(ဂ)-လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ လယ်မြေ ၆၀၇.၇၅ ဧကကို နိုင်ငံပိုင်သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်မှာ (၂)နှစ်ခွဲကျော်ကြာမြင့်သည့်တိုင် ဆက်လက်စီမံခန့်ခွဲမှုမရှိပါသဖြင့် မည်သို့ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ (၂၂. ၅. ၂၀၁၉)

 

လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ လယ်မြေ ၆၀၇.၇၅ ဧကကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်မှာ (၂)နှစ်ခွဲကျော်ကြာမြင့်သည့်တိုင် ဆက်လက်စီမံခန့်ခွဲမှုမရှိပါသဖြင့် မည်သို့ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာ မီးခိုးကန်ကွင်းရှိ လယ်မြေဧက ၆၀၇.၇၅ ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၇-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ (၁၅၇၆/၂၀၁၆) အရ နိုင်ငံတော်ကို ပြန်လည်အပ်နှံပြီး နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့သည်မှာ သုံးနှစ်နီးပါးကြာမြင့်နေပြီ ဖြစ်သည့်အတွက် မည်သို့ဆက်လက် စီမံ‌ဆောင်ရွက် သွားမည်ကို သိရှိလိုပါကြောင်း၊ အဆိုပါမြေနှင့်ပတ်သက်ပြီး ၁၉၈၄ ခုနှစ် တာဝန်ကြေစပါး ပေးသွင်းရစဉ် ကာလက အဆိုပါ မီးခိုးကန်ကွင်းသည် ရေကြီးကွင်းဖြစ်သည့်အလျောက် စပါးအထွက် နည်းပါကြောင်း၊ တာဝန်ကျေစပါးကိုလည်း အပြည့်အဝပေးသွင်းခဲ့ရပါကြောင်း၊ နှစ်စဉ်လယ်ယာ လုပ်ငန်းအရှုံးပေါ်သည့်အတွက် လယ်ကွင်းကလည်း အလွန်ကျယ်သောကြောင့် နယ်မြေ လုံခြုံမှုကလည်း မရှိပါကြောင်း၊ ၎င်းလယ်သမားများက မိမိတို့၏ လယ်ယာလုပ်ငန်းကို မလုပ်ဘဲ စွန့်ပစ်မှုများ ရှိခဲ့ပါသောကြောင့် ထိုအချိန်က လယ်တစ်ဧကကို ကြက်တစ်ကောင်နှင်‌့ လဲမည်ဆိုပါက လဲမည့်သူ မရှိကြောင်း သိရှိရပါသည်။ ၎င်းအချိန်တွင် လမ်းစဉ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိန်လွင်၏ ခရီးစဉ်တစ်ခုတွင် စပါးမစိုက်ဘဲ ပစ်ထားသည့်အခြေအနေကို တွေ့မြင်ရ၍ ရန်ကုန်တိုင်း အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များကိုခေါ်ပြီး စပါးစိုက်စေပါကြောင်း၊ ပထမပိုင်းတွင် တာဝန်ပေးခံရသည့် တပ်ရင်း၊ တပ်ဖွဲ့ ၂၁ ခုသည် ကိုယ်တိုင်လုပ်ခဲ့ကြသော်လည်း နောက်ပိုင်းစစ်တောင်းမြစ် ကမ်းပြိုသဖြင့် လယ်ယာမဲ့ဖြစ်နေသော ခရမ်းမြို့နယ်က လယ်သမားများကို ခေါ်ယူပြီး အချို့ကို သီးစား၊ အချို့ကို အကျိုးတူ၊ အချို့ကိုလယ်ယာ လုပ်သားအဖြစ် လုပ်ကိုင်စေခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် တာဝန်ယူ စိုက်ပျိုးလုပ်ကိုင်ကြသည့် တပ်ရင်း၊ တပ်ဖွဲ့များက လယ်ယာမြေကို ပြန်လည်စွန့်လွှတ်လိုက်ပါကြောင်း၊ စွန့်လွှတ်လိုက်သည့် လယ်မြေဧက ၆၀၇.