ပြည်သူ့ဝန်ထမ်းများ၏ တစ်နှစ်တာဆောင်ရွက်တာဝန် ကျေပွန်မှုများကို စံအကဲဖြတ် အမှတ်ပေးစနစ် အရရွေးချယ်သော စံပြလုပ်သားကောင်း ဆုကဲ့သို့ ဝန်ထမ်းကောင်းဆု ဘွဲ့တံဆိပ်များကို နှစ်စဉ်ထိုက်တန်စွာ ချီးမြှင့်ပေးရန်နှင့် တစ်ကြိမ်မက ဝန်ထမ်းကောင်း ဆုရရှိသူများကို နိုင်ငံတော်မှ အိုးအိမ်၊ မော်တော်ယာဉ် ချီးမြှင့်ပေးရန် သို့မဟုတ် တစ်သက်တာဝန်ထမ်းကောင်းဆုချီးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်းပါကိစ္စနှင့်ပတ်သက်ပြီး အဆိုကိုလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ခရမ်း မဲဆန္ဒနယ်က ဒေါက်တာအေးမင်းကလည်း အဆိုအောင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ်နှင့် ယခု ၂၀၁၉ ခုနှစ်ဆိုပါက တစ်နှစ်ကျော်ဖြစ်နေပြီ ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာသည့် ဝန်ထမ်းချီးမြှင့်မှုများကို ယခုထက်ပိုမိုပြီး ဆောင်ရွက်စေလို ပါကြောင်း၊ အတတ်နိုင်ဆုံးဆောင်ရွက် နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အလွန်ဖွံ့ဖြိုးတိုးတက်နေသော ထိုင်း၊ စင်ကာပူတို့နှင့် ဖွံ့ဖြိုးစနိုင်ငံများ၏ လစဉ်ဝန်ထမ်းများ၏ လစာရနှုန်းကို နှိုင်းယှဉ်ကြည့်ပါက မိမိတို့မြန်မာနိုင်ငံသည် အောက်ဆုံး အဆင့်တွင် မရှိပါကြောင်း၊ သို့သော် မိမိတို့ဝန်ထမ်းများသည် နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကိုယ်တိုင် ပြည်နယ်များကိုလှည့်လည်ပြီး ဝန်ထမ်းများ အဆင့်ဆင့်အလိုက် ကဏ္ဍများတွင် တာဝန်ကျေပွန်မှုနှင့် ပြည်သူလူထုအတွက် ထမ်းရွက်ပေးရန် အကြိမ်ကြိမ်သတိပေး နှိုးဆော်နေရခြင်း များပြားနေပါကြောင်း၊ ဥပမာကြည့်မည် ဆိုပါက ကြီးကြပ်မှုနှင့်စံချိန်စံညွှန်းများ မည်သည့်အဆင့်တွင် ရောက်ရှိနေပြီကို မေးစရာ ဖြစ်နေပါကြောင်း၊ ရေမြောင်းတွင် ပိတ်ဆို့နေသော ရေသန့်ပိုက်များထားခြင်းများ၊ ကုန်တင်ကားများ မလွတ်လောက်အောင် ဆက်သွယ်ရေး ကြိုးများကြောင့် ကုန်တင်ကားက ကြိုးနှင့်ငြိပြီး ပြည်သူသည်ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး လျော်ခဲ့ရသည့် ဖြစ်စဉ်တစ်ခုမှာ Precast စနစ် ဖြင့် လုပ်ထားသော ဆက်သွယ်ရေးအင်္ဂတေ ပိုက်များသည်မည်မျှအထိ အရည်အသွေးရှိသည်မှာ မြင်သည်နှင့်သိနိုင်ပါကြောင်း၊ ပြန်လည်သုံးသပ်စရာရှိသည်မှာ အဆင့်ဆင့်သော ဝန်ထမ်းများသည် ၎င်းတို့၏အရည်အသွေး ပြည့်ဝမှုနှင့် ၎င်းတို့၏ကြိုးစားလို စိတ်များ မည်သည့်အခြေအနေသို့ ရောက်ရှိနေသနည်းဆိုသည်ကိုလည်း ဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း အားလုံးဖြစ်နေခြင်း မဟုတ်ပါကြောင်း၊ ဝန်ထမ်းများထဲတွင် အလွန်ကြိုးစားပြီး ပေးဆပ်နေသော ဝန်ထမ်းများ ရှိပါကြောင်း၊ ဝန်ထမ်းကောင်းများ ရှိနေသည်ကို မိမိတို့သိရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကုန်ထုတ် စွမ်းအားစုများနှင့် ကာယဉာဏလုပ်သားများ Human Resources များ၏ ကြိုးစားမှုသည် နိုင်ငံကိုများစွာ မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့မြှင့်တင်နိုင်ရန် နိုင်ငံတကာနှင့် ဖွံ့ဖြိုးပြီးစ နိုင်ငံများအပြင် မိမိတို့နိုင်ငံရှိ ကုမ္ပဏီကြီးများသည် ISO 9001-2015 အထိ Management System များတွင် ဆောင်ရွက်နေပြီး ဝန်ထမ်းများကို