(ခ)-လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံးဖွင့်လှစ်ထားသော အဆောက်အဦ၊ဆိုင်ခန်းနှင့်အဆောက်အဦဆောက် လုပ်ထားသောနှစ်(၃၀)မြေငှားဂရန်စာချုပ်သည်ဒေါ် စန်းမြင့်ပိုင်ဟုတ်မဟုတ် သိလိုခြင်းနှင့် စပ်လျဉ်း သည့် မေးခွန်း

ဦးကျော်မင်း(လက်ပံတန်း မဲဆန္ဒနယ်)ဒေါ်စန်းမြင့်(ဘ)ဦးစိန်မော်ပိုင်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ AC 010808 ကိုင်ဆောင်သူ အမှတ်(၃)၊ (၁)လမ်း၊ လက်ပံတန်းမြို့နေ နေအိမ်နှင့်ဆိုင်ခန်းနှစ်ခန်းကို ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်းဥပဒေအရ ပြည်သူပိုင်ပြုလုပ်ခဲ့ပါကြောင်း၊ ၎င်းအဆောက်အအုံနှင့် ဆိုင်ခန်းနှစ်ခန်းကို ပြည်သူပိုင်ဆိုင်ခန်းအဆောက်အအုံ လွှဲပြောင်းပေးရေး အဖွဲ့၏ ၁၇-၇-၁၉၇၇ နေ့စွဲပါ (၅၁)ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ မူလပိုင်ရှင် ဒေါ်စန်းမြင့် လက်ဝယ်ကို တရားဝင်ပိုင်ဆိုင်ခွင့်ကို ၂၁-၂-၁၉၇၇ ရက်နေ့မှာ ပြန်လည်လက်ရောက် လွှဲပြောင်း ပေးခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ အဆိုပါ အဆောက်အဦကို ၂၁-၁၂-၁၉၇၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆေးနှင့်ဆေးပစ္စည်း ကုန်သွယ်ရေး ကော်ပိုရေးရှင်းနှင့် အဆောက်အဦပိုင်ရှင် ဒေါ်စန်းမြင့်တို့ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုပြီးငှားရမ်းခဲ့ကြပါကြောင်း၊  စာချုပ်အရ  ယင်းဆိုင်ခန်းနှင့်အဆောက်အဦကို ဆက်လက်အသုံးပြုရန် မလိုတော့သည့်အချိန်မှ တရားဝင် ပိုင်ဆိုင်ခွင့်ရှိသည့်သူသာလျှင် ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း အသိသက်သေများရှေ့မှောက်တွင် နှစ်ဦးသဘောတူစာချုပ် လက်မှတ် ရေးထိုးကြပါကြောင်း၊

ယနေ့အချိန်ထိ အဆိုပါအဆောက်အဦသည် မူလလက်ဝယ်ပိုင်ရှင်ထံ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ အသုံးမပြုချိန်တွင် ပြန်လည်လွှဲပြောင်းပေးမည့် ကတိကိုလည်းကျော်လွန်နေပြီ ဖြစ်သည့်အတွက်  ထိုအဆောက်အဦသည် ဒေါ်စန်းမြင့်ပိုင်ဆိုင်ခြင်း ဟတု်/ မဟုတ်၊ အနှစ်(၃၀) မြေဂရန်စာချုပ်သက်တမ်းတိုး ထားခြင်းကြောင့် ဂရန်သည်လည်း ဒေါ်စန်းမြင့်ပိုင် ဟုတ်/မဟုတ်သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး  ဦးပိုက်ထွေးလက်ပံတန်း မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ဖွင့်လှစ်ထားသည့် အဆောက်အဦသည် ၁၉၆၄ ခုနှစ်တွင် ပြည်သူပိုင်သိမ်းယူခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် မူလပိုင်ရှင် ဒေါ်စန်းမြင်‌့သို့ ပြန်လည်လွှဲပြောင်းပေးအပ် ခဲ့ပါကြောင်း၊

ဒေါ်စန်းမြင့်မှ စာချုပ်စာတမ်းနှင့် ဆေးနှင့်ဆေးပစ္စည်း ကုန်သွယ်ရေး ကော်ပိုရေးရှင်းကို ထပ်မံငှားရမ်းခဲ့ရာမှ ၁၉၈၅ ခုနှစ်တွင် ကုန်သွယ်ရေးဝန်ကြီးဌာနက အပြီးအပိုင် သိမ်းယူခဲ့ပါကြောင်း၊ သို့သော် ကုန်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် မြေဂရန်လိုင်စင် လျှောက်ထားမှုမရှိခဲ့သည့်အတွက် ၁၉၉၂ ခုနှစ်တွင် ဒေါ်စန်းမြင့်က ဂရန် သက်တမ်းတိုးလျှောက်ထားခြင်းအပေါ် ၃၀-၆-၁၉၈၅ ခုနှစ်မှ ၃၀-၆-၂၀၁၅ ခုနှစ်အထိ နှစ် ၃၀ ဂရန် သက်တမ်းတိုးခွင့်ပြုခဲ့ကြောင်း၊ ယင်းမြေနှင့်အဆောက်အဦများသည် ၁၉၆၄ ခုနှစ်ကတည်းက ပြည်သူပိုင်သိမ်း ယူထားခြင်းကြောင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဖွင့်လှစ်ရန် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် ၂၁-၄-၂၀၀၀ ရက်နေ့တွင် လက်ပံတန်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊

