မြစ်သဲကျောက် ထုတ်ယူခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ခြင်းများအား အရေးယူရာတွင် မော်တော်သားများသာမက တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် မော်တော်ပိုင်၊ ကျောက် လုပ်ငန်းဥက္ကဋ္ဌများကိုပါ စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေကြောင်းများနှင့်အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်သော ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်များအား အရေးယူရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီမြစ်အတွင်းမှ မြစ်သဲကျောက်ထုတ်ယူခြင်းလုပ်ငန်းလိုင်စင်များကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ခွင့်ပေးထားသည်ဟု သိရှိရပါကြောင်း၊ သို့သော် လုပ်ငန်းရှင်အချို့၏ စည်းကမ်းဖောက်ဖျက်မှုများနှင့် သက်ဆိုင်ရာဌာနအဆင့်ဆင၏ ကြီးကြပ်မှုအားနည်းခြင်းတို့ကြောင့် ဧရာဝတီမြစ်၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ အထူး သဖြင့် မြစ်ကမ်းပါးပြိုခြင်းကိစ္စများ ဖြစ်ပွားရပါကြောင်း၊ မြစ်ကမ်းပါးပြိုခြင်းဟာ ကျောက်စုပ်ခြင်း တစ်ခုတည်းကြောင့်မဟုတ်သော်လည်း စည်းကမ်းမဲ့ကျောက်စုပ်ခြင်းသည် ကမ်းပြိုရသည့် အကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကြံခင်းမြို့နယ်အနေဖြင့် ကမ်းပြိုမှုများကြောင့် လုပ်ကွက်ချမပေးသော်လည်း ပြည်ခရိုင်မှ လုပ်ကွက်များ ချပေးခြင်းအတွက် ကြောင့် ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာ၏ အိမ်ခြေ ၁၅၀ ကျော် ရွှေ့ပြောင်းပေးခဲ့ရပြီး ကိုင်းမြေဧကများစွာ ဆုံးရှုံးခဲ့ရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအဆင့်ဆင့်ကို တိုင်ကြားခဲ့သည့် အတွက် စည်းကမ်းမဲ့ကျောက်စုပ်မှုများ တစ်နှစ်ခန့်ရပ်နားသွားခဲ့ပါကြောင်း၊ ယခုအခါ ပဲခူး တိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်နှင့် ရွှေတောင်မြို့နယ်မှ ကျောက်စုပ်မော်တော်များသည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအကြောင်းပြပြီး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေသည့်အတွက် ပြည်ခရိုင်၊ မြစ်ကြောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို စုံစမ်းကြည့်ရာတွင် သတ်မှတ် ကျောက်ကွက်များ မဟုတ်ကြောင်းကို သိရှိရပါကြောင်း၊ ကမ်းပြိုသွားသည့် ရေလယ်ကျွန်း ကျေးရွာတွင် ဟင်္သာတခရိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ထောက်ပံ့ငွေနှင့် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ထပ်မံ၍ အိမ်ခြေ ၄၅ အိမ် စုစုပေါင်း အိမ်ပေါင်း ၁၉၅ အိမ် တစ်အိမ်ထောင်ကို ပြောင်းရွှေ့စရိတ် တစ်သိန်းနှုန်း ဆန်ဖိုး တစ်ပတ်စာနှင့် ပစ္စည်း ၁၂ မျိုးပါသည့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း၊
ကြံခင်းမြို့၏ ကျောက်စီရေထိန်းနံရံ ပေ ၃၀၀ကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၂၅၀၀ ကုန်ကျခံ တည်ဆောက်ခဲ့ပြီးပြီး တစ်မြို့လုံးအတွက် ကျောက်စီရေထိန်းနံရံ ၃ ခုလိုပါကြောင်း၊ ကျင်း ၁၀၀၀၀ ထုတ်ရန် ကျောက်ကွက် တစ်ကွက်ကို ဂရန်ပေးမည်ဆိုပါက တစ်ကျင်းကို ၂၅၀၀ နှုန်းနှင့် သိန်း ၂၅၀ သာ ရရှိနိုင်မည်ဖြစ်သည့်အတွက် နှိုင်းယှဉ်သိရှိနိုင်ရန် တင်ပြခြင်း ဖြစ်ပါကြောင်း၊
