(င)-ဓားမဦးချလယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်းနယ်မြေများကိုပါ ငါးကန်အဖြစ် တူးဖော်ပြီးလုပ်စားနေသူနှင့် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ (၂၅.၇. ၂၀၁၉)

ဓားမဦးချ ပြေစာ ပေါက်လယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်း နယ်မြေများကိုပါ ရေနက်ကွင်း၊ ရေမြုပ်ငါးကန်အဖြစ် တူးဖော်ပြီး ငါးရိုင်းများ သွင်း၍ လုပ်စားနေသူနှင့် လေလံအောင် အင်းသမားတို့ အငြင်းပွားနေမှုတွင် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

မေးခွန်းကို ဖြေလိုက်သည့်အခါ မိမိတို့ ပြဿနာနှစ်ခုကို ဖြေရှင်းပြီး ဖြစ်သွားမည် ဖြစ်ပါကြောင်း၊ တိုက်ကြီးမြို့နယ်တွင် အထရောင်ကျေးရွာ အုပ်စုသည် လှိုင်မြစ်၏ လက်တက်၊ ပကွန်မြစ်၏ ဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်ကြောင်း၊ ကျေးရွာ အုပ်စုတစ်ခုလုံးသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အမှီပြုပြီး စိုက်ပျိုးလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း။

ပကွန်မြစ်၏ ဘေးတွင် အထရောင် ကျေးရွာ ရှိကြောင်း၊ ပကွန်မြစ်၏ ကမ်းနဖူးဘေတွင် မြေအမြင့်ရှိသည့်အတွက် ထို့နေရာတွင် လယ်မြေများအဖြစ် စိုက်ပျိုးခဲ့ရကြောင်း။ လယ်မြေများအဖြစ် ဓားမဦးချ စိုက်ပျိုးလုပ်ကိုင်လာသည့်အတွက် ပြေစာပေါက် လယ်မြေများ ဖြစ်လာကြောင်း၊ ၎င်းလယ်မြေများကို အထရောင်ကျေးရွာရှိ တောင်သူ ၃၀ ဦး ပိုင်ဆိုင်သည့် လယ်မြေများကို ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်ခန့်တွင် လုပ်ငန်းရှင်ကြီး တစ်ဦးမှ ဧကတစ်ထောင် ငါးကန်တူးဖော်ရန်အတွက် အမိန့်ရရှိသည်ဟုဆိုပြီး လယ်မြေများကို ငါးကန်များ တူးဖော်လိုက်ကြောင်း၊ တူးဖော်လိုက်သည့် အချိန်တွင် တောင်သူ လယ်သမားများသည် လယ် မလုပ်ရတော့ကြောင်း၊ ငါးရှာ၊ ဖားရှာဖြင့် လုပ်သည့် အချိန်တွင် တစ်ဖက်က ဂရန်အင်းများက ရှိသည့်အတွက် ရှာရန်၊ ဖွေရန် မရကြောင်း၊ ထို့ကြောင်း ၎င်းဒေသရှိ လူများသည် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ကိုင်ပြီး အလုပ်  အကိုင်များ ဆုံးရှုံးရခြင်းမျိုး ဖြစ်ရကြောင်း။ ထို့အတွက် ၎င်းလယ်မြေများသည် ပြေစာပေါက်လယ်မြေ များကို ငါးလုပ်ငန်းဦးစီးဌာနမှ ဧကတစ်ထောင် ငါးကန်တူးဖော်ရန်(လန-၃၉)ကို ချပေး လိုက်သည်ဟု ဆိုကြောင်း။

