(ဂ)-လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းတိုက်နယ်ဆေးရုံမြေ ၆.၃၃၆ ဧကအနက်မှ စိုက်ပျိုးရေးဂိုဒေါင်ဆောက်လုပ်ရန်အတွက် ၁၉၇၈-၁၉၇၉ ခုနှစ် စိုက်ပျိုးရေးဦးစီးဌာနက ရယူခဲ့သော ၂.၁၉၉ ဧကအား ဆေးရုံမြေအဖြစ် လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၅. ၆. ၂၀၁၉)

 

လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုတွင် ယခင်ဇီးဖြူကုန်းတိုက်နယ်ဆေးရုံမြေ ၆.၃၃၆ ဧကအနက်မှ စိုက်ပျိုးရေးဂိုဒေါင်ဆောက် လုပ်ရန်အတွက် ၁၉၇၈-၁၉၇၉ ခုနှစ် စိုက်ပျိုးရေးဦးစီးဌာနက ရယူခဲ့သော မြေဧရိယာ ၂.၁၉၉ ဧကအား ယခုဆေးရုံမြေအဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဇီးဖြူကုန်းတိုက်နယ်ဆေးရုံသည် လက်ပံတန်းမှ မီးရထားမိုင် ၁၂ မိုင်ခန့်၊ ကားလမ်းမှ ၂၁ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဇီးဖြူကုန်းတိုက်နယ်သည် ကျေးရွာအုပ်စု (၈)အုပ်စုနှင့် ဖွဲ့စည်းထားသည့် တိုက်နယ်ကြီးဖြစ်ပြီး ဇီးဖြူကုန်းတိုက်နယ်ဆေးရုံသည်လည်း အဆိုပါကျေးရွာများမှ  ပြည်သူများ အားကိုးအားထားလုပ်နေရသည့် ဆေးရုံလည်းဖြစ်ပါကြောင်း၊ ၁၉၆၁-၁၉၆၂ ခုနှစ်ခန့်ကပင် ဆေးရုံ ဆောက်လုပ်ရန် ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး မြေကို ဝယ်ယူထားပြီး အဲဒီမှာဆိုရင် ကော်မတီ ဥက္ကဋ္ဌဦးထွန်းရွှေမည်ဖြင့် အခွန်ဆောင်ထားသည့် ဖြေဖြစ်ပါကြောင်း၊  ဆေးရုံတည်ဆောက်ရန် မြေ(၆) ဧကအနက် နှစ်ဧကကျော်ကျော်ကို စိုက်ပျိုးရေးဦးစီးဌာနက အထွက်တိုးစခန်းမြေဆီ သိုလှောင်ရန် အတွက် စိုက်ပျိုးရေးဂိုဒေါင်ကို ၁၉၇၈-၁၉၇၉ ခုနှစ်ခန့်က တည်ဆောက်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တိုက်နယ် ဆေးရုံတစ်ခု ဆောက်လုပ်ရာတွင် ဂိုဒေါင်နှင့် မလွတ် မကင်းဖြစ်နေပါကြောင်း၊ Mortuary ကို ဆေးရုံမြေထဲတွင် တည်ဆောက်နိုင်ခြင်းမရှိဘဲ စိုက်ပျိုးရေးက ရယူထားသည့် မြေတွင် တည်ဆောက်ရပါကြောင်း၊ ဇီးဖြူကုန်းတိုက်နယ်ဆေးရုံကို ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးချဲ့ရမည့် အစီအစဉ်များ ရှိသည့်အတွက် စိုက်ပျိုးရေးဌာနက ရယူထားသည့် မြေများကို ပြန်လည်လွှဲပြောင်းပေးမည်ဆိုပါက တိုးချဲ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေနိုင်သည့်အတွက် ၆.၃၃၆ဧက အနက်က စိုက်ပျိုးရေးက ယူထားသည့် ၂.၁၉၉ ဧကကို ပြန်လည်လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ မြေဧရိယာ ၂.၁၉၉ ဧကကို ဆေးရုံမြေအဖြစ် ပြန်လည်လွှဲပြောင်းပေးမည်ဆိုပါက ဒေသနေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်ကုသမှုလုပ်ငန်းများ ပိုမိုအဆင်ပြေသင့်လျော်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေး အထွက်တိုး စခန်းမြေနေရာ ၂.၁၉၉ ဧကကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စွန့်လွှတ်ပေးသွားနိုင်မည့် အခြေအနေ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။