အခွန်အခရရှိရေးတစ်ခုတည်းကို ဦးတည်ပြီး ကျောက်စုပ်လုပ်ငန်းတွေကို ခွင့်ပြုမည်ဆိုပါက ကမ်းပြိုခြင်းကြောင့် ဒေသခံပြည်သူများ၏ နစ်နာဆုံးရှုံးမှု၊ နိုင်ငံတော်မှနစ်နာဆုံးရှုံးမှုများအတွက် ထောက်ပံ့ ပေးအပ်မှုများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါကြောင်း၊ အထက်ပါအချက်များကြောင့် သက်ဆိုင်ရာဝန်ကြီး ဌာနအား အောက်ဖော်ပြပါမေးခွန်းများအား မေးမြန်းလိုပါကြောင်း၊ (၁)သတ်မှတ် ကျောက်ကွက်နေရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက်မှုရှိ/မရှိ၊ (၂) သတ်မှတ်အလုပ်ချိန် ဥပမာ- မနက်ခြောက်နာရီမှ ညနေခြောက် နာရီနှင့်အညီ ဆောင်ရွက်ခြင်းရှိ/မရှိ၊ (၃) သတ်မှတ်သည့်ပမာဏအတိုင်း ထုတ်ယူခြင်းရှိ/မရှိ၊ (၄) စည်းကမ်းဖောက်ဖျက်မှုများအား အရေးယူရာတွင် မော်တော်သားများကိုသာမက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် မော်တော်ပိုင်များ၊ ကျောက်လုပ်ငန်းဥက္ကဋ္ဌများကိုပါ စီမံခန့်ခွဲမှုနည်းလမ်း၊ ဥပဒေနည်းလမ်းများနှင့်အရေးယူရန် အစီအစဉ်ရှိ/မရှိ၊ (၅) လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်၍ ခွင့်ပြုသော ဒေသန္တရာအုပ်ချုပ်ရေးအာဏာပိုင်များအား အရေးယူရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် တွင်းထွက် စက်မှုကုန်ကြမ်းအဆင့်နှင့် အလှဆင်ကျောက်အဆင့်တွင် ပါဝင်ခြင်းမရှိသော ဓာတ်သတ္တုပစ္စည်း များ ထုတ်လုပ်ခွင့်ကို ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်အက်ဥပဒေ ပုဒ်မ ၃၈ ပုဒ်မခွဲ(က)၊ ၁၈၈၉ ခုနှစ်၊ အထက် မြန်မာနိုင်ငံ မြေနှင့်အခွန်စာရင်းများဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲ(၂)နှင့် ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(က)တို့အရ ခွင့်ပြုချထားပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ၂၀၁၈-၂၀၁၉ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် မြစ်သဲကျောက်စရစ် ထုတ်လုပ်ခွင့် ရရှိရန် လျှောက်ထား မှုများအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစ်သဲကျောက် ထုတ်လုပ်ခွင့်ပြုသင့်ကြောင်း သဘောထားမှတ်ချက်နှင့်အတူ မြစ်သဲကျောက်စရစ်အမှုတွဲများ ဖွင့်လှစ်ပြီး ကန့်ကွက်လွှာခေါ်ယူခြင်း၊ လျှောက်ထားသူပတ်ဝန်းကျင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့၏ အတည်ပြုခွင့်ပြု ချက်တင်ပြတောင်းခံပြီး တရားဝင်ခွင့်ပြုလုပ်ငန်းလိုင်စင်များကို ချထားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ခွင့်ပြုချက် ရရှိပြီးသော မြစ်သဲကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များမှာ ပြည်ခရိုင် အတွင်း ပြည်မြို့နယ်တွင် သုံးဦး၊ ပန်းတောင်းမြို့နယ်တွင် ၁၆ ဦး၊ ရွှေတောင်မြို့နယ်တွင် ၁၃ ဦး စုစုပေါင်း ၃၂ ဦးရှိပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘောထားမှတ်ချက် ပေးထားသည့် မြစ်ကျောက်လုပ်ကွက် အမှတ်(၆)နှင့် မြစ်၊ သဲလုပ်ကွက်စမ်းသပ်(၁) စုစုပေါင်း နှစ်ကွက်သာရှိပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နာယကအဖြစ်ပါဝင်ပြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ပါဝင်သော တိုင်းဒေသကြီး မြစ်၊ သဲ၊ ကျောက်၊ အုတ် ထုတ်လုပ်ခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းထားရှိသကဲ့သို့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ဆင့် မြစ်သဲကျောက်၊ အုတ်ထုတ်လုပ်ခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီများကိုလည်း ဖွဲ့စည်း ထားရှိပြီး