(င)-ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေကျေးရွာအုပ်စု၌ ကျွဲသေကျေးလက်ကျန်းမာရေးဌာနခွဲ အသစ် ဖွင်‌့လှစ်ခွင်‌့ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၆)ရက်မြောက်နေ့(၆. ၆. ၂၀၁၉)

 

ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင်‌့ ကြို့ပင်ကောက်မြို့နယ် တွင် တိုက်နယ်ကျန်းမာရေး‌ဌာနတစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနလေးခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၃ ခုနှင်‌့ မိခင်နှင်‌့ကလေးကျန်းမာရေးဌာန ၁၁ ခုရှိပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းအင်အား ၇၁ ဦးတို့ဖြင်‌့ မြို့နယ်ရှိလူဦးရေစုစုပေါင်း ၁၁၈၄၈၄ ဦးတို့အား ပြည်သူ့ကျန်းမာရေး စောင်‌့ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်လူထုသည် ကုန်သည်ပွဲစား၊ ဆန်စက်လုပ်ငန်း၊ လယ်ယာ လုပ်ငန်းများနှင်‌့ အများစုစီးပွားရေး ကောင်းမွန်သူများ ရှိသကဲ့သို့ လက်လုပ်လက်စား၊ လယ်ယာမဲ့ များလည်း ရှိကြပါကြောင်း၊ ပြည်သူ့ဆေးရုံ၊ မိခင်နှင်‌့ကလေးစောင်‌့ရှောက်ရေး ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင်‌့ ဌာနခွဲများသည် အခြေခံပြည်သူများ၊ ဝန်ထမ်းမိသားစုများနှင်‌့ တောင်သူလယ်သမားတို့ အားထားရာလည်းဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၂၈၆ ရွာရှိပြီး လူဦးရေနှင်‌့ ဌာနမမျှ၍ ဆေးရုံ၊ ဆေးခန်းကိုမရောက်မီ သေဆုံးမှုများနှင်‌့ ကူးစက်ရောဂါအစရှိသည်‌့ မလိုလားအပ်သည်‌့ ဖြစ်စဉ်များ ရေကြီးနစ်မြုပ်ဒေသ ချောင်းရိုးများပေါများ၍ မိုးတွင်းအခါသွားလာ၍ခက်ခဲခြင်းများ လက်ရှိ REC များနှင်‌့ ဝေးကွာလွန်းခြင်းတို့ကြောင်‌့ ဒေသတစ်ခုလုံး လွှမ်းခြုံကျန်းမာရေးစောင်‌့ရှောက်မှု မဆောင်ရွက်နိုင်သဖြင်‌့ ကျေးလက်ကျန်းမာရေးဌာနခွဲ ကိုးခုကိုလည်း လျှောက်ထားခဲ့ပါကြောင်း၊ ယနေ့ ကျွဲသေအုပ်စု၊ ကျွဲသေကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဖွင်‌့လှစ်ခွင်‌့ပြုနိုင်ရန် လျှောက်ထားခြင်းဖြစ်ပါကြောင်း၊ ဆေးခန်းဖွင်‌့လှစ်ခွင်‌့ရရှိပါက မြေနေရာ ၁.၇၇ ဧကကိုလည်း ဒေသခံပြည်သူများက စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ မြို့ကိုင်းကျေးလက်ကျန်းမာရေးဌာနခွဲနှင်‌့ ၃ မိုင်၊ အလယ်ကုန်းကျန်းမာရေးဌာနခွဲနှင့် ၅ မိုင် ကွာဝေးပြီး သွားလာရန်ခက်ခဲပါကြောင်း၊ ၎င်းကျွဲသေ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင်‌့လှစ်ခွင်‌့မရရှိပါက အုပ်စုအတွင်းရှိ ကျေးရွာပေါင်းခြောက်ရွာ၊ အိမ်ခြေ ၃၈၀ နှင်‌့ လူဦးရေ ၂၆၀၀ ကျော်တို့အား ကျန်းမာရေးစောင်‌့ရှောက်မှု ပေးနိုင်မည်ဖြစ်ပါသဖြင်‌့ ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေကျေးရွာအုပ်စု၌ ကျွဲသေကျေးလက်ကျန်းမာရေးဌာနခွဲ အသစ် ဖွင်‌့လှစ်ခွင်‌့ပြုပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင်‌့ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မိမိတို့အနေနှင့် ကြို့ပင်ကောက်မြို့နယ်ကို ပြန်ကြည်‌့သောအခါ ကျေးရွာပေါင်း ၂၇၁ ရွာ၊ အိမ်ခြေပေါင်း ၃၀၀၀၀ နီးပါး လူဦးရေပေါင်း ၁၂၀၀၀၀ နီးပါးရှိသည်ကိုတွေ့ရပါကြောင်း၊ ကျန်းမာရေး စောင်‌့ရှောက်မှုအနေဖြင့် Station Health Unit ဟုခေါ်ပါကြောင်း၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက် ကျန်းမာရေးဌာနနှစ်ခုတွဲဖွင်‌့တာ တစ်ခုရှိသည့်အပြင် ကျေးလက်ကျန်းမာရေးဌာန လေးခုရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၃ ခုနှင်‌့ မိခင်နှင်‌့ကလေးကျန်းမာရေးဌာန တစ်ခုဖွင်‌့ပြီး ပေးလျက် ရှိပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပိုမိုပီပြင်အောင် ကြို့ပင်ကောက်မြို့နယ်တွင် ဆောင်ရွက် နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) က ၁၄ ဦး၊ သားဖွားဆရာမ ၄၀ ဦး၊ အမျိုးသမီး ကျန်းမာရေးဆရာမခြောက်ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) တစ်ဦး၊ လက်ထောက်ကျန်းမာရေးမှူး နှင့် ကျန်းမာရေးမှူး စုစုပေါင်း ခုနစ်ဦးနှင့်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကျွဲသေကျေးရွာကို ပြန်လည် လေ့လာသည့်အခါ မြို့ကိုင်းကျေးလက်ကျန်းမာရေးဌာနနှင့် ၃ မိုင်ဝေးပြီး သူ့အပေါ်မှာရှိသည့် အလယ်ကုန်းကျေးလက်ကျန်းမာရေး ဌာနနှင့်လည်း ၅ မိုင်ဝေးပြီး သွားလာရေးခက်ခဲပါကြောင်း၊

ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ဖွင်‌့မည်ဆိုပါက အခြေခံမူအားလုံး (၆)ချက်ရှိပါကြောင်း၊ အဆိုပါ (၆)ချက်မှာ (၄)ချက်နှင့် ကိုက်ညီသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့်အတိုင်း မြေဧက ၁.၇၇ ဧကကိုလည်း ရွာကလှူဒါန်းတာဖြစ်သည့်အတွက် (၁၀၅)၊ (၁၀၆) ပုံစံကို လျှောက်ထားပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင်‌့မည်ဆိုရင်တော့ ကျေးရွာခြောက်ရွာ၊ အိမ်‌ခြေ ၆၄၇ အိမ်၊ လူဦးရေ ၂၅၀၀ ကျော်ကိုလည်း မိမိတို့ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အရေးကြီးဆုံးမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးကို ပြန်လည်မေးမြန်းပါကြောင်း၊ မေးမြန်းသောအခါ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးကလည်း ဖွင်‌့လှစ်သင်‌့ကြောင်း ထောက်ခံသည့်အတွက် မိမိတို့က ပေးရန်ရည်ရွယ်ပါကြောင်း၊ မိမိအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြီးများအားလုံးကို တစ်ခုတင်ပြလိုသည်မှာ မိမိတို့အနေဖြင့် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲဖွင်‌့သည့် ကိစ္စရပ်များကို အထူးဦးစားပေးကြောင်း၊ တတ်နိုင်သမျှလည်း မိမိတို့ပေးပါကြောင်း၊ ဘာ့ကြောင်‌့လဲဆိုလို့ရှိရင် ဒီဟာတွေဖွင်‌့မှသာလျှင် တောနေလူများသည် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု ချက်ချင်းရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုရမှသာလျှင် တော်တော်များများ ရောဂါမဖြစ်လျှင် ဆေးရုံလာသည့် လူနာများလည်း လျော့သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆေးရုံတိုးဖွင်‌့သည်ကို သိပ်မလုပ်စေချင်ကြောင်း၊ ဆေးရုံတိုးဖွင်‌့ခြင်းကို အောင်မြင်သည့်လက္ခဏာဟု မခေါ်ပါကြောင်း၊ Tertiary Center ဆေးရုံမျိုးဖွင်‌့ရင်တော့ အောင်မြင်သည့်လက္ခဏာဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ကျေးလက်ကျန်းမာရေးဌာနခွဲကို ပေးမည်ဖြစ်ပါကြောင်း၊ ဒီနေရာမှာ တစ်ချက်ပဲရှိတာက မိမိတို့ ဒီဟာတွေကို တင်သည့်အခါမှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက  စာတစ်စောင်ရပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု အစီရင်ခံစာအပေါ်အခြေခံသော အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးမှသာလျှင် ဝန်ထမ်းဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ဝန်ထမ်းအသစ်ခန့်ခြင်းကို လုပ်ရမည်ဟု ပြောပါကြောင်း၊ သို့သော်လည်း ဤရက်ပိုင်းမှာ ပြန်ကျလာသည်ကိုတွေ့ရပါကြောင်း၊ ဒါကောင်းသည့်လက္ခဏာဖြစ်ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲ ၇၂ ခုကျပါကြောင်း၊ ထို့ကြောင်‌့ မိမိအနေဖြင့် ဒီကိစ္စမှာတော့ ချက်ချင်းစပြီး Process လုပ်မှာဖြစ်ကြောင်း၊ အမြန်ဆုံးရ‌အောင် လုပ်ပေးမည်ဖြစ်သည့်အပြင် မကြာခင်မှာလည်း သားဖွား ၈၃၉ ဦး ခန့်မှာဖြစ်သည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲမှာဆိုလျှင် သားဖွားဆရာမတစ်ဦးနှင်‌့ ပြည်သူ့ ကျန်းမာရေးကြီးကြပ်‌့(၂) တစ်ဦးဖြစ်သည့်အတွက် ဒါကိုတော့ ရနိုင်သည့်အခြေအနေရှိပါကြောင်း၊ မိမိအနေဖြင့် အစွမ်းကုန်ရအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။