၇၅ ဧကကို လယ်ယာလုပ်ကိုင်လိုသူ ဒေသခံလယ်သမား ၇၇ ဦး၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ ၁၀ နှစ်ကျော် လုပ်ကိုင်ခဲ့သော ဒေသခံမဟုတ် သူလယ်သမား ၄၁ ဦး အဖွဲ့သည် အပြိုင်အဆိုင် ပုံစံ-၇ ရယူရန် အဆင်‌့ဆင်‌့လျှောက်ထား ကြပါကြောင်း၊ ၃၁-၅-၂၀၁၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမတွင် ဒေသခံအဖွဲ့ ၇၇ ဦးကို ယာယီလုပ်ပိုင်ခွင်‌့ ပုံစံ-၃ ချပေးခဲ့ပါကြောင်း၊ ၎င်းတို့လယ်ယာ လုပ်ပိုင်ခွင့်ရရှိသည်နှင်‌့ လယ်လုပ်ပိုင်ခွင်‌့ ရရှိသူများသည် ကိုယ်လယ်ကွင်းများကိုဆင်းပြီး ၁၀ နှစ်ကျော် လယ်ကွင်းထဲတွင် အခြေချနေထိုင်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင်‌့အတူ လုပ်ကိုင်စဉ်ကတည်းက ဆက်လက်လုပ်ကိုက်နေသော လုပ်မြဲလုပ်နေသည့် ၄၁ ဦးနှင့် ထိပ်တိုက်တွေ့ရပါကြောင်း၊ ပုံစံ -၇ ရရှိထားသူ ဒေသခံအဖွဲ့က အတင်းအဓမ္မလယ်ထဲကို လယ်ဆင်းထွန်ကြခြင်း၊ ဒေသခံမဟုတ်သည့် ၄၁ ဦးအဖွဲ့က လယ်ထဲ၎င်းတို့ထွန်ထားသော လယ်ထဲကို မျိုးစပါးများကြဲခြင်းများ ထိုအခါ ဒေသခံများက ပိုးသတ်ဆေးများ ကြဲချပါကြောင်း၊ အနီးနားရှိ လယ်ကွင်းနားတွင်နေနေသော ဒေသခံမဟုတ်သည့် ၄၁ ဦးအဖွဲ့များ၏ မွေးထားသည့် ဘဲများ သေကြပါကြောင်း၊ စပါးပေါ်ချိန်ရောက်လျှင်လည်း မှည့်လာသည့် စပါးများကို အလုအယက်ရိတ်ကြ ပါကြောင်း၊ ပြီးလျှင်လည်း ရုန်းရင်းဆန်ခတ်မှုများ ရှိနေပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း မကြာခဏ ပြဿနာများကို ယခုတိုင် မငြိမ်းချမ်းသည့်အတွက် ဖြေရှင်းရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၆-၂၀၁၆ ရက်နေ့ အမိန့်ကြော်ငြာစာအရ ယင်းလယ်မြေ ၆၀၇.၇၅ ဧကကို နိုင်ငံတော်မြေအဖြစ် သတ်မှတ်လိုက်သော်ငြားလည်း ပြဿနာကို ဆုံးခန်းတိုင်အထိ ဖြေရှင်းပေးနိုင်မှု မရှိခြင်းကြောင့် မေးရခြင်းဖြစ်ပါသည်။ (၁) ယခု ပုံစံ-၇ လက်ဝယ်ကိုင်ထား သူများအနေဖြင့် ၂၀၁၂ လယ်ယာမြေဥပဒေအခန်း ၃ ပါ လယ်ယာ မြေလုပ်ပိုင်ခွင်‌့ ဆုံးရှုံးသွားမှုရှိ/မရှိ သိလိုပါကြောင်း၊ (၂) မီးခိုးကန်ကွင်းထဲတွင် ယခုတိုင် အခြေချနေထိုင်ပြီး တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ လယ်ယာလုပ်ကိုင် ခဲ့သူများကလည်း လယ်ယာမြေလုပ်ပိုင်ခွင်‌့ ပြန်လည်ရလိမ့်နိုး စောင့်စားနေကြ သည့်အတွက် ၎င်းတို့၏ မျှော်လင့်ချက်အနေအထားကို သိရှိလိုကြောင်းနှင်‌့ (၃) အဆိုပါ အချင်းဖြစ် မြေကို မည်သို့ဆက်လက် စီမံခန့်ခွဲဆောင်ရွက်မည်ကို တိကျစွာ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၀၂၉-က/ခ)၊ မီးခိုးကန်ကွင်းနှင်‌့ (၁၀၅၅-ခ)၊ ရေငံရိုးကွင်းရှိတောင်သူများ  စိုက်ပျိုး၍မရသည့် ရေကြီး၊  ရေနက်ကွင်း ဧရိယာ ၆၀၇.၇၅ ဧကကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၇-၆-၂၀၁၆ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၁၅၆၇/၂၀၁၆) ဖြင့် နိုင်ငံတော်ပိုင်မြေအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ အဆိုပါမြေနှင့်ပတ်သက်ပြီး ၁၉၈၄-၁၉၈၅ ခုနှစ်ခန့်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များသို့ စိုက်ပျိုးရေးလုပ်ကိုင် ဆောင်ရွက်ရန် ချထားပေးခဲ့ပြီး၊ ၁၉၈၆ ခုနှစ်ခန့်တွင် တပ်ရင်း၊ တပ်ဖွဲ့များမှ စိုက်ပျိုးလုပ်ကိုင် ခဲ့ပါကြောင်း၊ ၁၉၉၆ ခုနှစ်ခန့်တွင် တပ်များမှကိုယ်တိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ သီးစားခြထားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ၆၀၇.