အမှတ်ပေးအကဲဖြတ် စနစ်များဖြင့် သေချာအောင်လုပ်ပြီး ဆုချီးမြှင့်ခြင်းစနစ်များဖြင့် ၎င်းတို့၏လုပ်နိုင်စွမ်းရည်များကို ဖော်ဆောင် နေရာတွင် အောင်မြင်သည့် ကုမ္ပဏီများလည်း ရှိသကဲ့သို့၊ ဖွံ့ဖြိုးစနိုင်ငံများတွင် မိမိတို့၏ Level တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် အောင်မြင်ပြီး Branching များရရှိနေသော နိုင်ငံများစွာ ရှိပါကြောင်း၊ Internal က သွားသော ဝန်ထမ်းများအတွက် အလွန်ဆုံး၊ အမြင့်ဆုံးသည် လက်ထောက်ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူးရောက်အောင် မနည်းသွားနေရပြီး ကျန် Level များကို မရောက်နိုင်သည့် အနေအထားကလည်း ၎င်းတို့အတွက် System တစ်ခုကို ပြောင်းလဲရန်အတွက် သတိထားရမည့် အချက်တစ်ချက်ထဲတွင် ပါသကဲ့သို့ ၎င်းတို့၏ဘဝ နောင်ရေးကောင်းရန်အတွက် အရည်အသွေး ဆန်းစစ်မှုများကို သေချာလုပ်ပြီး ရာထူးတိုးတက်မှု မှအစ ၎င်းတို့ကို ထောက်ပံ့ချီးမြှင့်မှုများများစွာ လုပ်ဆောင်ပြီး ဝန်ထမ်းလောကကြီးကို မြှင့်တင် ပေးသင့်သော အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ပြည်သူ့ဝန်ထမ်းများ လုပ်ငန်းခွင် ပျော်ရွှင်စွာတာဝန် ထမ်းဆောင်လိုစိတ် မြင့်တက်ရေးအတွက် ပြည်သူ့ဝန်ထမ်းများ၏ တစ်နှစ်တာ ဆောင်ရွက်မှုအပေါ်၊ ကျေပွန်မှုအပေါ် တကယ့်စံအမှတ်များပေးပြီး ၎င်းတို့၏ရာထူးရာခံ တိုးတက်မှုမှအစ အားလုံးကို စနစ်တကျဖြင့် ဆုချီးမြှင့်မည့် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုအဆင့်ရုံးအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများမှ ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်သင့်၊ ချီးမြှင့်ထိုက်သောဝန်ထမ်းများ၊ ရသင့်ရထိုက်သော ပုဂ္ဂိုလ်များ၊ သတ်မှတ် အရည်အချင်း၊ စည်းကမ်းချက်များနှင့် ကိုက်ညီပြည့်စုံသည့် ဝန်ထမ်းများကို သတ်မှတ်ထားသော ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှံနိုင်ရေးအတွက် ထောက်ခံတင်ပြပေးရန် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှံရန် ပဏာမစစ်ဆေးရေးအဖွဲ့အနေဖြင့် နှစ်စဉ်မတ်လတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများကို အကြောင်းကြားပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင် တံဆိပ်များနှင့်စပ်လျဉ်းပြီး ဝန်ထမ်းများ အနေဖြင့် ပဏာမစစ်ဆေးရေးအဖွဲ့သို့ လျှောက်ထားရန်မလိုအပ်ဘဲ ၎င်းတို့ရုံးဌာနအလိုက် စုစည်းပြီး ဌာနအကြီးအကဲများမှ စိစစ်ပြီးအဆင့်ဆင့်ထောက်ခံ တင်ပြပေးလျက်ရှိရာတွင် ပဏာမ စစ်ဆေးရေးအဖွဲ့တို့မှ ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်အခန်း (၈) ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ အရည်အချင်းများခေါင်းစဉ်အောက်ရှိ အပိုဒ် ၂၇ တွင် ပြဋ္ဌာန်းထားပါကြောင်း၊ အရည်အချင်းသတ်မှတ်ချက်များနှင့်အညီ အဆင့်ဆင့် စိစစ်ပါကြောင်း၊ စိစစ်ပြီးသည့် နိုင်ငံတော်သမ္မတရုံးက နှစ်စဉ်ဇန်နဝါရီလ ၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဂုဏ်ပြုချီးမြှင့် အပ်နှင်းပေးခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့ ဝန်ထမ်းကောင်း တံဆိပ်နှင့်ပတ်သက်ပြီး တာဝန်ဝတ္တရားများကို ကောင်းမွန်သော