သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၈၄/၂၀၁၆) အရ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် CF နှင့်ပတ်သက်ပြီး ရည်ရွယ်ချက် ငါးခုပါဝင်ရန် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်ဝင်ငွေ ရရှိစေခြင်း၊ သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစနစ်မြှင့်တင်ခြင်း၊ သစ်တောကာကွယ် ထိန်းသိမ်းခြင်း တို့ဖြစ်ပြီး သစ်တောဦးစီးဌာနကလည်း နည်းပညာပံ့ပိုးမည်ဟု ဖော်ပြထားပါကြောင်း၊ လေ့လာ ချက်အရ CF လုပ်ငန်းနှင့် ၅ မိုင်အတွင်းနေထိုင်သူ ဒေသတွင် ငါးနှစ်တစ်ဆက်တည်း နေထိုင်သူကိုသာ ဦးစားပေးထားသည့်အတွက် ဒေသခံကိုသာ မြေလုပ်ပိုင်ခွင့်နှင့် နည်းပညာ ပေးအပ်မည်ဆိုသည့် သဘောဖြစ်ပါကြောင်း၊ သို့သော်လည်း အရင်းအနှီး ပေးမည်ဆိုသည့် အချက်က လုံးဝမပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်း ကျောင်း ပြုရာတွင် လယ်မြေကိုစိုက်ပျိုးခြင်း၊ ယာမြေကိုစိုက်ပျိုးခြင်း၊ သစ်တောကြိုးဝိုင်း ခွင့်ပြုမြေတွင် စိုက်ပျိုးခြင်းစသည်တို့ ပါဝင်ပါကြောင်း၊ မည်သည့်စိုက်ပျိုးနည်းဖြစ်ပါစေ အောင်မြင်ရေး အတွက်ဆိုလျှင် စိုက်ပျိုးမည့််မြေရှိရမည် ဖြစ်ပါကြောင်း၊ နည်းပညာ အရင်းအနှီးတို့လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် သက်သေခံလက်မှတ် (ပုံစံ-၇) ရှိလျှင် တစ်ဧကကို လယ်အတွက်ဆိုလျှင် ကျပ်တစ်သိန်းခွဲ၊ (ပုံစံ-၇) ရှိသည့် ယာမြေဆိုလျှင် ဆောင်သီးနှံအတွက် တစ်ဧကကို ကျပ်တစ်သိန်းထုတ်ချေးလျက် ရှိပါကြောင်း၊ သို့သော်လည်း CF ဆောင်ရွက်ခွင့်လက်မှတ်မှာ (ပုံစံ-၇) ကဲ့သို့ အခိုင်အမာ လုပ်ကိုင်စားခွင့် လက်မှတ်ဖြစ်သော်လည်း ရရှိသူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်း ကျောင်းပြုသူ မြန်မာနိုင်ငံသားများအတွက် တူညီသောအခွင့်အရေးရရှိရန် လိုအပ်လျက်ရှိပါကြောင်း၊ ဤအချက်မှာ မေးခွန်းမေးမြန်းရခြင်း၏ အကြောင်းအရင်း တစ်ရပ်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မှာ ပဲရစ်မြို့တွင် သဘောတူညီချက်ပြုခဲ့ရာ၌ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောကို တစ်နိုင်ငံလုံးဧရိယာ၏ ၃၀ ရာခိုင်နှုန်းရှိရန်ဖြစ်သော်လည်း ၂၄.၇၂ ရာခိုင်နှုန်းခန့်သာ ရှိနေသေးခြင်း၊ မြန်မာ့သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း များကလည်း သစ်တောဧရိယာထိန်းသိမ်းရန်နှင့် တိုးတက်ရန်အထူးလိုအပ်လျက် ရှိပါကြောင်း၊ သို့သော်လည်း သစ်တောဦးစီးဌာနတွင် ဝန်ထမ်းအင်အား နည်းနေခြင်းကြောင့် ဒေသခံပြည်သူများက သစ်တောလုပ်ငန်းတွင် ပါဝင်ရင်း အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေး အတွက်လည်း မေးခွန်းမေးမြန်း ရခြင်း၏ အချက်တစ်ခု ဖြစ်ပါကြောင်း၊