သို့သော် ၎င်းနေရာတွင် ပြေစာပေါက် လယ်သမားများ၏ လယ်မြေများနှင့် တောင်သူ ၃၀ ၏ ဧကနီးပါး ဧက ၃၀၀ ခန့် အသိမ်းခံလိုက်ရကြောင်း၊ အသိမ်းခံလိုက်သည့် ကိစ္စကို အခု လယ်ယာမြေ ပြန်လည်စိစစ်ရေးကော်မတီ မိမိ၏မြို့နယ်မှ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအဖွဲ့များက စစ်ပြီးကြောင်း၊ တကယ် မှန်ကန်ကြောင်း၊ ၎င်းတောင်သူ လယ်သမားများ လယ်ယာ မြေများ ဆုံးရှုံးသွားကြောင်း၊ ဆုံးရှုံးသွားသည် လယ်မြေများကို လယ်မြေဖြစ်ကြောင်း မသိကြသည့်အတွက်လို့ ၎င်းလယ်မြေများ ပေါ်တွင် ငါးကန်များ တူးသည်။ ငါးကန်များ တူးလိုက်သည့် လယ်မြေများ၏ အဆုံးတွင် ဂရန်အင်းရှိကြောင်း၊  ၎င်းဂရန်အင်းသည် ငါးကန်များ တူးလိုက်သည့်အတွက် ဂရန်အင်းသည် မည်ကာမတ္တသာ ရှိကြောင်း၊ မိမိတို့ နိုင်ငံတော်မှ ရရှိမည့် ဂရန်အင်းခွန်များ အများကြီး လျော့နည်းသွားမည်၊ အင်းသည် ဂရန်အင်း နယ်မြေကျဉ်းသွားမည်။ ထို့အတွက် ဧကတစ်ထောင်တူးရန်အတွက် လုပ်လိုက်သည့်အချိန်တွင် အင်းဂရန်ကို ဆွဲသည့် ပုဂ္ဂိုလ်များနှင့် ငါးကန်တူးသည့် ပုဂ္ဂိုလ်များသည် ပြဿနာ ဖြစ်သွားကြောင်း၊ ၎င်းဂရန်အင်း တစ်ခုကို မိမိတို့ ရေဝင်၊ ရေထွက်ချောင်းများ ပိတ်ပြီး တူးလိုက်ကြောင်း၊ ချောင်းဘေးတွင် ရှိသည့်ကို ငါးကန်များ တူးလိုက်သည့် အချိန်တွင် ချောင်းများ ပိတ်ပြီး တူးလိုက်သည့် အချိန်တွင် ဂရန်အင်းသမားနှင့် ပြဿနာ ဖြစ်ကြောင်း၊ အလယ်ခေါင်တွင်ရှိသည့် ဂရန်အင်းမှ ရေများကို ငါးကန်တူးသည့် ပုဂ္ဂိုလ်များက ချောင်းများ ပိတ်ပြီး တူးပြီး ဆိုပါနေရာမှ ငါးကန်ထဲရှိ ရေထုတ်သည်ကို အကြောင်းပြပြီး ငါးများ ဖမ်းသွားကြောင်း၊ ဖမ်းသွားသည့်အချိန်တွင် ဂရန်အင်းသမားသည် ငုတ်တုတ် ထိုင်ကြည်‌့နေရကြောင်း၊ အင်းသမားက ၎င်းဂရန်ဆွဲထားသည့် သိန်း ၈၀ ဖြင့် ဂရန်ဆွဲထားသည့် အင်းသမား ဆုံးရှုံးနစ်နာသွားကြောင်း၊

ထို့အတွက် ရေချိုငါးလုပ်ငန်းဥပဒေတွင် မိမိတို့ ပြဋ္ဌာန်းထားသည့်အချက်မှာ ဂရန်အင်းများ အတွင်းတွင် ငါးမွေးကန် တူးဖော်မှုကြောင့် နိုင်ငံပိုင် ဂရန်အင်းများ ပျက်စီးခြင်းမှ ကာကွယ်ရန် ငါးမွေးကန်များ အသစ် တူးဖော်ခြင်း၊ ငါးမွေးကန်အသစ်များ လျှောက်ထားခြင်း တို့ကို တားဆီးရမည် ဟု ဖော်ပြထားကြောင်း၊ ထို့အတွက် ဥပဒေများနှင့် မကိုက်ညီသည့်  ၂၀၀၁ ခုနှစ်၊ ၂၀၀၂ ခုနှစ်က လုပ်ခဲ့တဲ့ကိစ္စများသည် ဓားမဦးချ ပြေစာ ပေါက်လယ်မြေများကို သိမ်းယူပြီး ငါးကန်များ တူးဖော်ခြင်း၊ ဂရန်အင်း နယ်မြေများကိုပါ ရေနက်ကွင်း၊ ရေမြုပ်ငါးကန်အဖြစ် တူးဖော်ပြီး ငါးရိုင်းများ သွင်း၍ လုပ်စားနေသူနှင့် လေလံအောင် အင်းသမားတို့ အငြင်းပွားနေမှုတွင် နစ်နာသူများက တိုင်ကြားလာခြင်းကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