အဆိုပါ မြို့နယ်ရုံးအဆောက်အဦသည် ပျက်စီးယိုယွင်းနေသည့်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ပြန်ကြားရေးနှင့် အသစ်ပြန်လည် တည်ဆောက်ရန် သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ခွင့်ရရှိ ခဲ့ပါကြောင်း။  ၎င်းအချိန်တွင် ဒေါ်စန်းမြင့်၏ သားဖြစ်သူ ဦးအေးကျော်လင်းက အဆိုပါအဆောက်အဦ ဆောက်လုပ်ခွင့်နှင့်ပတ်သက်ပြီး မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကို ကန့်ကွက်လွှာတင်ခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ကို ပြန်လည်စိစစ်ဆောင်ရွက်စေခဲ့ရာ ယင်းမြေနှင့်အဆောက်အဦသည် ပြည်သူ ပိုင်သိမ်းဆည်းထားသည့် မြေအဆောက်အဦဖြစ်သော်လည်း မြေစာရင်း မှတ်ပုံတင်(၁-က)စာရင်းတွင် မှတ်ပုံတင်ထားရှိရန် အားနည်းခဲ့ခြင်း၊ မြေပြင်အခြေအနေကို ပြည့်စုံစွာဆန်းစစ်မှုအားနည်းခဲ့ခြင်းတို့ကြောင့် ဒေါ်စန်းမြင့် အမည်ဖြင့် နှစ်(၃၀)ဂရန်ကို ၃၀-၆-၁၉၈၅ မှ ၃၀-၆-၂၀၁၅ အထိ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လက်ပံတန်းမြို့နယ်ရုံးမြေနေရာအား မြေငှား ဂရန်သက်တမ်း ကုန်ဆုံးသည့် ၂၀၁၅ ခုနှစ် အထိ ဆိုင်းငံ့ထားရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ညွှန်ကြားထားခဲ့ပါကြောင်း၊

 ယင်းမြေနှင့်အဆောက်အဦသည် ပြည်သူပိုင်သိမ်းထားသည့်မြေဖြစ်သည် မြေနှင့်အဆောက် အဦကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အမှန်တကယ်လွှဲပြောင်းပေး အပ်ထားတာဖြစ်ခြင်း၊ ယင်းမြေအမျိုးအစားသည် အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေအမျိုးအစားဖြစ်ပြီး မြေဂရန်သက်တမ်းတွင်လည်း ၃၀-၆-၂၀၁၅ ရက်နေ့မှာ ကုန်ဆုံးမည်ဖြစ်သည့်အတွက် ပြန်ကြားရေး ဝန်ကြီး ဌာနအနေဖြင့် ယင်းမြေနှင့်အဆောက်အဦကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းပြီး ထိုက်သင့်သော လျော်ကြေးပေးချေနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ထိုသို့ဆောင်ရွက်ရန်လည်း ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေအဆိုပြုလျာထားပြီးဖြစ်ပါကြောင်းနှင့်  ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကုန်ဆုံးသည်နှင့်  အဆိုပါ မြေကို ရုံးသစ်ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးကျော်မင်း(လက်ပံတန်း) က ဆက်စပ်မေးခွန်းမေးမြန်ပါသည်။

အဆိုပါ မြေနှင့်အိမ်ကို ဒေါ်စန်းမြင့်လက်ဝယ်သို့ ပြန်လည်လက်ရောက် လွှဲပြောင်းပေးခဲ့ပြီဟုလည်းကောင်း၊ ကုန်သွယ်ရေးဝန်ကြီးဌာနက သိမ်းယူသည်ဟုလည်းကောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က သိမ်းယူူ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနကို လွှဲပြောင်းပေးခဲ့ဟုလည်းကောင်း ဖြေကြားခဲ့သည့်အတွက် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံသားပိုင် အိမ်တစ်ခုကို မည်သည့်ဥပဒေအရ သိမ်းယူပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကလည်း မည်သည့် ဥပဒေနှင့်  လွှဲပြောင်းပေးခဲ့သည်ကို သိရှိလိုပါကြောင်း၊ လျော်ကြေးပေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍လည်း ကာလဒေသပေါက်ဈေးကို ပေးလျော်မည် ဟုတ်/ မဟုတ် သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။  

ပြန်ကြားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး  ဦးပိုက်ထွေး

 ကုန်သွယ်ရေးဝန်ကြီးဌာနက ၁၉၈၅ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် အဆိုပါကိစ္စကို ပြန်လည်ရှင်းလင်းရန်မရှိပါကြေင်း၊  ထိုက်သင့်သော    လျော်ကြေးနှင့် ပတ်သက်၍ ပြည်သူပိုင်သိမ်းခဲ့သည် အဆောက်အဦဖြစ်သည့်အပြင် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကို တရားဝင်လွှဲပြောင်းပေးခဲ့သော အဆောက်အဦဖြစ်ပါကြောင်းနှင့် ဂရန်သက်တမ်းသည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့အနေဖြင့် ကာယကံရှင်ကို မနစ်နာစေလိုသည့်အတွက် ထိုက်သင့်သောလျော်ကြေး ပေးချေနိုင်အောင် စီစဉ်ဆောင် ရွက်ခြင်းဖြစ်ပါကြောင်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။