အထက်ဖော်ပြပါ အချက်များကို ပေါ်လွင်စေရန် ပန်းတောင်းမြို့နယ်ကို အခြေပြုပြီး ဥပမာအဖြစ် တင်ပြလိုပါကြောင်း၊ ပန်းတောင်းမြို့နယ်တွင် သစ်တောကြိုးဝိုင်းခုနစ်ခုရှိပြီး မြို့နယ်ဧရိယာ၏ ထက်ဝက်ခန့်မှာ သစ်တောကြိုးဝိုင်း ဖြစ်ခြင်းကြောင့် မြေဧရိယာ၏ ၁၁ ရာခိုင်နှုန်းခန့်သာ တရားဝင် လယ်ယာတို့ကို စိုက်ပျိုးနိုင်ပါကြောင်း၊ ပန်းတောင်းမြို့နယ်တွင် သစ်တောကြိုဝိုင်းဧရိယာ အနီးအနား၌ နေထိုင်လုပ်ကိုင် အသက်မွေးဝမ်းကျောင်း ပြုသူများစွာရှိပါကြောင်း၊ သို့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း သစ်တော ဦးစီးဌာနမှ CF လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ် ပေးအပ်ပွဲတွင် လက်မှတ်ပေးအပ်ခံရသူ သုံးဖွဲ့သာရှိပြီး ထိုစဉ်က သစ်တောဌာနမှ တာဝန်ရှိသူနှင့် တက်ရောက် လာသူများထဲမှ ချေးငွေမရှိ၍ ယခုလိုလုပ်ကိုင်နေသည့်သူ နည်းနေကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့ပါကြောင်း၊ ထို့အပြင် သစ်တောကြိုးဝိုင်းအနီးရှိ ကျေးရွာများ၏ လူထုတွေ့ဆုံပွဲများ တွင်လည်း CF လုပ်ငန်းလုပ်ကိုင်ရန် ရှင်းလင်းပြောကြားရာတွင် အရင်းမရှိ၍ မလုပ်နိုင်ဘူးလို့သာ ပြောကြားသည့် ပြည်သူ့အသံများစွာကို ကြားသိခဲ့ရပါကြောင်း၊ ထို့ကြောင့် ပန်တောင်းဒေသကဲ့သို့ အခြားဒေသများတွင် မြေနှင့်နည်းပညာသာပေးသည့် CF လုပ်ငန်းမှာ ချေးငွေမရှိ၍ အရင်းမရှိ၊ အရင်းမရှိ၍ မလုပ်နိုင်သည့် အခြေအနေများသာ ဖြစ်ပေါ်နေမည်ဖြစ်၍ ဒေသခံပြည်သူလူထု အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်ရရှိ ထားသူများအား နိုင်ငံတော်မှ ထိုက်သင့်သည့် ချေးငွေထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးသည် အဓိကကျသည့်အတွက် ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီမှ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ ဘဏ်ချေးငွေများ ရရှိရေးကိစ္စအား စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ ၁၉-၉-၂၀၁၈ ရက်နေ့၌ ညှိနှိုင်းအကြောင်းကြား ထားမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြန်လည်ဖြေကြား ထားပါကြောင်း၊
(က) မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေနှင့် နိုင်ငံတော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများနှင့် ထိရောက်စွာ အထောက်အကူပြုရန် စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်သော သစ်တောစိုက်ပျိုးရေး ပြုစုထိန်းသိမ်းရေး လုပ်ငန်းများအတွက် ငွေချေးပေးခွင့်ရှိသော်လည်း ဘဏ်၏ဥပဒေအရဘဏ်သည် နှစ်တို/နှစ်ရှည် ချေးငွေကို အာမခံဖြင့်သာ ထုတ်ချေးပေးရမည် ဖြစ်သည့်ကြောင်း၊
(ခ) ချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆိုပါက လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ-၇) တွင် ဖော်ပြထားသော မြေမျိုးကိုသာ ဘဏ်ကအတည်ပြုထားသော (ပုံစံ-၇) မူရင်းကို အာမခံတင်သွင်း ရမည်ဖြစ်ပြီး ငွေချေးယူလိုသူ၏ မရွှေ့မပြာင်းနိုင်သော ပစ္စည်းများကိုလည်း လုံလောက်သည်အထိ အာမခံတင်သွင်း စေရမည်ဖြစ်ပါကြောင်း၊
