ချင်းပြည်နယ်၊ ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက် တပ်ဆင်နိုင်ခြင်းမရှိသေးခြင်း၊ အထွေထွေရောဂါကု သမားတော်မရှိခြင်း၊ လက်ထောက်ဆရာဝန် များလည်း သုံးဦးသာရှိသဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း။
ချင်းပြည်နယ်၊ ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်စက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ခွင့်ပြုချထားပြီး ဖြစ်သော်လည်း ယနေ့အထိ တပ်ဆင်နိုင်ခြင်းမရှိသေးပါကြောင်း၊ အဆိုပါ ကျောက်ကပ် သန့်စင်စက်အတွက် လိုအပ်သောရေရရှိရေးကိစ္စကို မြို့နယ်စည်ပင်ကတာဝန်ယူပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် အခန်းပြင်ဆင်ရေးအတွက် လိုအပ်ချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချထားပေးပြီးဟု သိရှိရပါကြောင်း၊ သို့ရာတွင် ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ရေသန့်စင်စက် Ro Machine တပ်ဆင်ရန်နှင့် ၎င်းနှင့်ပတ်သက်သော အထူးကုဆရာဝန် (ဆေးပညာ)ခန့် ထားပေးရန် လိုအပ်လျက်ရှိနေသေးပါကြောင်း၊ ၎င်းဒေသမှ ကျောက်ကပ်နှင့်ပတ်သက်သော လူနာများတွင် ယခုအချိန်တွင် ရန်ကုန်-မန္တလေး စသောမြို့ကြီးများသို့ သွားရောက်ကုသနေပါ သဖြင့် အချိန်ကုန်၊ ငွေကုန် လူပင်ပန်းစသည်တို့ ရင်ဆိုင်နေရပါကြောင်း၊ ထို့အပြင် ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အထွေထွေရောဂါကုသမားတော်လည်း မရှိ၊ လက် ထောက်ဆရာဝန်သုံးဦးသာရှိသဖြင့် လုံလောက်သောဆေးကုသမှု မပေးနိုင်သော အခြေအနေ တွင်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ဖလမ်းမြို့ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နံပါတ်(၁) ကျောက်ကပ်သန့်စင်စက်တပ်ဆင်ပေးရန်နှင့် ၎င်းနှင့်ပတ်သက်သော အထူးကုဆရာဝန် (ဆေးပညာ)ခန့်ထားပေးရန်၊ နံပါတ်(၂) အထွေထွေရောဂါကုဆရာဝန်သမားတော် ခန့်ထားပေးရန် နှင့် လက်ထောက်ဆရာဝန်များ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံတွင် ဆေးရုံပေါင်း ၁၁၅၁ ရုံရှိပြီး အထူးကုဆေးရုံ ၃၁ ရုံ၊ သင်ကြားရေး ၉ ရုံ၊ ခုတင်(၅၀၀) ၁၁ ရုံ၊ ခုတင်(၃၀၀) ၃ ရုံနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ခုတင်(၂၀၀) ၂၈ ရုံရှိပါကြောင်း၊ မိမိတို့အနေဖြင့် ခုတင်ကိုသတ်မှတ်ရာတွင် ယခင်က တကယ်လိုအပ်ချက် မရှိသော်လည်း ယခုအခါရေရှည်ကိုမူတည်ပြီး သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း။
ခုတင် ၂၀၀ ကိုသာအတိအကျပေးမည်ဆိုပါက ဖလမ်းပြည်သူ့ဆေးရုံတွင် ဝန်ထမ်း ပေါင်း ၅၉၄ ယောက်ခန့် Specialty ၁၇ မျိုးရှိပါကြောင်း၊ တစ်ပြည်လုံးတွင်ရှိသည့် ခုတင်(၂၀၀)ဆေးရုံများ တွင်လည်း Specialty အထူးကုဆရာဝန်ကြီး ၁၇ ဦး၊ အထူးကုဆရာဝန် ၁၇ ဦး အကုန်လုံးမပေးနိုင်သေးပါကြောင်း၊ ဆရာဝန်လိုအပ်ချက်အရ လိုအပ်သလို ပေးလျက်ရှိပါကြောင်း၊ ယခု လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြထားသည့် ဖလမ်းသည် ခုတင်(၂၀၀) ဖြစ်သည့်အတွက် လက်ထောက်ဆရာဝန် လိုအပ်ချက်သည် ၆၈ ဦးရှိသော်လည်း ၎င်း ၆၈ ဦးကို မပေးနိုင်သေး ပါကြောင်း၊ အလားတူ ခုတင်(၃၀၀)၊ ခုတင်(၄၀၀)၊ ခုတင်(၅၀၀)တွင်လည်း ထိုကဲ့သို့ရှိပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ဖလမ်းဆေးရုံတွင်တက်သည့်လူနာအရေအတွက် အခြေအနေ၊ အကြောင်းအရပ် ခက်ခဲသောဒေသ ဖြစ်သည့်အတွက်ကြောင့် ဦးစားပေးပြီးလုပ်ပါကြောင်း၊ ပြည်နယ်များအားလုံးကို လုပ်ပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ကျောက်ကပ်အစားထိုး(Hemodialysis) လုပ်ရန် အတွက် ဆေးရုံ ၃၃ ရုံတွင် Hemodialysis များရှိပါကြောင်း၊ သို့သော်လည်း မိမိတို့ ပြန်လည် စဉ်စားသည့်အခါ ရန်ကုန်မြို့တွင် ဆေးရုံ ၆ ရုံထားပါက Dialysis Center တစ်ခုတွင်လိုသည့် ဆရာဝန်၊ ဆရာမများက ဆေးရုံ ၆ ခုကိုသွားပြီး Run နေရပါကြောင်း၊ ထို့ကြောင့် အားလုံးကို ပေါင်းပြီး တစ်ခုပဲလုပ်မည်ဟု စဉ်းစားနေပါကြောင်း၊ ရန်ကုန်မြို့တွင် တစ်ခုသာထားပြီး ကျောက် ကပ်သန့်စင်သည့်နေရာ တစ်နေရာကို လူနာတွေကသွား၍ရပါကြောင်း၊ အလားတူစွာ မန္တလေးမြို့တွင် ဆေးရုံခုနစ်ရုံရှိပြီး တစ်နေရာတည်းတွင် ထားမည်ဆိုပါက ဆရာဝန်လိုအပ်ချက်၊ သူနာပြုဆရာမလိုအပ်ချက်များလည်းလျော့သွားမည် ဖြစ်ပါကြောင်း၊ ကျောက်ကပ်သန့်စင်ခြင်း ယူနစ်သည် မိမိတို့နိုင်ငံတွင် စံနှုန်း Standard မပြည့်သေးပါကြောင်း၊ ကျောက်ကပ်ကို Run လုပ်နေရခြင်းသည် မဟာသိပ္ပံဆေးပညာမှမဟုတ်ဘဲ Nephrologist ကလုပ်ရမည် ဖြစ်ပါကြောင်း၊ Nephrologyသည် သူနာပြု မဟုတ်ပါကြောင်း၊ Nephrology Nurse ကလုပ်ရမည်ဖြစ်ပါကြောင်း၊ ထို့နောက် Renal Dietitian Action ကျောက်ကပ်ရောဂါသည် မည်သည့်အစားအသောက်များ စားရမည် ၊ မည်သည်များမစားရဘူးဆိုတာ အကုန်လုံးမရှိသေးပါကြောင်း၊
ထို့နောက် Nephrology တွင် Social Worker များရှိပြီး Biomedical Technician များက စက်ပျက်ပါက မည်သို့လုပ်မည်၊ ၎င်းတို့ကို မိမိတို့က တစ်နေရာတည်း စုပေါင်းလိုက်ပါက ငွေကုန်လည်းသက်သာမည်ဖြစ်ပြီး ဆရာဝန်နည်းနည်း ဆရာမနည်းနည်းနှင့် Run ၍ရမည် ဖြစ်ပါကြောင်း၊
၆.၆.၂၀၁၉ ရက်နေ့တွင် အထူးကုဆရာဝန် Specialist Medicine ကို ခန့်ထားပြီးဖြစ်ပါကြောင်း၊ လက်ထောက်ဆရာဝန် ၁၀ ဦးအား မတ်လ ၁ ရက်နေ့ အမိန့်စာထုတ်ပြီး စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး လိုအပ်သည့် ၁၄၅ သိန်းတန်ကျောက်ကပ်သန့်စင်စက်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ချထားပေးသော်လည်း ထိုအချိန်က လျှပ်စစ်မီးမရှိပါကြောင်း၊ လျှပ်စစ်မကောင်းဘဲနှင့် Generator နှင့်သွားပါက စက်ပျက်ပါက ၁၄၅ သိန်းက သုညဖြစ်သွားမည်၊ နောက်တစ်ချက်အနေဖြင့် အဆောက်အဦမပြီး သေးဘဲနှင့် လုပ်၍မရပါကြောင်း၊ ယခု အဆောက်အဦလည်းပြီး၍ လျှပ်စစ်မီးကလည်း ရပြီဖြစ်သော်လည်း ၎င်းနှစ်ခုတည်းနှင့်မပြီးသေးပါကြောင်း၊ RO မရှိသည့်အတွက် Reverse Osmosis Slender Tube တို့လိုပါကြောင်း၊ ၎င်းကို သိန်း ၄၀၀ ကျော်ဖြင့် ဝယ်ယူပြီးဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ်တွင် Tender ခေါ်ယူဝယ်ပြီးသည့်အတွက် စက်တင်ဘာလမကုန်ခင်တွင် ဖလမ်းကိုရောက်မည်ဖြစ်ပါကြောင်း၊ မလိုအပ်သည့် Iron တို့ ထုတ်ရန်အတွက် Reverse Osmosis Slender Tube လည်းရပြီဖြစ်သည့်အတွက် ဖလမ်းဆေးရုံကြီးတွင် စက်စတင်လည်မည်ဖြစ်သည့် အတွက် ချင်းပြည်နယ်ပြည်သူများသည် မန္တလေးဆင်းခြင်း၊ ရန်ကုန်ဆင်းခြင်းကို လုပ်ရန်မလိုအပ် တော့ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
