certificate မရှိကြသည့်အတွက် ယခုသေသာသေသွားကြသည် ၎င်းတို့မိသားစုများ မိမိ၏မိဘရှယ်ယာထည့် ထားမှန်းလည်း မသိကြသည့်အတွက် ပွင့်ပွင့်လင်းလင်းနှင့် ထင်သာမြင်သာဖြစ်အောင် လုပ်ပေး စေလိုပါကြောင်း၊
စာရင်းရှင်းလင်းဖျက်သိမ်းသွားသော သမဝါယမအသင်းများ၏ စုဆောင်းငွေများကို တိုင်းသမ ဝါယမအသင်းစုကို ရောင်းလိုက်၊ ဝယ်လိုက်သည်ဟုပြောပါကြောင်း၊ ထို့ကြောင့် ယခု မြန်မာပြည်၏ သမဝါယမသည် တကယ့်နာလန်မထူဖြစ်နေပြီ ဖြစ်ပါကြောင်း၊ သမဝါယမသည်လည်း ICA ထဲတွင် အဖွဲ့ဝင်အဖြစ်ပါဝင်နေသည့်အတွက် သမဝါယမအသင်းများက ပြည်သူကိုမျက်နှာမူ တကယ့် အရည်အသွေးမီသော သမဝါယမကြီးများပေါ်ထွန်းရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် သမဝါယမများကိုပံ့ပိုးကူညီရန် ပိုနေသောစုဆောင်းငွေများကို ကူညီ၍ရရန်ရန်ပုံငွေတစ်ရပ် ထူထောင်၍မရဘူးလားဆိုသည်ကိုလည်း သိလိုကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အသေးစိတ်အခြေအနေများကို သိရှိလိုသည့်အနေအထားပေါ်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စား လှယ်ကြီးထံ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အသေးစိတ်စာဖြင့်ပြန်လည်ရှင်းလင်းဖြေကြား ပေးမည် ဖြစ်ပါကြောင်း၊ လက်ရှိ သမဝါယမအနေအထား၊ နိုင်ငံတော်၏သမဝါယမကဏ္ဍပြန်လည် တည့်မတ်နိုင်ရန်အတွက်ကိုလည်း စီမံဆောင်ရွက်နေပါကြောင်း၊ ၎င်းအသင်းများကို ထိန်းကျောင်း မှုအနေဖြင့် သမဝါယမအသင်းဥပဒေ ၉၂ နည်းဥပဒေ ၂၀၁၃ အရ အသင်း၏အသင်းအဖွဲ့ စည်းမျဉ်းနှင့်အညီ အသင်းများစီမံဆောင်ရွက်မှုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းစုချုပ် မြို့နယ်အသင်းစု၊ အခြေခံအသင်းများကို သမဝါယမဦးစီးဌာနက တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကွင်းဆင်းပြီး စိစစ်နေပြီဖြစ်ပါကြောင်း၊ အကယ်၍များ အသင်းများသည် အသင်းစည်းကမ်း နှင့်အညီ စီမံလုပ်ကိုင်မှုအားနည်းနေမှုကိုတည့်မတ်ပေး၍ ဥပဒေကြောင်းအရ အသင်းဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီသည်ကိုညီအောင် ဆောင်ရွက်ပေးရန် လုပ်နေပါကြောင်း၊ အကယ်၍များ သမဝါယမအသင်းသည် ဥပဒေပုဒ်မ ၂၅ အရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများသည် လျော်ကန်သင့်မြတ်မှုအခြေအနေမဟုတ်ဘဲ တိမ်းစောင်းနေမည်ဆိုပါက မိမိတင်ပြသကဲ့သို့ သမဝါယမဥပဒေပုဒ်မ ၂၅ အရ စာရင်းရှင်းလင်းဖျက်သိမ်းမှုအထိ ဆောင်ရွက် သွားရန်အတွက် စီမံဆောင်ရွက်နေသည့်အကြောင်း သမဝါယမကဏ္ဍကို သမဝါယမ၏ပုံရိပ်ကို ပြန်လည်ပြီးမြှင့်တင်နိုင်မည့်အနေအထားမျိုးများကို စီမံဆောင်ရွက်နိုင်ရန်အတွက် အကောင် အထည်ဖော်နေပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အသင်းပေါင်း ၃၇၄၃ နှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် အသင်းပေါင်း ၇၀၀၀ ကျော်ကို ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဖျက်သိမ်းရန်အနေအထားသည် ၉၀၀ နီးပါးရှိပါကြောင်း၊ ရှင်းလင်းဆဲ အသင်း ၆၀၀ ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
