(ဂ)-သက်ဆိုင်ရာတရားရုံးများသို့ သက်သေထွက်ဆိုရန် သွားရောက်ကြရသည့် သက်သေများအတွက် သက်သေစရိတ်ကို အမှန်ကုန်ကျစရိတ်အတိုင်း ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့(၆. ၆. ၂၀၁၉)

 

သက်ဆိုင်ရာတရားရုံးများသို့ သက်သေထွက်ဆိုရန် သွားရောက်ကြရသည့် သက်သေများအတွက် သက်သေစရိတ်ကို အမှန်ကုန်ကျစရိတ်အတိုင်း ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ သက်သေစရိတ်ပြတ်လပ် ခြင်းမရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

မြန်မာ့လူ့အဖွဲ့အစည်းသည် ရိုးရှင်းသည့်လူနေမှုဘဝကို နှစ်သက်တန်ဖိုးထားကြသော လူ့အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ အေးဆေးစွာနေထိုင်တတ်သည့် စရိုက်၊ လက္ခာဏာရှိပြီး ရုံးပြင်ကနားနှင်‌့ ဆက်ဆံလိုသူများ မဟုတ်သလို ဆက်ဆံတတ်ကြသူများလည်း မဟုတ်ပါကြောင်း၊ အထူးသဖြင့် အခြားရုံးများထက် တရားရုံးများကို ပိုပြီးကြောက်ရွံ့တတ်ကြသည့် သဘောလည်း တွေ့ရပါကြောင်း၊ သို့သော်လည်း အကြောင်းအားလျော်စွာ သက်သေအဖြစ်နဲ့တရားရုံးကို သွားရောက်ကြရတဲ့ ပြည်သူတွေရှိသလို နိုင်ငံတော်၏ သက်သေအဖြစ်တရားရုံးကို အားတတ်သရော သွားရောက် သက်သေခံချက် ထွက်ဆိုကြသည့် ပြည်သူများလည်း ပြောင်းလဲလာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် မူတည်ပြီးမှ ပေါ်ပေါက်လာပါကြောင်း၊ တချို့သက်သေများသည် သက်သေစရိတ်တရားရုံးက ထုတ်ပေးခြင်းဆိုသည်မှာ မိမိကိုယ်ကိုယ်မိမိ မသိကြပါကြောင်း၊ ၎င်းမှာ သက်သေနှစ်မျိုး ဖြစ်ပေါ်လာသည်ဟု ထင်ပါကြောင်း၊ ပထမတစ်မျိုးက မလွဲသာမရှောင်သာဖြစ်သည့် သက်သေဖြစ်ပြီး၊ ဒုတိယတစ်မျိုးက ပြည်သူတို့၏ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ ကာယစိတ်ဓာတ် အေးချမ်းလုံခြုံရေးတို့အတွက် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်ကို အကူအညီ ပေးနေကြသည့် သက်သေများ ဖြစ်ကြပါကြောင်း၊ မည်သို့ပင်ဖြစ်စေ သက်သေနှစ်မျိုး စလုံးသည် တရားဥပဒေစိုးမိုးရေးအတွက် အရေးပါသော အစိတ်အပိုင်းများ ဖြစ်ကြပါကြောင်း၊

ဒုတိယတစ်မျိုးတည်းမှာ မိမိ၏မဲဆန္ဒနယ်မြေထဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့က ပုဂ္ဂိုလ်များ ပါဝင်နေပါကြောင်း၊ ထိုအဖွဲ့သည် မိမိတို့ကျေးရွာ၊ မိမိတို့ပတ်ဝန်းကျင်ကျေးရွာများတွင် မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် အခြေအနေများကြောင့် လူငယ်၊ လူလတ်ပိုင်းများ ပျက်စီးနေခြင်းများ၊ လူသားအရင်းအမြစ်များ ဆုံးရှုံးနေရခြင်းများ၊ မူးယစ်ဆေးဝါးနှင်‌့ ဆက်နွှယ်နေသည့် ရာဇဝတ်ပြစ်မှုများကြောင့် ရပ်ရွာအေးချမ်းသာယာမှု မရှိခြင်းများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော HIV ကူးစက်ရောဂါမှအစ လူမှုဒုက္ခအမျိုးမျိုးကို ကြုံတွေ့သိမြင် ခံစားနေကြရခြင်းများကြောင့် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကိုယ့်စရိတ်နှင်‌့ကိုယ် ကိုယ်တိုင်သတင်းထောက် လှန်းရဲနှင်‌့ပူးပေါင်းပြီးဖမ်းခြင်း၊ အများနှင်‌့ဆိုင်သည့် နေရာများတွင် ကိုယ်တိုင်ဖမ်းပြီး ရဲကိုအပ်ခြင်း စသဖြင့်လုပ်ဆောင်လာခြင်းများသည် ၂၀၁၈ ခုနှစ် အကုန်တွင် အမှုပေါင်း ၅၆ မှုရှိပြီး ၂၀၁၉ ခုနှစ်ထဲတွင် ၁၁ မှု ရှိပါကြောင်း၊ နောက်ဆုံးပိုင်ရှင်မဲ့ ဖမ်းဆီးရရှိခဲ့ခြင်းသည် ဘိန်းဖြူ ၆.၆ ကီလိုဂရမ် တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း ၆၀၀၀ ခန့်နှင်‌့ ကားတစ်စီးကို ဖောက်ပြင်နှင်‌့ ပင်လယ်ဘူးအဖွဲ့နှစ်ဖွဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးရရှိခဲ့မိပါကြောင်း၊