သဲကျောက်ထုတ်လုပ်မှုနှင့် ပတ်သက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ခြင်းရှိ/မရှိကို တစ်လတွင်နှစ်ကြိမ်ခန့် ပုံမှန်ကွင်းဆင်းစစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီးအတွင်း၊ မြစ်ချောင်းများအတွင်း၊ သဲကျောက်များ ထုတ်လုပ်မှုနှင့် ပတ်သက်၍ သဘောထားမှတ်ချက်များပြန်ကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှထုတ်ပြန်ထားသည့် Standard Operating Procedure (SOP) လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ချောင်းများအတွင်း သဲကျောက်ထုတ်လုပ်သူများအနေနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ တရားမဝင်ထုတ်လုပ်မှုမရှိစေရေး တို့အတွက် ဟင်္သာတခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများပါဝင်သည့် မြစ်ချောင်းများအတွင်း သဲကျောက်များ စည်းကမ်းတကျ ထုတ်လုပ်မှု ကြီးကြပ်ရေးနှင့် ဖမ်းဆီးရေးအဖွဲ့များကို ၂၀၁၉ ခုနှစ်၊ မေလတွင် ဖွဲ့စည်းထားပါကြောင်းနှင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း ၎င်းတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊
သတ်မှတ်အလုပ်ချိန် ဥပမာ၊ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိနှင့်အညီဆောင်ရွက်ခြင်းရှိ /မရှိကိုလည်း ဖွဲ့စည်းထားရှိသည့် ရပ်ကွက်၊ ကျေးရွာအဆင့် ကော်မတီဝင်များမှ စောင့်ကြည့်၍ အချိန်ပိုမိုထုတ်ယူခြင်းအပေါ်တားဆီးခြင်း၊ သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့ သတင်းပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
သတ်မှတ်ပမာဏအတိုင်း ထုတ်ယူခြင်းရှိ/မရှိကိုလည်း တိုင်းဒေသကြီးအဆင့်မှ ခရိုင်၊ မြို့နယ်အောက်ခြေ ရပ်ကွက်၊ ကျေးရွာအထိ မြစ်သဲကျောက်၊ အုတ်ထုတ်လုပ်ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအသီးသီးကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည့်အတွက် စောင့်ကြည့်စစ်ဆေး လျက်ရှိပြီး ပိုမိုထုတ်လုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါလုပ်ကွက်များကို ရပ်ဆိုင်းစေ၍ ပိုမိုထုတ်လုပ်ခဲ့သောပမာဏအား သတ်မှတ်နှုန်းထားများအတိုင်း အခွန်ငွေပေးဆောင်စေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုသည့် လုပ်ကွက် တည်နေရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်စေရေး၊ သတ်မှတ် အလုပ်ရှင်နှင့်အညီ ဆောင်ရွက်စေရေး၊ သတ်မှတ်ပမာဏအတိုင်းထုတ်ယူစေရေး၊ တရားမဝင် တူးဖော် ထုတ်လုပ်ခြင်းများ မရှိစေရေးအတွက် ခရိုင်၊ မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့် ဖမ်းဆီးမှုအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေး အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊
တရားမဝင်ဆောင်ရွက်မှုများ၊ စည်းကမ်းဖောက်ဖျက်မှုများရှိပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တည်ဆဲဥပဒေနှင့်အညီ အရေးယူစေခြင်း၊ လုပ်ငန်းစည်းကမ်း ဖောက်ဖျက်သူအား လုပ်ငန်းပိတ်သိမ်းစေ၍ အမည်ပျက်စာရင်းကြေညာခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းအပြင် ၁၈၇၆ ခုနှစ်၊ မြန်မာနိုင်ငံမြေနှင့်အခွန် နည်းဥပဒေ အပိုဒ် ၁၀၇ အပိုဒ်ခွဲ(ဈ) အရလည်းကောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများအရလည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အတွင်း ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်နှင့် ဝါးခယ်မမြို့နယ်တို့မှ မြစ်သဲကျောက် လုပ်ငန်းရှင်သုံးဦးကို တရားစွဲဆိုခြင်း၊ ဒဏ်ငွေပေးဆောင်စေခြင်း၊ နာမည်ပျက်စာရင်းကြေညာခြင်း စသည်တို့ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊
မြစ်သဲကျောက် တူးဖော်လုပ်ကိုင်ခြင်းနှင့်ပတ်သက်ပြီး စည်းကမ်းဖောက်ဖျက်ပါက မော်တော် လုပ်သားများသာမက မော်တော်ပိုင်ရှင်နှင့် လုပ်ကွက်ပိုင်ရှင်တို့ကိုပါ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၈ ခုနှစ်အတွင်း ဟင်္သာတမြို့နယ်မှ မော်တော်ပိုင်ရှင်၊ မော်တော် ဦးစီးတို့အား အရေးယူဆောင်ရွက်မှုအနေဖြင့် (၇)မှု ဖမ်းဆီးတရားစွဲဆိုနိုင်ပြီး အမှုသုံးမှုပြီးပြတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြစ်သဲကျောက်တူးဖော်ခြင်းနှင့် ပတ်သက်၍ ခွင့်ပြုလိုင်စင်များထုတ်ပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ တိကျစွာလိုက်နာဆောင်ရွက်ရန် ဆက်စပ်ဌာနများ၏ သဘောထားမှတ်ချက်၊ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်များရယူ ဆောင်ရွက်သွားရန် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းနှင့်မညီသော လုပ်ငန်းများ အား လိုင်စင်ထုတ်ပေးခြင်းမပြုရန်၊ တရားမဝင် ဆောင်ရွက်ခြင်းမပြုရန်နှင့် မမှန်မကန်ပြု လုပ်ကြောင်း စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်သွားရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်မှ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများသို့ ၂၁-၉-၂၀၁၈ ရက်စွဲပါစာဖြင့် ညွှန်ကြားထားခဲ့ပြီးဖြစ်ပါကြောင်း၊
လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်သော ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်များအား အရေးယူ ခြင်းနှင့်ပတ်သက်၍ လေးမျက်နှာမြို့နယ်၊ သဲနုကုန်းအုပ်စု၊ ထုံးဘိုကျေးရွာမှာ အခွန်တိမ်းရှောင်၍ ချောင်းကျောက် ၂၅၃၇ ကျင်း တရားမဝင်ထုတ်လုပ်ရောင်းချခဲ့မှုတွင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစား ပြုလုပ်ခဲ့သော သဲနုကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးချိုထွန်းနှင့် ကညင်ခိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်တို့နှစ်ဦးကို ခရိုင်အုပ်ချုပ်ရေးမှူးမှ သတိပေးဆုံးမ၍ မှတ်တမ်းတင် ထားရှိရန် ၂၃-၁-၂၀၁၉ ရက်နေ့တွင် ကျင်းပသော တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၉)ဆုံးဖြတ်ချက်အရ ၈-၂-၂၀၁၉ ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ အဆိုပါ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား နောက်နောင် ထပ်မံမဖြစ်ပွားစေရေးအတွက် သတိပေးဆုံးမပြီး ခံဝန်ကတိပြုလက်မှတ်များ ရေးထိုးစေခဲ့ပြီးဖြစ်ပါကြောင်း၊
စည်းကမ်းပျက် ကျောက်စုပ်မှု များနှင့်ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ခြင်းများအား အရေးယူ ဆောင်ရွက်နိုင်ရန် ဧရာဝတီမြစ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေကြောင်းရဲတပ်ဖွဲ့အား တာဝန်ပေးအပ် ထားပါကြောင်း၊ မြစ်သဲကျောက်လုပ်ငန်းရှင်များအနေဖြင့် ကျူးကျော်စုပ်ယူခြင်း၊ စည်းကမ်းမဲ့စုပ်ယူခြင်းများ တွေ့ရှိရပါက ရဲစခန်းသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ပါရန်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ချက်ချင်းကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး တည်ဆဲဥပဒေများနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
