နိုင်ငံ၏တန်ဖိုးအရှိဆုံးက လူသားအရင်းအမြစ်သာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ပြီး ကလေး သူငယ်များအတွက် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ့အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ပညာရှင်များက ဆိုမိန့်ပါကြောင်း၊ မိမိ၏မဲဆန္ဒနယ်ဖြစ်သည့် ပွင့်ဖြူမြို့နယ်တွင် ကျေးရွာအုပ်စု ၅၂ အုပ်စု၊ ရပ်ကွက်လေးခုနှင့် ကျေးရွာပေါင်း ၂၀၅ ရွာရှိပါကြောင်း၊ မိမိမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူကြို ကျောင်းပေါင်းမှာ ပွင့်ဖြူမြို့ပေါ်ရှိ မြို့မမူကြိုကျောင်းအပါအဝင် ကျောင်းပေါင်း ၈၀ ရှိပါကြောင်း၊ ၎င်းတို့အနက် ပုံမှန်လည်ပတ်နေသော ကျောင်း ၇၀ ခန့် ရှိပါကြောင်း၊ မလည်ပတ်နိုင်သော ကျောင်းပေါင်း ၁၀ ကျောင်းခန့်ရှိပါကြောင်း၊ အမှန်တကယ်ရန်ပုံငွေ တောင့်တင်းခိုင်မာပြီး လည်ပတ်နိုင်စွမ်းရှိသော ကျောင်းများ အလွန်နည်းပါးပါကြောင်း၊ ထိုကဲ့သို့လည်ပတ်နိုင်ရန် မိဘများက ကလေးများ၏လစဉ် ကျောင်းလခများပေးပြီး ရန်ပုံငွေများမတည်၊ ရပ်ထဲရွာထဲတွင် အတိုးများ ပေးချေးငှားပြီး ရပ်တည်နေသောကျောင်းများ ဖြစ်ပါကြောင်း၊ ဆရာ/မများလည်း ထိုက်သင့်သည့် လစာငွေကြေး မရရှိကြပါကြောင်း၊ အခြေခံပညာကျောင်းများတွင် အခမဲ့သင်ယူနေရသည့် အချိန်များတွင် ကလေးသူငယ်များ၏ ပညာရေးမှာ လခပေးပြီး သင်ကြားနေရပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁) ပုဒ်မ ၂၈ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတိုးတက် စေရေးတို့အတွက် အလေးထားဆောင်ရွက်ရမည်ဟု ပါရှိပြီးဖြစ်ပါကြောင်း၊
မိမိမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများ၏ မြေရာဇဝင်၊ မြေပိုင်ဆိုင်မှု အထောက်အထား များကို လက်ရှိလည်ပတ်နေသော ရန်ပုံငွေ၊ ကျောင်းကော်မတီ၏ သဘောထားများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ စနစ်တကျလွှဲပြောင်း ပေးအပ်နိုင်ရန်လည်း စီစဉ်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်မှ လွှဲပြောင်း လက်ခံမည်ဆိုပါက လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးလာပြီး ဝန်ထုပ်ဝန်ပိုးပိနေသော ကလေး သူငယ်များ၏ မိဘများ၊ ဆရာ/မများ၊ ကျောင်းကော်မတီများ ပိုမိုအဆင်ပြေစေရန်အတွက် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကလေးသူငယ်ပြုစု ပျိုးထောင်ရေးဌာနမှ ဆောင်ရွက်ခဲ့သော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများကို လွှဲပြောင်းလက်ခံရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမှ တင်ပြလာသော ပွင့်ဖြူမြို့နယ်တွင် ဖွင့်လှစ်ထားသော မူလတန်းကြို ကျောင်းအများစုသည် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ထားသော Save the Children အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်၍ ရပ်/ရွာပြည်သူလူထုသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး ရပ်/ရွာပြည်သူလူထုမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆက်လက်ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသောကျောင်းများ ဖြစ်ပါကြောင်း၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် လက်ရှိဌာန မူလတန်းကြိုကျောင်း ၁၂၅ ကျောင်းကို ဖွင့်လှစ်ထားရှိပါကြောင်း၊ နှစ်စဉ်စီမံ ကိန်းတွင်လည်း အစိုးရမူလတန်းကြို ကျောင်းများမရှိသည့် မြို့နယ်များအတွင်း တစ်နှစ်လျှင်စံပြ မူလတန်းကြိုကျောင်း ၁၀ ကျောင်းနှုန်းဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ထည့်သွင်းရေးဆွဲလျက်ရှိရာ လက်ရှိဘဏ္ဍာ ရေးနှစ်တွင် မူလတန်းကြိုကျောင်းခုနစ်ကျောင်းကို