မူးယစ်ဆေးဝါးစာရင်းနှင့် မူးယစ်မှုစာရင်း နောက်ဆုံးဖမ်းမိသည့် ပစ္စည်းများကို အဆိုပါအဖွဲ့ဝင်များက ခရိုင်မှူးအတွက် ခရိုင်တရားရုံးကို သွားရောက်ပြီး သက်သေခံထွက်ဆို ကြရသည့်အခါ လမ်းခရီးအခြေအနေအရ နှစ်ညအိပ်၊ သုံးရပ်အထိ ကြာတက်ပါကြောင်း၊ ဖောင်းပြင်၊ မော်လိုက် မိုင် ၇၀ သာ ဝေးသော်လည်း အမြန်ရေယာဉ်ဖြင့် သွားမှသာအဆင်ပြေပါကြောင်း၊ ခရီးစရိတ်နှင့်နေထိုင် တည်းခိုစရိတ် စုစုပေါင်း ကျပ် ၃၀၀၀၀ ခန့် ဝန်းကျင်ကုန်ပါကြောင်း၊ သက်သေစရိတ်က ကျပ် ၁၁၀၀၀ မှ ၁၆၀၀၀ အထိ ရရှိသည်ဟု ဆိုပါကြောင်း၊ ၎င်းတို့အနေဖြင့် သက်စွန့်ကြိုးပမ်း အများအကျိုး ဆောင်ခြင်းသည် ရေရှည်မှာ ကိုယ့်ဒုက္ခကိုယ်ရှာရသကဲ့သို့ ဖြစ်နေကြပါကြောင်း၊ ထု့ိကြောင့် မေးမြန်းလိုသည်မှာ (၁) လုံလောက်သည့် သက်သေစရိတ်ကို ထုတ်ပေးနိုင်ရန်နှင့်  (၂) ငွေပြတ်လပ်ခြင်း မရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးအောင်ဇော်သိန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

သက်သေစရိတ် ထုတ်ပေးခြင်းနှင်‌့ပတ်သက်၍ တရားရုံးအသီးသီးကို သက်သေခံလာရောက်သည့် ရာဇဝတ်မှုများက သက်သေများအတွက် တရားရုံးများ လက်စွဲအပိုဒ် ၆၃၂ တွင်ပါသည့် တရားလိုများနှင်‌့ သက်သေများအား စရိတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ ၃ အရ သက်သေစရိတ်ကို သာမန်အသုံးစရိတ်ဖြစ်သည့် ၀၃၂၃ တရားရုံးနှင်‌့ခုံရုံးစရိတ် ခေါင်းစဉ်အောက်မှ ကျခံထုတ်ပေး ရပါကြောင်း၊

ရာဇဝတ်မှုများတွင် သက်သေများကို ထုတ်ပေးသည့် တစ်နေ့အတွက် သက်သေစရိတ်က အတည်ဖြစ်နေသည့် နိုင်ငံတော်ကောင်စီ၏ ၂၉-၈-၁၉၈၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၉/၈၄) အရ နိုင်ငံတော်က အခါအားလျော်စွာ သတ်မှတ်သော အလုပ်သမားတစ်ဦး၏ တစ်နေ့အတွက် အနိမ့်ဆုံးလုပ်ခအဖြစ် သတ်မှတ်ခွင့်ပြုနေပါကြောင်း၊ လက်ရှိအခြေအနေတွင် စီမံကိန်းနှင်‌့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၇-၆-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၇/၂၀၁၈) အရ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန်တစ်နေ့ ရှစ်နာရီအတွက် ၄၈၀၀ ကျပ် တိုးမြှင်‌့ပြင်ဆင်သတ်မှတ်ချက်နှင်‌့အညီ ရာဇဝတ်မှုများတွင် သက်သေစရိတ်ကို တစ်နေ့အတွက် ၄၈၀၀ ကျပ်နှုန်းနှင်‌့ ကျခံထုတ်ပေးလျက်ရှိပါကြောင်း၊ ခရီးစရိတ်နှင်‌့ပတ်သက်၍ အမှန်တကယ် သွားလာရသော ခရီးစဉ်အတွက် ဒေသနှုန်းထားများဖြင့် မိမိတို့အမှန်ကုန်ကျသည့် ငွေကို ထုတ်ပေး ရပါကြောင်း၊

