(ဃ)-ကြီးအုံကြီးဝနှင်‌့ မုန်းတမံရေဝပ်ဧရိယာ ရေကန်ပြင်တွင် ရေချိုငါးစီးပွားဖြစ် မွေးမြူရေးနှင့် သဘာဝ ငါးမွေးမြူရေးသုတေသနစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

ကြီးအုံကြီးဝတမံသည် ပွင့်ဖြူမြို့နယ်၏ အနောက်စပ်၊ စေတုတ္တရာမြို့နယ်၏ အရှေ့စပ်၊ မုန်းချောင်းပေါ်တွင် တည်ရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ၃၀၂၇၀၀ ဧကပေ၊ ကန်ရေပြင် ရေလှောင်ပမာဏ ၂၄၄၀၀ ဧကပေ၊ ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ ၈၂၉၀ ဧက ကျယ်ဝန်းပါ ကြောင်း၊ ယင်းသို့ ဧကထောင်နှင့်ချီကျယ်ဝန်းသည့်  ကန်ရေပြင်တွင် ရေချိုငါးမွေးမြူနိုင်မည်ဆိုပါက ပထမမြေနေရာအကျယ်အဝန်း နှင်‌့ကန်တူးဖော်မှုကုန်ကျစရိတ်များစွာ သက်သာမည်ဖြစ်ပါကြောင်း၊

သဘာဝငါးမွေးမြူရေးသုတေသနစခန်းဖွင့်လှစ်ပြီး စနစ်တကျ ငါးမွေးမြူ မည်ဆိုပါက ငါးသယံဇာတ၊ ရေသယံဇာတများ ပေါများလာပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် ဝင်ငွေတိုးပွားလာမည်ဖြစ်ပါကြောင်း၊