မေးခွန်းအား ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ရုံး များ၏ ဖြေကြားချက်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပေါင်းစပ် ရှင်းလင်းဖြေကြားမည်ဖြစ်ကြောင်း၊

အဓိက မေးမြန်းထားသည့် မေးခွန်းပါ အချက်များကို ဆန်းစစ်ကြည်‌့လိုက်မည် ဆိုပါက ဓားမဦးချ‌ ပြေစာပေါက် လယ်‌မြေများကို သိမ်းယူကျူးကျော် ငါးကန်များ တူးဖော်သည့် အတွက် မြေသိမ်းဥပဒေနှင့် မညီညွတ်ခြင်း၊ မူလပြေစာပေါက် လယ်သမားများကို ပြန်ပေးရန် သို့မဟုတ် မြေသိမ်းခံရသည့်အတွက်  နစ်နာသူလယ်သမားများကို ကာလဒေသ ပေါက်ဈေးနှင့် ပေးချေမှုနှင့် တရားဝင် ဂရန်အင်း၊ အဖရောင်အင်း နယ်နိမိတ်ကို ခွင့်ပြုချက်မဲ့ ကျူးကျော်ကန် တူးဖော်ခြင်းကြောင့် ဂရန်ပိုင် အင်းမြေအဖြစ် ပြန်ထားရန် အတွက် ချောင်းရိုးများကို လွတ်လပ်စွာ အင်းမြေအဖြစ် ထားရန်၊ ငါးကန်နှင့် မသက်ဆိုင်စေရန် ကွင်းဆင်းစစ်ဆေးပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်ဆိုသည့်  အချက်များကို အခြေခံထား မေးမြန်းထားသည်ကို စိစစ်သိရှိရကြောင်း၊

၎င်းနေရာဒေသသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အထရောင် ကျေးရွာအုပ်စုအတွင်းတွင်ရှီသည့် ရေနက်ကွင်း မြေဧရိယာများ ဖြစ်သည့် ကွင်းအမှတ်(၅၇-ဘီ)၊ မှိန်ပုလဲကွင်းရှိ ဧရိယာ ၇၅ ဧက၊ ကွင်းအမှတ်(၈၁)၊ မှိန်ပုလဲတောင်ကွင်းရှိ ဧရိယာဧက ၃၇၀ နှင့် ကွင်းအမှတ်(၈၂)၊ အထရောင် အနောက်ကွင်းရှိ ဧရိယာ ၅၆၅ ဧက စုစုပေါင်းလယ်မြေနှင့် မြေလွတ်၊ မြေရိုင်းဧရိယာ ၁၀၁၀ ဧကရှိသည့် မြေနေရာများ ဖြစ်ကြကြောင်း၊  ၎င်းမြေများအနက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧရိယာ ၆၇၇.၄၃ ဧကကို ၁၉၉၉-၂၀၀၀ ခုနှစ်မှစပြီး ဒေါ်ကြည်ကြည်ဝင်းဆိုသည့် ပုဂ္ဂလိက ငါးမွေးမြူရေးကန် တည်ဆောက်လိုသည့်သူကို ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ  ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၏ ပုဒ်မ ၃၉ အရ ခွင်‌့ပြုမိန့် ထုတ်ပေးခဲ့သည်ကို စိစစ်သိရှိရကြောင်း။

ကျန်ရှိသည့် လယ်မြေ ၃၃၂.၅၇ ဧကကို ၂၀၁၇ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ရရှိရန် ဒေါ်ကြည်ကြည်ဝင်းမှ ထပ်မံ လျှောက်ထားသည့်အချိန်တွင် လျှောက်ထား မြေဧရိယာအနက် ၂၆၄.၀၇ ဧကကို ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးခဲ့ပြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ကျန်သည့် ၆၈.၅ ဧကသည် လက်ရှိ အခြေအနေတွင်  တောင်သူများ စိုက်ပျိုးအသုံးပြုလျက်ရှိပြီး မြေယာ အငြင်းပွားမှုများ ရှိနေသည့် အခြေအနေဖြစ်နေသည်ကို စိစစ်တွေ့ရှိရကြောင်း။

၎င်းလယ်မြေပုံစံရပြီး လယ်မြေဧရိယာ ၂၆၄ ဧကကို ဒေါ်ကြည်ကြည်ဝင်းမှ ၁၅-၃-၂၀၁၆ ရက်နေ့တွင် ငါးမွေးကန်အဖြစ် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ရရှိရေး လျှောက်ထား ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ စိစစ်ပြီး ခွင့်ပြုမိန့် ပေးထားခြင်း မရှိသည့် အခြေအနေတွင် ၎င်းမြေများပေါ်တွင် ငါးကန်များ ကျူးကျော် ဆောင်ရွက်ထားသည်ကိုလည်း စိစစ်သိရှိရကြောင်း၊ ဒေါ်ကြည်ကြည်ဝင်းမှ ငါးကန်အသုံးပြု လုပ်ကိုင်နေသည့် ဧရိယာအတွင်းတွင် အင်းအစိတ်အပိုင်း အချို့ပါဝင်ခဲ့သည့် အတွက် လေလံဆွဲဝယ်ယူ လုပ်ကိုင်မည်‌့သူ မရှိခဲ့သည်ကိုလည်း သိရှိရကြောင်း၊ ဒေါ်ကြည်ကြည်ဝင်း မှ သတ်မှတ်အင်း ဝင်ငွေခွန်နှင့် ငါးမွေးကန် ဆက်စပ်အင်းအဖြစ် လုပ်ကိုင်ခွင့်ရရန် လျှောက်ထားသည့်အချိန်တွင် ၂၀၀၃ ခုနှစ်၊ ၂၀၀၄ ခုနှစ်မှစတင်ပြီး ၎င်းအချိန်ကာလတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ခွင့်ပြုမိန့်နှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ၁၉-၇-၂၀၁၇ ရက်နေ့တွင် အင်းသားကြီးနှင့် ငါးမွေးကန်သမားများ အချင်းမပွားစေရန် အဖရောက်အင်း ရောင်းချရာတွင် အင်းဂရန် အတွင်း ထည်‌့သွင်းရောင်းချမည်‌့ ချောင်းရိုး၊ အိုင်ရိုး၊ အင်းလက်တက်များ နှင့်ပတ်သက်ပြီး အဖရောက်အင်း၏ ဧရိယာကို ကန်အပြင်ဘက်တွင် ရှိသည့် ကျွဲဖြူချောင်းနှင့် ကန်အတွင်းတွင် ရှိသည့် ကျူအိုင်ရိုး၊ အင်းယားရှည်းရက်များကို အဖရောက်အင်း ဧရိယာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ  ချမှတ်သည့် ခွင့်ပြုမိန့်နှင့် ဆောင်ရွက်သင်‌့သည် ကို စိစစ်သိရှိရကြောင်း၊