ထို့ကြောင့် တရားရုံးကိုလာရောက်သော သက်သေခံသည့် သက်သေစရိတ်အဖြစ် တစ်နေ့ကို ၄၈၀၀ နှုန်း၊ ၎င်း၏ခရီးစရိတ်နှင်‌့ပတ်သက်ပြီး အမှန်ကုန်ကျသည့် ခရီးစရိတ်ကို ထုတ်ပေးလျက်ရှိပါကြောင်း၊ သက်သေစရိတ်ထုတ်ပေးရန်အတွက် ငွေပြတ်လပ်ခြင်းမရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင်‌့ စပ်လျဉ်းပြီး တရားရုံးအသီးသီးကို လာရောက်သက်သေခံသော ရာဇဝတ်မှုများ၊ သက်သေများအတွက် သက်သေစရိတ်များကို တင်ပြခဲ့သည့်အတိုင်း တရားရုံးအသီးသီးရှိ ဘီးလစ်များက ထုတ်ပေးရပါကြောင်း၊ ဘီးလစ်များအနေဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့် အညီ တရားဝင်အမြဲတမ်း ဆောင်ငွေတစ်ရပ်ကို ကိုင်ဆောင်ခွင့်ရှိပါကြောင်း၊ တရားရုံးနှင်‌့ခုံရုံး စရိတ်ကို ခေါင်းစဉ်အောက်မှ ထုတ်ယူသုံးစွဲရခြင်းဖြစ်ပါကြောင်း၊ ရသုံးမှန်ခြေငွေစာရင်းဌာန၏ ၅-၆-၂၀၁၃ ရက်စွဲပါစာအရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်အတွက် အနည်းဆုံး ၅၀၀၀ မှ အများဆုံး ၁၀၀၀၀ အထိ၊ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များအတွက် အနည်းဆုံး ၅၀၀၀ မှ ၂၅၀၀၀ အထိ၊ ခရိုင်တရားရုံးများအတွက် အနည်းဆုံး ၃၀၀၀ မှ အများဆုံး ၁၀၀၀၀၀ အထိ၊ မြို့နယ်တရားရုံးများ အတွက် အနည်းဆုံး ၃၀၀၀ မှ အများဆုံး ၁၀၀၀၀၀ အထိ အမြဲတမ်းဆောင်ငွေအဖြစ် ကိုင်ဆောင်ခွင့် ပြုထားပါကြောင်း၊

ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးကလည်း ၂၁-၆-၂၀၁၃ ရက်စွဲပါစာနှင့် အမြဲတမ်းကြိုတင် ဆောင်ငွေဖြင့် ၁၅ ရက်အတွင်း ပျမ်းမျှခြင်းကုန်ကျမည့် သင့်လျော်မည့် ငွေပမာဏကို တရားရုံး အဆင်‌့ဆင်‌့က သတ်မှတ်ခွင့်ပြု ပေးခဲ့ပါကြောင်း၊ ရာဇဝတ်မှုများတွင် သက်သေစရိတ်ကို ချက်ခြင်း ထုတ်ပေးနိုင်ရန်နှင့် အခြားအသေးအဖွဲ အသုံးစရိတ်များကို အဆင်ပြေချောမွေ့စွာ ပေးချေနိုင်ရန် ရည်ရွယ်ပြီးမှ ခွင့်ပြုထားခြင်းဖြစ်ပါကြောင်း၊ ၎င်းခွင့်ပြုထားသော အမြဲတမ်းကြိုတင်ဆောင်ငွေဖြင့် မလုံလောက်ပါက အနည်းဆုံး ၆ လ ကိုင်ဆောင်သုံးစွဲပြီး ၆ လကာလအတွင်း စစ်ဆေးခဲ့သည့် သက်သေစရိတ် ပေးရသည့်သက်သေဦးရေ သက်သေများကို ထုတ်ပေးရသော ခရီးစရိတ်အမှန် ကုန်ကျငွေ၊ အမြဲတမ်းကြိုတင်ထုတ်ပေးငွေက ထုတ်ပေးရသည့် အခြားအသေးအဖွဲ အသုံးစရိတ်များကို တစ်လချင်းသုံးစွဲသည့် နေ့ရက်အလိုက် ဖြည့်စွက်စာရင်းပြုပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးရုံးမှတစ်ဆင်‌့ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးကို အမြဲတမ်းကြိုတင်ဆောင်ငွေ တိုးမြှင်‌့ကိုင်ဆောင်ခွင့်ပြုရန် တင်ပြရေးအတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးက ၂၁-၆-၂၀၁၃ ရက်နေ့စာဖြင့် ညွှန်ကြားခဲ့ပါကြောင်း၊