ဒေသခံအနည်းငယ်အနေဖြင့် အဆိုပါကန်ရေပြင်တွင် တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းများအဖြစ် အသက်မွေးဝမ်းကျောင်းပြုကြသည်ကိုတွေ့ရှိပြီး ဖမ်းဆီးရမိသည့် ငါးများတွင် Export တန်းမီသည့် ငါးအချို့ကိုလည်း  တွေ့ရှိရပါကြောင်း၊ ငါးများကို ရန်ကုန်သို့ နေ့စဉ် အချိန် ၅၀ မှ အချိန် ၁၀၀ ဝန်းကျင်အထိ တစ်ပိုင်တစ်နိုင်ပို့နေသည်ကိုလည်းတွေ့ရှိရသည့်အတွက် စနစ်တကျ မွေးမြူပြီး စနစ်တကျ ကာကွယ်စောင့်ရှောက်နိုင်မည်ဆိုပါက တွင်တွင်ကျယ်ကျယ် စီးပွားဖြစ်အသက်မွေး ဝမ်းကျောင်းပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ကြီးအုံကြီးဝကန်ရေပြင်၌ ငါးသားပေါက် ၃၅၀၀၀၀ ကို ဝန်ကြီးချုပ်နှင့်အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များက လွတ်ခဲ့ပြီး ဖြစ်သော်လည်း စနစ်တကျ ကာကွယ်စောင့်ရှောက်မှုမရှိသဖြင့် ငါးကောင်ရေပေါက်ဖွားမှု၊ ကြီးထွား မှုမှာ ထင်သလောက် ဖြစ်မလာပါကြောင်း၊ အချို့သောငါးဖမ်းသူများသည် စည်းမရှိ၊ ကမ်းမရှိ၊ ဥပဒေမဲ့ ကျဉ်စက်များဖြင့် လျော့တိုက်ဖမ်းဆီးမှုတွေကြောင်‌့ ငါးသယံဇာတပါမက သဘာဝဂေဟစနစ်ကို ပျက်စီးစေသည့်အတွက် ထိုသို့ ဥပဒေမဲ့ပြုကျင့်မှုများကိုလည်း စနစ်တကျဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးရန် လိုအပ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ကြီးအုံကြီးဝနှင်‌့ မုန်းတမံကန်ရေပြင်တွင် သဘာဝငါးမွေးမြူရေးသုတေသန စခန်းဖွင့်လှစ်ပြီး စနစ်တကျ ရေချိုငါးများ စီးပွားဖြစ်မွေးမြူနိုင်မည်ဆိုပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင်‌့ ဝင်ငွေများတိုးပွားလာပြီး တိုင်းပြည်ဘဏ္ဍာများလည်းတိုးပွားလာမည်ဖြစ်ပါကြောင်း၊  ကြီးအုံကြီးဝနှင်‌့ မုန်းတမံရေဝပ်ဧရိယာ ရေကန်ပြင်တွင် ရေချိုငါးစီးပွားဖြစ် မွေးမြူရေးနှင့် သဘာဝ ငါးမွေးမြူရေးသုတေသနစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကလက်အောက်ရှိ ဆည်မြောင်းနှင်‌့ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ဒေသအလိုက် ငါးသယံဇာတများ တိုးပွားစေရန် စားနပ်ရိက္ခာဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေနိုင် မုန်းနှင့်ကြီးအုံကြီးဝ ရေလှောင်တမံအပါအဝင် တစ်နိုင်ငံလုံး တည်ဆောက်ထိန်းသိမ်းထားသည့် ရေလှောင်တမံများတွင် နှစ်စဉ် မိုးရာသီကာလတိုင်း သဘာဝငါးမျိုးသားပေါက်များကို လွှတ်ပေးကာ ငါးမျိုးစိုက်ထည့်ရေးလုပ်ငန်းကို ငါး လုပ်ငန်းဦးစီး ဌာနနှင်‌့ ပူးပေါင်းပြီး ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငါးမျိုးစိုက်ထည့်ခြင်းဟာ ရေလှောင် တမံ အတွင်းမှာ အင်းကဲ့သို့ ငါးမွေးမြူပြီး ငါးဖမ်းစေရန် ရည်ရွယ်ချက်နှင်‌့ ဆောင်ရွက်ပေးရန် အခြေအနေမျိုး မဟုတ်ဘဲ ငါးများ၏ သဘာဝ ရေနေရေထိုင်အခြေအနေ မပျက်ယွင်းစေလိုသည့် အနေအထား ရေလှောင်တမံများ၏ ရေထုတ်ပေါက်များကနေတစ်ဆင့် တမံအောက်ရှိ ချောင်းမြောင်း များသို့ ငါးမျိုးစိတ်များပွားများရောက်ရှိစေပြီး ငါးမျိုးစိတ်များမျိုးတုံးမှု မရှိစေရန် ဆည်ရေသောက်စနစ် အတွင်းရှိ လယ်မြေများနှင့် ဆက်စပ်တေည်ရှိနေသည့် ချောင်းများတွင် ဒေသခံများအတွက် စားနပ် ရိက္ခာဖူလုံစေရန် စသည့် အကျိုးကျေးဇူးများရရှိစေရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

ဆည်မြောင်းနှင်‌့ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ထိန်းသိမ်းတည်ဆောက်ထားသည့် ရေလှောင် တမံများတွင် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အဆိုပါ ရေလှောင်တမံများ အတွင်း သဘာဝငါးမျိုးစိတ်တွေ ပေါများစွာ ရှင်သန်ဖြစ်ထွန်းလျက်ရှိပါကြောင်း၊ တမံအနီးဝန်းကျင်တွင် ဒေသခံပြည်သူများအပြင် အခြားဒေသစုံမှ ပြောင်းရွှေ့လာသည့် ပြည်သူများပါ စုပြုံရောက်ရှိလာပြီး နည်းလမ်းပေါင်းစုံဖြင့် ငါးဖမ်းသည့် လုပ်ငန်းများလုပ်ကိုင်ခြင်း၊ လုပ်ငန်းတွေ လုပ်ကိုင်ခြင်း၊ ငါးထွက်ပစ္စည်း ငါးပိ၊ ငါးခြောက်လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကိုလည်း လုပ်ကိုင်နေသည့်အခြေအနေဖြစ်ပါကြောင်း၊

