ပညာရေးဝန်ကြီးဌာနပိုင် ကျောင်းမြေနေရာများတွင် အဆောက်အဦနှင့်ဆိုင်ခန်း ဆောက်လုပ်ထားပြီး ငှားရမ်းခရယူထားသော ငွေကြေးများအပေါ် မည်သို့စီမံခန့်ခွဲနေသည်နှင့် ကျောင်းများကို ကျောင်း အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရန်အတွက် အဆိုပါလုပ်ငန်းများကို ဖျက်သိမ်းပြီးပြန်လည် ရယူခြင်းကို ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောင်းသား/သူများအတွက် အဆောက်အဦ၊ ဥပမာ-စာသင်ခန်း၊ ကစားကွင်းလုံလောက်မှု မရှိပါကြောင်း၊ ကျောင်းဥပဓိရုပ်ကို ထိခိုက်နေပါကြောင်း၊ ငွေကြေးစီမံခန့်ခွဲရာတွင်လည်း ကျောင်းအဆောက်အဦ ငှားရမ်းခြင်းအတွက် ပွင့်လင်းမြင်သာမှုမရှိပါကြောင်း၊ ကျောင်းများအတွက် အထွေထွေ အသုံးစရိတ် ရန်ပုံငွေများကို ဌာနမှခွဲဝေပေးထားပါကြောင်း၊ ကျောင်းသား/သူ ဟောင်းများ၊ မိဘများနှင့် လက်ရှိကျောင်းသား/သူများအနေဖြင့် ကိုယ်နေခဲ့သည့်ကျောင်း၊ ကိုယ်နေနေသည့် ကျောင်းအပေါ် စိတ်ပိုင်းဆိုင်ရာအရ ယခုကဲ့သို့ ဥပဓိရုပ်ထိခိုက်သည့်အတွက် ခံစားရပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်မှုများ ရှိခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ညွှန်ကြားစာများနှင့်ပတ်သက်ပြီး တင်ပြထားပါကြောင်း၊ အခြေခံပညာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး (အနောက်ပိုင်း) ခရိုင်ရုံး စသည်ဖြင့် ၂၀၁၄ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ် ဆက်တိုက် နှစ်တိုင်း ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ကြပါကြောင်း၊ ရန်ကုန်မြို့တွင်းရှိ ကျောင်းနှစ်ကျောင်း၏ နမူနာအဖြစ် လက်ရှိအနေအထားကို တင်ပြသွားမည် ဖြစ်ပါကြောင်း၊ အ.ထ.က (၁) လမ်းမတော်ကျောင်း အတွင်းရှိ အဆောက်အဦများပေါ်တွင် သွပ်ပြားများဖြင့် ကာရံထားပါကြောင်း၊ လမ်းမတော် ကျောင်းနှင့်ပတ်သက်ပြီး ဆရာမတစ်ဦး၏ တင်ပြချက်အရ ငါးနှစ်စာချုပ်ချုပ်ထားသော်လည်း ယနေ့အချိန်ထိ ၁၇ နှစ်ကြာမြင့်ပြီဟု ပြောပြသွားခဲ့ပါကြောင်း၊ အမှတ် (၂၅) အ.မ.က ဗဟန်းမြို့နယ် ကျောင်းတွင်လည်း ဆိုင်ခန်းများဆောက်လုပ်ထားပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ကျောင်းအုပ်ကြီး၏ တင်ပြချက်အရ နှစ်နှစ်ကျော်၊ သုံးနှစ်ထဲရှိနေပြီး လစာမယူဘဲ ၎င်းတို့ကိုဖယ်ခိုင်းထားသည်မှာ ယနေ့အထိ အပြီးမသတ်သေးဘဲ ရှိနေပါကြောင်း၊
ဆက်စပ်ပြီး မကွေးတိုင်းဒေသကြီး၊ ကံမမြို့ရှိ အထက်တန်းကျောင်းပိုင်မြေနှင့် ကျောင်းကို သမဝါယမအသင်းက ငှားရမ်းထားသည်မှာ ယနေ့အထိတိကျ ပြတ်သားမှုမရှိဘဲ စာသင်ကျောင်း၏ ကျောင်းအဆောက်အဦနှင့် မြေများဆုံးရှုံးနေ၊ ထိခိုက်နစ်နာနေသည့်အတွက် တစ်နိုင်ငံလုံး အထူးသဖြင့် မြို့ပေါ်များတွင် ပညာရေးဌာနပိုင် ကျောင်းမြေနေရာများကို ငှားရမ်းပြီး အဆောက်အဦနှင့် ဆိုင်ခန်းများ ဆောက်လုပ်ထားခြင်းနှင့် စပ်လျဉ်း၍ ငှားရမ်းရယူထားသော ငွေကြေးများအပေါ် မည်သို့မည်ပုံစီမံခန့်ခွဲ နေသည်နှင့် ကျောင်းများသည် ကျောင်းအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် လုပ်ငန်းများကို ဖျက်သိမ်းပြီး ပြန်လည်ရယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းမြေနေရာများတွင် ယခင်ကငှားရမ်းရယူ ဆောင်ရွက်သည့် လုပ်ငန်းများရှိပါက အဆိုပါလုပ်ငန်းနေရာမှ ရရှိသည့်ငွေကြေးကို ကျောင်းများမှအသုံးပြုခွင့် ပေးမထားဘဲ ရငွေအားလုံးကို နိုင်ငံတော်ဘဏ္ဍာသို့ အားလုံးပေးသွင်းရပါကြောင်း၊ မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခင်ငှားရမ်းထားသော လုပ်ငန်းများအားလုံးကို စာချုပ်သက်တမ်း စေ့လျှင် စာချုပ်သက်တမ်း အသစ်တိုးပေးခြင်း၊ စာချုပ်သက်တမ်း ထပ်မံပြင်ဆင်ခြင်း၊ စာချုပ်အသစ် ချုပ်ဆိုခြင်းများကို လုံးဝခွင့်မပြုဘဲ သက်တမ်းပြည့်သည်နှင့် ဆက်လက်ငှားရမ်းခြင်း မပြုရန် ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ထားသော်လည်း သက်တမ်းပြည့်ပြီး လက်ဝယ်ပြန်လည် မရရှိသေးသော မြေနေရာနှင့်အဆောက် အဦများကို ဌာနလက်ဝယ် ရရှိရေးအတွက် တရားစွဲဆိုခြင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် စီမံခန့်ခွဲမှု နည်းလမ်းများအရ ညှိနှိုင်းဆောင်ရွက်ခြင်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