ထို့ကြောင့် တရားရုံးများအနေဖြင့် အမြဲတမ်းကြိုတင် ဆောင်ရွက်နေသော သက်သေစရိတ်များကို ပေးချေလျက်ရှိသော်လည်း လုံလောက်မှုမရှိသည့်အခါ ငွေထုတ်သူအရာရှိအနေဖြင့် သက်ဆိုင်ရာ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင်‌့အညီ ခုံရုံးစရိတ်ခေါင်းစဉ်အောက်က ငွေထုတ်ပြီး အမှန်ကုန်ကျမည့် ခရီးစရိတ်များနှင့် သက်သေစရိတ်များကို ပေးချေနိုင်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးထွန်းဝေ (ဖောင်းပြင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိ မေးမြန်းရခြင်းက အမှုများသည် တစ်ခုနှင်‌့တစ်ခု သဘောသဘာဝခြင်းလည်း မတူပါကြောင်း၊ နှစ်တစ်နှစ်အတွင်း အမှုအရေအတွက် တိုးခြင်း/လျော့ခြင်းဆိုသည့် အကြောင်းများလည်း ရှိပါကြောင်း၊ ထို့ကြောင့် သက်သေစရိတ်ထုတ်ပေးမည့် ငွေပြတ်လပ်ခြင်း မရှိအောင်နှင့် Weakness နှင့် Checked နှစ်မျိုး ပေါင်းလိုက်မည်ဆိုပါက အမှန်တကယ်ကုန်ကျသည့် ကုန်ကျစရိတ်ကို အနီးစပ်ဆုံးဖြစ်လာမည် ဖြစ်သည့်အတွက် ဆက်စပ်မေးမြန်းလိုသည်မှာ သက်သေစရိတ်ကို အမှန်တကယ် ထုတ်ပေးခြင်း ရှိ/မရှိကို မည်ကဲ့သို့ စောင့်ကြပ်ကြည့်ရှုသည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးအောင်ဇော်သိန်း