အခြားတစ်ဖက်တွင် ငါးမျိုးစိုက်ထည့်ခြင်းကြောင့် သစ်တောများ ပြုန်းတီးစေခြင်းနှင်‌့ တမံ၏ ကြံ့ခိုင်ရေး၊ လုံခြုံရေးအတွက် တမံ၏ မြေပြင်အခြေအနေကြံ့ခိုင်မှုများအပေါ် ထိခိုက်စေနိုင်မည် ဖြစ် သည့်အတွက် တမံအတွင်း စီးပွားဖြစ်ငါးမွေးမြူခြင်းလုပ်ငန်း ဆောင်ရွက်ရန် မသင့်လျော်သည့် အခြေ အနေဖြစ်ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်း ထားသည့် ရေလှောင်တမံများ၏ ရေဝပ်ဧရိယာအတွင်း စီးပွားဖြစ်ငါးမွေးမြူဖမ်းဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုကြောင်းကို ၂၀၁၇ ခုနှစ်၊ ဆည်မြောင်းဥပဒေ အခန်း(၁၂) ပုဒ်မ ၄၂၊ ၄၃ နှင့် ၄၄ တို့တွင် သတ်မှတ်ပြဋ္ဌာန်းထားပြီးလည်းဖြစ်ပါကြောင်း၊ ဒေသအတွင်း ငါးသယံဇာတတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ဆောင်ရွက်လိုမည်ဆိုပါက တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအပြင် ရေကို သိုလှောင်ထိန်းသိမ်းပေးနေသည့် ရေလွှဲဆည်နှင်‌့ ရေထိန်းတံခါးများ၏ ရေပြင်ဧရိယာများတွင် ငါးမျိုးစိုက်ထည့်ခြင်း ဆည်ရေသောက်စနစ်အတွင်းရှိ လယ်များတွင် ရေနေရေထိုင်အခြေအနေ ပေး သည့် စပါး၊ ငါးစိုက်ခင်းများကို ငါးဦးစီးဌာန၏ နည်းပညာအကူအညီရယူပြီး ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

မကွေးတိုင်းဒေသကြီးအတွင်း ငါးလုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ငါးသယံဇာတများ ထိန်း သိမ်း ခြင်း၊ ငါးမွေးမြူရေးနည်းပညာများဖြန့်ဝေပေးခြင်းနှင့် ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း လုပ်ငန်း များကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မုန်းတမံနှင့် ကြီးအုံကြီးဝတမံတွေအတွင်း ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိသည့် အတွက် တမံများအတွင်း ဘဘာဝငါးမျိုးစိတ်တွေ ကောင်းစွာရှင်သန်ဖြစ်ထွန်းပြီး ဒေသခံပြည်သူတွေ က၎င်းတို့ဝမ်းစာအတွက် ဆည်၊ တမံတွေကို မထိခိုက်စေသောနည်းလမ်းနှင့် ငါးဖမ်းယူစားသောက် လျက်ရှိနေပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ငါးသားပေါက်ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် တိုင်းရင်းငါးမျိုး စိတ်များ သုတေသနပြုစမ်းသပ်သားဖောက်ခြင်းများဆောင်ရွက်နိုင်ရန် တောင်တွင်းကြီးနှင်‌့ ပွင့်ဖြူ မြို့နယ်များတွင် ငါးလုပ်ငန်းစခန်းနှစ်ခုကို ဖွင်‌့လှစ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊

ထို့အတူ ငါးသားပေါက်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်စေရန်နှင့် သုတေသနပြု ငါးသားဖောက်ခြင်း လုပ်ငန်းများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့သစ်မြို့နယ်၌ ငါး လုပ်ငန်း စခန်းအသစ်တစ်ခု ထပ်မံဖွင့်လှစ်ရန်စီမံဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊

ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မုန်းချောင်းတမံနှင်‌့ကြီးအုံကြီးဝတမံတို့၏ ရေပြင ဧရိယာတွင် စီးပွားဖြစ်ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန်သည် တမံများ၏ နောင်ရေရှည်ကြံ့ခိုင် မှုနှင်‌့ ဘေးကင်းလုံခြုံမှုအပေါ် ထိခိုက်စေနိုင်ခြင်းကြောင့် နှစ်စဉ်မိုးရာသီငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းကို သာဆောင်ရွက်ပြီး စီးပွားဖြစ်ငါးမွေးမြူရေးနှင်‌့ ငါးသားဖောက်သုတေသနစခန်းများ ဆောင်ရွကရန် သင်‌့လျော်မှုမရှိပါကြောင်း၊ ငါးဦးစီးဌာနအနေဖြင့်လည်း ဒေသအတွင်း ငါးမွေးမြူထုတ်လုပ်ခြင်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေမည့် အစီအမံများ လျာထားစီမံဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။