လက်ရှိတွင် ဒေါ်ကြည်ကြည်ဝင်းမှ ငါးကန်များ အသုံးပြုလျက်ရှိသည့် မြေများနှင့် ပတ်သက်ပြီး တောင်သူဦးဆန်းလွင်မှ ၃ ဦး အနေနှင့်လည်းကောင်း၊ ဦးသိန်းစိန်မှ ၂ ဦး အနေဖြင့်လည်းကောင်း၊ ဦးခင်မောင်ကြည်မှ ၁၉ ဦးအနေဖြင့် လည်းကောင်း သိမ်းဆည် ခံမြေနှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီကို အသိအမှတ်ပြုပြီး တိုင်ကြားခဲ့သည်ကို သိရကြောင်း၊ ၎င်းတိုင်ကြားစာနှင့် ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်မှ စီစစ်ဆောင်ရွက်သည့် အချိန်တွင် ဦးသိန်းစိန်ပါ ၂ ဦး၊ ဦးခင်မောင်ကြည်ပါ ၁၉ ဦး၏ တင်ပြတိုင်ကြားစာများနှင့်ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ စိစစ် ဆောင်ရွက်ဆဲဖြစ်သည့် ၎င်းကော်မတီ၏ ဆုံးဖြတ်ချက်ကို စောင့်ရမည့် အခြေအနေဖြစ်ကြောင်း။

ဦးဆန်းလွင်ပါ ၃ ဦးနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ ၂၀-၁၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိမ်းဆည်းမြေနှင့် သက်ဆိုင်ခြင်း မရှိသည့်အတွက် အမှုပိတ်သိမ်းရန် မြေယာကိစ္စများကို မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် စိစစ်ဆောင်ရွက်ပြီး ပြန်လည်ဆုံးဖြတ်ထားသည် ကို သိရကြောင်း၊ ထိုကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ စိစစ် ဆောင်ရွက်လျက် ရှိသည်ကို သိရှိရကြောင်း၊ 

ဒေါ်ကြည်ကြည်ဝင်းမှ ငါးကန်တူးဖော် အသုံးပြုထားသည့် မြေဧရိယာများအတွင်းတွင် အဖရောက်ရိုး၊ ကျွဲဖြူချောင်းရိုးနှင့် ဋကောက်ရိုးချောင်း ၃ ခု ပါဝင်နေသည်ကို သိရကြောင်း။ ဒေါ်ကြည်ကြည်ဝင်းမှ ခွင့်ပြုမိန့် ရရှိပြီးဖြစ်သည့် ဧရိယာအတွင်းတွင် အဖရောက်အင်း နယ်နိမိတ် ၉၅ ရာခိုင်နှုန်း ပါသွားသည့်အတွက် အင်းဧရိယာများ လျော့နည်းသွားရခြင်း ဖြစ်သည်ကို သိရကြောင်း၊ ကျန်ခဲ့သည့် အင်းဧရိယာများကို ကွင်းဆင်းစစ်ဆေး တိုင်းတာပြီး တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေအရနှင့် အင်းမြေပုံ ပြန်လည်ဖော်ထုတ်သွားရမည် ဖြစ်ကြောင်း။

ထိုကြောင့် မေးခွန်းပါ မြေနေရာများနှင့် ပတ်သက်ပြီး တောင်သူ ၂၂ ဦးက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်သို့ အသီးသီး တင်ပြတိုင်ကြားခဲ့သည့် တောင်သူ ၁၉ ဦး၏ တင်ပြစာနှင့်ပတ်သက်ပြိး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စိစစ် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းနှင့် တောင်သူ ၃ ဦး၏ တင်ပြစာနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ သိမ်းဆည်းမြေ မဟုတ်ဘဲ မြေယာအငြင်းပွားမှု ကိစ္စဖြစ်သည့်အတွက် အမှုတွဲ ပိတ်သိမ်းထားရှိသည်ကို သိရှိကြောင်း၊

အင်းဧရိယာများ လျော့နည်းသွားခြင်းနှင့်စပ်လျဉ်းပြီး ကျန်ရှိသည့် အင်းဧရိယာများကို ကွင်းဆင်း စစ်ဆေးတိုင်းတာပြီး တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေနှင့်အညီ စီမံဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အင်းနယ်နိမိတ်မြေပုံ ပြန်လည် ဖော်ထုတ် သတ်မှတ်ပေးသွားရန် အစီအစဉ်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။