မြစ်သဲကျောက် ထုတ်လုပ်ရာတွင် လိုက်နာရမယ့်စည်းကမ်းချက်များကိုလည်း လုပ်ငန်းရှင်များအား အသိပေး ညွှန်ကြား ထားပြီးဖြစ်ပါကြောင်းနှင့် တိုင်ကြားမှုများပေါ်ပေါက်လာပါက မှန်ကန်မှုရှိ/မရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစိစစ်စေပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မြစ်သဲကျောက် ထုတ်လုပ်မှု ကြီးကြပ်ရေးကော်မတီများ၏ ဆုံးဖြတ်ချက်များဖြင့် အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မတီအဆင့်ဆင့်မှ ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး မြစ်သဲကျောက်ထုတ်လုပ်မှု ကြီးကြပ် ရေးကော်မတီသို့ လစဉ်တင်ပြဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင်များ အနေဖြင့် အလွဲသုံးစားပြုလုပ်မှုများ ပေါ်ပေါက်ပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ စိစစ်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါက်တာထွန်းလင်းမော်(ကြံခင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မိမိအနေဖြင့် ဆက်စပ်မေးခွန်းကို မေးမြန်းလိုပါကြောင်း၊ ဝန်ကြီးဖြေကြားချက်တွင် အကုန်ပြည့်စုံ ပါသော်လည်း လက်တွေ့မြေပြင်တွင် အခက်အခဲရှိနေပါကြောင်း၊ ရေကြောင်းရဲတပ်ဖွဲ့ကို တာဝန်ပေးထားသည်ဆိုသော်လည်း တာဝန်ရှိသူများခေါ်ရာတွင် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ပိုမိုမြန်ဆန် သွက်လက်ရန် အတွက် တိတိကျကျဆောင်ရွက်နိုင်ရန် မည်သို့စီမံထားသည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ မြစ်ချောင်းများပျက်စီးမှု၊ သဲ၊ ကျောက်စရစ်၊ ရွှံ့စေးပါ အပါအဝင် သက်ဆိုင်ရာ Task Force များနှင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့သော် မြစ်ချောင်းတစ်လျှောက်ကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုနိုင်ရန် မရှိသည့်အတွက် မြစ်ထဲတွင်သွားလာနိုင်သည့် ရေကြောင်းရဲတပ်ဖွဲ့ကို တာဝန်ပေးခြင်း ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာစွာနှင့် သက်ဆိုင်ရာအဖွဲ့များကိုတိုင်ကြားနိုင်ရန် ထုတ်ပြန်ကြေညာ ထားခြင်း ရှိပါကြောင်း၊ အုတ်၊ သဲ၊ ကျောက်၊ ကျောက်စရစ် ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ မြစ်တွေ၊ ချောင်းတွေ မပျက်စီးအောင် ထိန်းသိမ်းရန်တို့အတွက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်၊ ခရိုင်များက ပြည်သူလူထုကို Public Awarenessနှင့် ပညာပေးသည်များရှိသလို သတင်းများရပါကတိုင်ကြားရန်ပါ ဆောင်ရွက်ပေးထားပါကြောင်း၊ တချို့မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် မြစ်၊ သဲ၊ ကျောက်ကိစ္စနှင့် အရေးယူခံရခြင်းများ အများကြီးရှိပါကြောင်း၊ ထို့ကြောင့် ထပ်ဆင့်ညွှန်ကြားခြင်း၊ ကြပ်မတ်ခြင်းများနှင့်အတူ တစ်ဖက်တွင်လည်း အခွန်ကိစ္စများ တရားမဝင်ဖြစ်လာပါက မိမိတို့ဌာနတင်မဟုတ်ဘဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပူးပေါင်းပြီး CPU အဖွဲ့များဖွဲ့ကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြပါ အတိုင်း ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့အတွက်ကို Corruption Protection Unit နှင့် လက်တွဲပြီး အထူးသဖြင့် မြစ်၊ ချောင်းများပျက်စီးမှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆက်လက် ပူးပေါင်းကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