(ဂ) သစ်တောမြေအတွင်း လယ်ယာစိုက်ပျိုးလုပ်ကိုင်နေသော ပြည်သူများ သစ်တောသစ်ပင် စိုက်ပျိုးပြုစု ပျိုးထောင်ရေး လုပ်ငန်းဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းအဖြစ် အနှစ် (၃၀) လုပ်ပိုင်ခွင့်ပြုထားသော မြေအားစည်းကမ်း မလိုက်နာ၍ သော်လည်းကောင်း၊ စာချုပ်ကာလ အချိန်စေ့၍သော်လည်းကောင်း ပြန်လည်သိမ်းယူမည်ဆိုပါက အာမခံရယူထားသည့် မြေကွက်အတွက် အခက်အခဲရှိနိုင်မည် ဖြစ်ပါကြောင်း၊
(ဃ) သစ်တောစိုက်ပျိုးခင်းများအတွက် ချေးငွေထုတ်ချေးရန်မှာ အပင်အမျိုးအစားအလိုက် တန်ဖိုး တွက်ချက်သတ်မှတ်ရန် အခက်အခဲရှိခြင်း၊ မီးဘေးနှင့်သဘာဝ ဘေးအန္တရာယ်တို့ကြောင့် ဆုံးရှုံးနိုင်ခြေ ရှိခြင်း၊ နှစ်ရှည်သီးနှံပင်များဖြစ်၍ ထုတ်ချေးရန် ကန့်သတ်ချက်များ ရှိခြင်းတို့အပြင် မြန်မာ့စီးပွားရေး ဘဏ်မှရယူသည့် ချေးငွေမှာလည်း သက်တမ်း (၅) နှစ် အတွင်း ပြန်လည် ပေးဆပ်ရခြင်းတို့ကြောင့် ချေးငွေထုတ်ပေးရန် အခက်အခဲရှိကြောင်း။
ထို့အပြင် သစ်တောဦးစီးဌာနအနေဖြင့်လည်း ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်ရရှိသူများအား နိုင်ငံတော်မှထိုက်သင့်သည့် ချေးငွေထုတ် ပေးနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ၂၁-၅-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမတွက် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး CF Unit အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် CF Unit ဥက္ကဋ္ဌများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူအစု အဖွဲ့ဝင်ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်သူ NGO/INGO များ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဒေသခံပြည်သူအစုအဖွ့ဲ့ပိုင် သစ်တောအသုံးပြုသူ အဖွ့ဲဝင်များနှင့် အခြားစိတ်ပါ ဝင်စားသူ ၁၆၀ ခန့် တက်ရောက်ဆွေးနွေး ခဲ့ကြပါကြောင်း၊
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးမှုရရှိနိုင်ရေး နိုင်ငံတော်မှ ချေးငွေထုတ် ပေးနိုင်ရန် လတ်တလော အစီအစဉ် မရှိသေးပါကြောင်းနှင့် ချေးငွေရရှိနိုင်ရေးကို သက်ဆိုင်ရာ ဌာနများနှင့် လက်ရှိညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ခင်နှင်းသစ် (ပန်းတောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်များတွင်လည်း ဆက်လက်ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ လတ်တလော မပေးနိုင်သေးသည့် အဖြေတစ်ခုပါဝင်ပါကြောင်း၊ ဘဏ်တစ်ခုခုကများ CF လုပ်ငန်းဆောင်ရွက်ခွင့် လက်မှတ်ရရှိသူများကို ငွေထုတ်ချေး ပေးမည်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ကြိုးစားကူညီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
ဆက်စပ်မေးခွန်းနှင့်ပတ်သက်ပြီး မိမိတို့လတ်တလော အနေဖြင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းနှင့် မူဝါဒပိုင်းဆိုင်ရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီးမှ မိမိတို့က ဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