အကျင့်စာရိတ္တဖြင့် ကာလရှည်ကြာ ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြသော ပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး သတ်မှတ်ချက်များက (၁) အမှုထမ်းသက် အနည်းဆုံး ၂၆ နှစ်ရှိခြင်း၊ (၂) အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝ ကင်းရှင်းသူဖြစ်ခြင်း၊ (၃) ပြဋ္ဌာန်းခွင့်ပြုထားသော အမှတ်ပေးစနစ်အရ စုစုပေါင်းအနည်းဆုံးအမှတ် ၃၀ ရရှိခြင်း အစရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံသည့် အငြိမ်းစားဝန်ထမ်းများ အပါအဝင် ပြည်သူ့ဝန်ထမ်းများကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊
ပြည်သူ့ဝန်ထမ်း တံဆိပ်နှင့်ပတ်သက်ပြီး (၁) အမှုထမ်းသက် အနည်းဆုံး ၁၅ နှစ်ရှိခြင်း၊ (၂) တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ၍ အလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ခြင်း၊ (၃) အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝကင်းရှင်းသူဖြစ်ခြင်း အစရှိသည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပြည့်စုံသော အငြိမ်းစားဝန်ထမ်းများ အပါအဝင် ပြည်သူ့ဝန်ထမ်းများကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ၁၉-၈-၁၉၄၈ ရက်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် ပြည်သူ့ဝန်ထမ်းအဖြစ် အနည်းဆုံးနှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားဝန်ထမ်းများ အပါအဝင် ပြည်သူ့ဝန်ထမ်းများကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ၎င်းတံဆိပ်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်ပါကြောင်း၊ (ဃ) နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်အတွက် ပြည့်စုံရမည့်အရည်အချင်းများမှာ (၁) နိုင်ငံတော် အေးချမ်းသာယာရေး တံဆိပ်အနေဖြင့် ၁၆-၁၁-၁၉၈၆ ရက်နေ့မှ ၆-၁-၁၉၈၇ ရက်နေ့အထိ ကာလအတွင်းတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ခြင်း၊ (၂) တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိ၍ အလုပ်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သူ ဖြစ်ခြင်းစသော သတ်မှတ်ချက်နှင့် ပြည့်စုံသူများကို ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ၎င်းတံဆိပ်သည်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များလည်း အကျုံးဝင်ပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက်အခန်း (၁၁) ဂုဏ်ထူး ဆောင်တံဆိပ်များအတွက် ငွေကြေးချီးမြှင့်ခြင်း ခေါင်းစဉ် အောက်ရှိ အပိုဒ် ၄၁ အရ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်အတွက် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေကို ယခင် ၃၀၀၀ ကျပ်အစား ၂၀၁၆ ခုနှစ်ကစပြီး ကျပ် ၁၅၀၀၀၀ အဖြစ် တိုးမြှင့်ချီးမြှင့် ပေးလျက်ရှိပါကြောင်း၊