နောက်ဆက်တွဲ မေးခွန်းအနေဖြင့် မိမိတို့အမှုများ အတိုး/အလျော့ရှိပါကြောင်း၊ ကုန်ကျစရိတ် များလည်း မတူပါကြောင်း၊ ထို့ကြောင့် သက်သေစရိတ် အမှန်တကယ် ထုတ်ပေးခြင်းရှိ/မရှိကို မည်ကဲ့သို့ စိစစ်မည်နည်းဆိုသည့် အပိုင်းတွင် တရားရုံးများတွင် ရှေ့မှာဆိုင်းပုဒ်ကပ်ထားပါကြောင်း၊ မိမိတို့ကလည်း ညွှန်ကြားထားပါကြောင်း၊ သက်သေစရိတ်များ မရရှိပါက သက်ဆိုင်ရာ အကြီးအကဲထံသို့ သတင်းပို့ပါ၊ အမှန်တကယ် ထုတ်ပေးခြင်းရှိ/မရှိ တာဝန်ရှိသူများကို ပြောပါဟု တရားရုံးများ၊ ခရိုင်များ၊ မြို့နယ်များအားလုံးတွင် ကြော်ငြာစာကပ်ပြီးမှ ညွှန်ကြားချက် ပေးထားပါကြောင်း၊ ယခုတိုးခြင်း/လျှော့ခြင်းနှင်‌့ပတ်သက်၍ ဆောင်ငွေထဲမှ ထုတ်ပေးသည့်အခါ အတိုး/အလျှော့ရှိမည်၊ ဥပမာအားဖြင့် ဖောင်းပြင်ဆိုလျှင် ၎င်း၏ ဆောင်ငွေသည် ၅၀၀၀၀ ဆောင်ငွေ ကိုင်ခွင်‌့ ရှိပါကြောင်း၊ ထပ်မံ၍လည်း တစ်သိန်းအထိ ကိုင်နိုင်ပါကြောင်း၊ ယခု ၅၀၀၀၀ ကိုင်သည့်အခါ ၁၅ ရက်တစ်ကြိမ် ဆောင်ငွေလျော့သွားပါက ထုတ်ပေးထားသည့် သက်သေစရိတ်ကို ၎င်းဘဏ်တွင် ပြန်ဖြည့်ပြီး ထုတ်၍ရပါကြောင်း၊ ထို့ကြောင့် အမှုအတိုး၊ အလျှော့နှင်‌့ပတ်သက်၍ အမှန်တကယ် မလုံလောက်ပါက ခြောက်လတစ်ကြိမ် တစ်လချင်းအလိုက် ကုန်ကျစရိတ် မည်မျှရှိသနည်းနှင့် မည်မျှအတိုးပေးရသနည်း၊ ထို့ကြောင့် ဆောင်ငွေနှင်‌့မလုံလောက်သည်ကို လချင်းအလိုက် ခြောက်လတစ်ကြိမ် စာရင်းပြုစုပြီး တင်ရပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဦးစီးရုံးမှ တင်သည့်အခါ တွက်ချက်ပြီး တစ်ခါတိုးပေးရန်အတွက် လိုမည်ဆိုလျှင် တစ်သိန်းအထိ ခွင့်ပြုထားသည့် ခရိုင်နှင်‌့မြို့နယ်ကို တစ်သိန်းအထိ တိုးပေး၍ရပါကြောင်း၊ ၎င်းကို မည်သို့ပြန်စိစစ်သနည်းဆိုလျှင် မော်လိုက်ခရိုင်ဆိုလျှင် ခွင်‌့ပြုငွေ ၁၂၀၀၀ နှင့် ဖောင်းပြင်က ၅၀၀၀၀ ရှိပါကြောင်း၊ သုံးပြီးသည့် သက်သေစရိတ်များကို စိစစ်ကြည့်သည့်အခါ မော်လိုက်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၉၀၉၄၀၀ သုံးထားပါကြောင်း၊ ဖောင်းပြင်တွင် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၇၅၀၀၀၀ အထိသုံးထားပါကြောင်း၊ နောက်ထပ် သုံးလပတ်က မော်လိုက်က သုံးသိန်းထုတ်ထားပြီး ၂၉၅၄၀၀ သုံးထားပါကြောင်း၊ ဖောင်းပြင်က ၂၅၀၀၀၀ ထုတ်ထားပြီး ၂၅၀၀၀၀ သုံးထားပါကြောင်း၊ နောက်တစ်ခါ ဧပြီလမှ စက်တင်ဘာလအထိ ကြည့်မည်ဆိုလျှင်လည်း မော်လိုက်က ၄၂၀၀၀၀ ထုတ်ထားပြီး ဖောင်းပြင်က ၃၅၀၀၀၀ ထုတ်ထားပါကြောင်း၊

မိမိအနေဖြင့် ၎င်းတို့လိုအပ်မည့် သက်သေစရိတ်က တိုးပေးရန်လိုသည်၊ ခရီးစရိတ်များ တိုးပေးရန်လိုသည် ဆောင်ငွေနှင်‌့မလောက်ပါက မိမိတို့အမြင့်ဆုံး ပေးနိုင်သည့်ငွေအထိကို ၎င်းတို့အနေဖြင့် စာရင်းဇယားများ ပြုစုပြီး တင်ပြလျှင် မိမိတို့အနေဖြင့် တိုးပေးနိုင်ပါကြောင်း၊ ထို့အတူ သက်သေစရိတ်များ ပေးခြင်း မပေးခြင်းဆိုသည်မှာ လယ်ဂျာမှတ်တမ်းများ ရှိပါကြောင်း၊ မှတ်တမ်းများကို သက်ဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာတရားရုံးများကို သွားစစ်သည့် အခါတွင်လည်း စစ်ဆေးရန်ညွှန်ကြား ထားပါကြောင်း၊ ထို့အတူ မိမိတို့ဆီကိုပို့သည့် ပြန်တမ်းများအရလည်း စိစစ်ပြီး ယခုလို မပေးခြင်းများ၊ ပေးခြင်းများနှင်‌့ပတ်သက်ပြီး အမှန်တကယ် ပေးရေးနှင်‌့ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အကြောင်း ရှင်းလင်းဖြေကြားပါသည်။