ဖွင့်လှစ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မူလတန်းကြိုကျောင်းပေါင်း ၉ ကျောင်း၊ ရပ်/ရွာ ပြည်သူလူထုမှ ပွင့်ဖြူမြို့နယ်အတွင်း ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့်ဖွင့်လှစ်ထားသော ရောစုကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ပွင့်ဖြူမိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းနှစ်ကျောင်း အပါအဝင် ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းပေါင်း ၆၀ ကျောင်း ဖွင့်လှစ်ထားရှိသည့်အပြင် မကွေးတိုင်းဒေသကြီးအတွင်းတွင် Save the Children အဖွဲ့မှ ဖွင့်လှစ်ထားသော ရပ်/ရွာအခြေပြု မူလတန်းကြိုကျောင်းပေါင်း ၁၁၇ ကျောင်းရှိရာ ပွင့်ဖြူမြို့နယ်တွင် အဆိုပါ ရပ်/ရွာအခြေပြု မူလတန်းကြိုကျောင်းပေါင်း ၇၉ ကျောင်း ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးမှ တာဝန်ရှိသူများက တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပွင့်ဖြူမြို့နယ်ရှိ ရပ်/ရွာအခြေပြု မူလတန်းကြို ကျောင်း ၁၀ ကျောင်းသည် ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ၆၉ ကျောင်းသာဖွင့်လှစ်ထားကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ လက်ရှိဖွင့်လှစ်လျက်ရှိသည့် ရပ်/ရွာအခြေပြုမူလတန်း ကြိုကျောင်းပေါင်း ၁၀၇ ကျောင်းအနက် ပွင့်ဖြူမြို့နယ်အတွင်းရှိ သတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းပေါင်း ၆၉ ကျောင်းအပါအဝင် စုစုပေါင်း ၉၇ ကျောင်းကို တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေး ထားပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းမှ ကိုယ့်အားကိုယ်ကိုး မူလ တန်းကြိုကျောင်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန သက်ဆိုင်ရာ တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးသို့ တည်ထောင်ခွင့်ပြုမိန့် ရရှိရန် ဥပဒေနှင့်အညီ မှတ်ပုံတင် လျှောက်ထားနိုင်ပြီး တည်ထောင်ခွင့်ပြုမိန့် ရရှိထားပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆရာမလစာများ ထောက်ပံ့ပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် နည်းပညာပံ့ပိုးကူညီပေးခြင်းများကို အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရရှိထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မူလတန်းကြိုကျောင်းများကို နှစ်စဉ် စီမံချက်ဖြင့် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို လူမှုဝန်ထမ်းဦးစီးဌာန၏ ဌာနပိုင်မူလတန်းကြို ကျောင်းအဖြစ် အပ်နှံလွှဲပြောင်းလိုပါက တင်ပြပါအချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိစိစစ်ပြီး လွှဲပြောင်း/လက်ခံလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ဌာနပိုင်မူလတန်းကြိုကျောင်းအဖြစ် လွှဲပြောင်း/အပ်နှံလိုပါက တင်ပြပါ သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ လွှဲပြောင်း/လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးထွန်းထွန်း (ပွင့်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
လက်ရှိ ပွင့်ဖြူမြို့မကျောင်း၊ မိခင်နှင့်ကလေးမူကြိုကျောင်းကို လက်ရှိလတ်တလော ပထမဦးစွာ စံပြမူကြိုကျောင်းအဖြစ် ဆောင်ရွက်လက်ခံရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်
ပွင့်ဖြူမိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းလည်း လူမှုဝန်ထမ်းဦးစီးဌာနကို သတ်မှတ်ပုံစံများအတိုင်း လျှောက်ထားပြီးပေးမည်ဆိုပါက ဌာနပိုင်စံပြမူလတန်းကြိုကျောင်းအဖြစ် လက်ခံနိုင်ပါကြောင်း ဖြေကြားပါသည်။