၂၀၁၆ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ၄၂၅၄ ဦးအတွက် ကျပ် ၆၃၈.၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ၇၄၅၆ ဦးအတွက် ကျပ်သန်းပေါင်း ၁၁၁၈.၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ၁၀၄၁၆ ဦးအတွက် ကျပ် ၁၅၆၂.၄ သန်း၊ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ၁၁၁၆၉ ဦးအတွက် ကျပ်သန်းပေါင်း ၁၆၇၅.၃၅ သန်း ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖြစ်သည့်အတွက် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ၃၃၂၉၅ ဦးအတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၄၉၉၄.၂၅ သန်း ကိုလည်း နိုင်ငံတောဘဏ္ဍာရန်ပုံငွေမှ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှု ဂုဏ်ထူးဆောင် တံဆိပ်များနှင့်စပ်လျဉ်းပြီး ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိရာ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင်ပါဝင်သော တစ်ကြိမ်မက ဝန်ထမ်းကောင်းဆု ရရှိသူများကို နိုင်ငံတော်မှ အိုးအိမ်ချီးမြှင့်ခြင်း၊ မော်တော်ယာဉ်ချီးမြှင့်ခြင်း သို့မဟုတ် တစ်သက်တာ ဝန်ထမ်းကောင်းဆုချီးမြှင့်ခြင်း စသည့်အချက်များ ဆောင်ရွက်ရန် ရှိ/မရှိမှာ လက်ရှိကျင့်သုံးလျက်ရှိသော တင်ပြပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိသေးပါကြောင်း၊ ဝန်ထမ်းလုပ်သက် တစ်လျှောက်တွင်လည်း ပြဋ္ဌာန်းချက်များအရ ပြည်သူ့ဝန်ထမ်းကောင်းဆုကလည်း အကြိမ်ကြိမ်အခါခါ မရနိုင်ပါကြောင်း၊ တစ်သက်တွင် တစ်ကြိမ်သာရရှိပါကြောင်း၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်တစ်ကြိမ်ရရှိပြီးပါက ထပ်မံလျှောက်ထား၍ မရရှိပါကြောင်း၊ နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေအပေါ် မူတည်ပြီး ပေးအပ်ချီးမြှင့်ခြင်းလည်း ဖြစ်သည့်အတွက် အမှန်တကယ် ရသင့်ရထိုက်သူဖြစ်ကြောင်း ကာယ/ဉာဏ ဝန်ထမ်းအားလုံးကို အခြေခံသောဝန်ကြီးဌာန အသီးသီး၏ တိကျ၊ မှန်ကန်၊ ပွင့်လင်းမြင်သာသော ဆန်းစစ်ချက်များနှင့်လည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆန်းစစ်ချက်များ လိုအပ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ စေတနာနှင့်မေတ္တာကို လေးစားပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ထူးချွန်ဝန်ထမ်းကောင်းများအတွက် နောင်ရေးစိတ်အေး ရအောင် လိုအပ်သည့်မြေ၊ အိမ်၊ မော်တော်ယာဉ်စသည်ဖြင့် ချထားပေးရန် အစီအစဉ်ရှိ/မရှိမှာ လတ်တလောတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး အခြေအနေအရ တင်ပြချက်များအပေါ် တီထွင်ဆန်းသစ်ပြီး ချီးမြှင့်လိုပါက အရည်အချင်း စံနှုန်းသတ်မှတ်ချက်များကို ရေရှည်ဆောင်ရွက် နိုင်ခြင်းရှိ/မရှိ အဘက်ဘက်မှ စဉ်းစားသင့်ပါကြောင်း၊ အဆိုပါဥပဒေ သို့မဟုတ် ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ပြင်ဆင်ရေးဆွဲရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ယခုအချိန်တွင် အထက်တင်ပြပါအတိုင်းသာ နိုင်ငံတော်ဘဏ္ဍာငွေကြေးဖြင့် ထောက်ပံ့လျက် ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့်အချက်များနှင့် ပတ်သက်ပြီး ဆောင်ရွက်လိုပါက ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးဆွဲရမည် ဖြစ်ပါကြောင်းနှင့် လတ်တလောတွင် ထူးချွန်ဝန်ထမ်းများအတွက် တင်ပြပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး လွှတ်တော် ကိုယ်စားလှယ်ကြီး ဆွေးနွေးသကဲ့သို့ မြေကွက်၊ အိမ်၊ မော်တော်ယာဉ်တို့ကို လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
