ယနေ့ မိမိတို့ မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွား နှစ်သန်းကျော်၊ နိုင်ငံခြားဝင်ငွေ ဒေါ်လာ သန်း ၉၀၀ ကျော်၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားဝင်ငွေ တစ်ဘီလီယံကျော်၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ငါးသန်းကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားရှိပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာနှစ်ဘီလီယံကျော် ရရှိမည်ဟု မျှော်မှန်းထားသည်ကို သိရှိရပါကြောင်း၊
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံအတွက် ဝင်ငွေတိုးစေသော လုပ်ငန်းဖြစ်သည့်အပြင် အနာဂါတ်တွင်လည်း မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ များစွာရရှိခြင်း၊ ပြည်တွင်းနေ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ ပြည်တွင်းခရီးသွားကုမ္ပဏီများ နိုင်ငံခြားဝင်ငွေတိုးတက် ရရှိခြင်းတို့ဖြင့် ပြည်သူလူထုဘဝတိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ရေအိမ် (Toilet) များကို အများပြည်သူများ၊ နိုင်ငံခြားသားခရီးသည်များ၊ စိတ်ချမ်းသာစွာ အခမဲ့အသုံးပြုနိုင်ရန် သီးသန့်ဝန်ထမ်းများထားရှိ၍ အချိန်ပြည့်သန့်ရှင်းသပ်ရပ်စွာ စီမံပေးသည်ကို သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဘုရားကျောင်းကန် စေတီ၊ ပုထိုးများသာမက ယဉ်ကျေးမှု ဆိုင်ရာအမွေအနှစ်များကို လေ့လာရန် ပြုလုပ်စီစဉ်ထားရှိသည့်နေရာများ၊ အများပြည်သူဆိုင်ရာနေရာများတွင် နိုင်ငံတကာအဆင့်မီ Toilet များကို တည်ဆောက်ပေးပြီး ဝန်ဆောင်မှုပေးသင့်သည့်ဟု ယူဆမိခြင်းကြောင့် ထိုသို့ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့မြန်မာ့နိုင်ငံတွင် ထင်ရှားကျော်ကြားသော ဘုရားကျောင်းကန် စေတီ၊ ပုထိုးများတွင် နိုင်ငံတကာအဆင့်မီ အိမ်သာများကို စေတီတော်ရင်ပြင်နှင့် လွတ်ကင်းရာနေရာများတွင် တည်ဆောက် ပေးထားပြီး သန့်ရှင်းသပ်ရပ်၍ အခမပေးရအောင် ဝန်ဆောင်မှုပေးလျက်ရှိသော်လည်း အချို့သော ဒေသများရှိ ဘဏ္ဍာရေးအခြေအနေအားနည်းသော ဘုရားကျောင်းကန် စေတီ၊ ပုထိုးများ၏ အိမ်သာများ အဆင့်မြှင့်တင်ရေးသည် ထိုဘုရားပုထိုး၊ စေတီများကို ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသော ဂေါပကအဖွဲ့များနှင့် အဓိကသက်ဆိုင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဘုရားကျောင်းကန် စေတီ၊ ပုထိုးများ ရှိရာနေရာတိုင်းတွင် နိုင်ငံတကာအဆင့်မီ ရေအိမ် (Toilet) များ ထားရှိပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာ ယဉ်ကျေးမှုဇုန်များတွင် ရေအိမ် (Toilet) များ ထားရှိပြီးဖြစ်သော်လည်း ယဉ်ကျေးမှုဇုန်များတွင်ရှိသော အဆောက်အဦတိုင်းတွင် ရေအိမ် (Toilet) များ ထားရှိပေးနိုင်ခြင်း၊ ဝန်ဆောင်မှုပေးနိုင် ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