၇၅ ဧကကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပြန်လည်စွန့်လွှတ် အပ်နှံပါကြောင်း၊ ယခုလို ပြန်လည်စွန့်လွှတ် အပ်နှံလာသည့်အတွက် ပြန်လည်အပ်နှံသော မြေများကို လက်ခံဆောင်ရွက်ခဲ့ပြီး  အဆိုပါ လယ်မြေများကိုလည်း လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ပြင်ဆင်ချမှတ်သည့် မူဝါဒအရ စတင်သိမ်းဆည်းခဲ့စဉ် မူလလက်ငုတ်လက်ရင်း တောင်သူများထံ ပေးအပ်နိုင်ရေးအတွက် ပုံစံ-၁ ဖြင့် လျှောက်ထားလာသော မူလတောင်သူ ၇၇ ဦး၏ လျှောက်လွှာများကို ကျွန်းကုန်းကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြလာမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အဆင့်ဆင်‌့တင်ပြခဲ့ပြီး ယာယီလုပ်ကိုင်ခွင်‌့ပြု လက်မှတ်ပုံစံ-၃ ကို မူလလက်ငုတ်တောင်သူ ၇၇ ဦးထံကို ၃၁-၃-၂၀၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် အခမ်းအနားနှင်‌့ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ပေးအပ်ခဲ့ပါကြောင်း၊

ယာယီလုပ်ကိုင်ခွင်‌့ပြု လက်မှတ်ပုံစံ-၃ ထုတ်ယူရရှိခဲ့သော တောင်သူ ၇၇ ဦးကို ပုံစံ-၇ ထုတ်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တွင် ပုံစံ-၁ ဖြင့် လျှောက်ထားရာ၌ မူလလက်ငုတ်တောင်သူ ၇၇ ဦးအပြင် တပ်ရင်း၊ တပ်ဖွဲ့ ၂၁ ခုမှ သီးစားခဖြင့် လုပ်ကိုင်ခွင်‌့ပြုခဲ့သည့် ခရမ်းမြို့နယ်မှ ပြောင်းရွှေ့ပြီး လယ်ယာလုပ်ကိုင်သူ မူလ လက်ငုတ်လက်ရင်း မဟုတ်သူ ၄၇ ဦးမှ အပြိုင်လျှောက်ထားမှုအပေါ် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှ စစ်ဆေးပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ခွင်‌့ပြုချက်ရယူပြီး မူလလက်ငုတ်လက်ရင်း တောင်သူ ၇၇ ဦး၏ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု ပုံစံ-၇ များကို ၂-၅-၂၀၁၆ ရက်နေ့တွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့များမှ ယခင်သီးစားဖြင့် အငှားချထားခဲ့သူ ၄၇ ဦးထံသို့လည်း ပုံစံ-၈ ငြင်းပယ်စားများကို ကျွန်းကုန်းကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က ၃-၅-၂၀၁၆ ရက်နေ့တွင် ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စစ်ဆေးရေး ဗဟိုကော်မတီ၏  ၂၁-၃-၂၀၁၈ ရက်ရက်စွဲပါ စာအမှတ်၊ ၅၅၇/၁-ကော်မတီ/မြေ (ဗဟို) ၂၀၁၈ ဖြင့် ချမှတ်ထားပြီးသည့် မူဝါဒလုပ်ငန်းစဉ်များအနက်မှ စွန့်လွှတ်မြေများ သက်ဆိုင်သူလက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ် ၉ ရပ် အပိုဒ် ၉ တွင် စွန့်လွှတ်မည့် မြေပေါ်တွင် ယင်းမြေနှင်‌့သက်ဆိုင်ခြင်း မရှိသူများ ဝင်ရောက်ကျူးကျော်အခြေချ နေထိုင်မှုနှင်‌့ပတ်သက်၍ ကျူးကျော်သူများကို ယင်းမြေ စွန့်လွှတ်မည့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ စွန့်လွှတ်မြေလာရောက် အပ်နှံပြီးနောက် ယင်းမြေနှင်‌့သက်ဆိုင်ခြင်း မရှိသူများ ဝင်ရောက်ကျူးကျော်အခြေချ နေထိုင်သူများနှင်‌့ ပတ်သက်၍ ကျူးကျော်သူများ စွန့်လွှတ်မြေများအား လက်ခံရရှိသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်ဆိုပြီး ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊

ထို့ကြောင်‌့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၀၂၉-က/ခ)၊ မီးခိုးကန်ကွင်းနှင်‌့ (၁၀၅၅-ခ)၊ ရေငံရိုးကွင်းအတွင်းရှိ (၆၀၇.၇၅) ဧကအား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်ခဲ့ပြီး လယ်ယာမြေနှင့်အခြားမြေများ ပြန်လည် သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်ထားသော မူဝါဒအရ မူလ လက်ငုတ်လက်ရင်း တောင်သူများထံသို့ ပေးအပ်နိုင်ရေးအတွက် အဆင့်ဆင့်ပြီးစိစစ်ပြီးမှ ပုံစံ -၇ ကို ၂-၅-၂၀၁၆ ရက်နေ့တွင် ပေးအပ်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိအခြေအနေအရ မြေပြင်တွင် ပုံစံ-၇ ရရှိသည့် တောင်သူ ၇၇ ဦးနှင်‌့ ပုံစံ-၇ မရရှိသော တပ်ကသီးစားချထားခြင်း ခံခဲ့ရသည့် လုပ်ကိုင်သူ ၄၇ ဦးအား မြေပြင်တွင်ဝင်ရောက်ပြီး စိုက်ပျိုးလုပ်ကိုက် လျက်ရှိပါကြောင်း၊ ယခုလိုအငြင်းပွားလျက်ရှိသည့် ကိစ္စနှင်‌့ပတ်သက်ပြီး ပုံစံ-၇ ရရှိသည့် တောင်သူ ၇၇ ဦးမှ ကျေနပ်မှုမရှိလျှင် တရားဥပဒေအညီ အမှုဖွင့်အရေးယူဆောင်ရွက် သင်‌့ပါကြောင်းတင်ပြအပ်ပါသည်။ မိမိတို့ဖြေကြားချက်ကလည်း သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်မြောင်း ဝန်ကြီးဌာနနှင်‌့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ဖြေကြားချက်များအပေါ် ရှင်းလင်းဖြေကြားရခြင်း ဖြစ်ပါသည်။

 

ဦးသိန်းတန် (လှည်းကူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးမြန်းသည့် မေးခွန်း (၃) ချက်က မပေါ်လွင်ပါကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့မြို့နယ်တွင်လည်း လယ်ယာအမှုကြီးများထဲတွင် အမှန်တကယ် ကြီးမားသည့်အမှုကြီး ဖြစ်ပါကြောင်း၊ အုပ်စုလိုက်ဖြစ်နေသည့် ပြဿနာများဖြစ်သည့်အတွက် နယ်မြေမတည်ငြိမ်မှု မဖြစ်ရလေအောင် အမျိုးမျိုးထိန်းသိမ်းခဲ့ပါကြောင်း၊ ၎င်းအဖြစ်အပျက်များကို မိမိကိုယ်တိုင်လေ့လာပြီး ၁၃-၇-၂၀၁၇ ရက်နေ့တွင် ဗဟိုမြေစစ်အဖွဲ့ကို တိုင်ကြားခဲ့ပါကြောင်း၊ နောက်တစ်ခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနကိုလည်း မိတ္တူပေးပို့ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ထူးခြားမှု မရှိသည့်အတွက် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုလည်း တင်ပြခဲ့ပါကြောင်း၊ ၎င်းမှာလည်း ထူးခြားမှုမရှိပါကြောင်း၊ ဝန်ကြီးတင်ပြသည့် အထဲတွင် ၄၇ ဦးဟု ပါရှိပါကြောင်း၊ မူလ စစ်ဆေးတွင် ၄၁ ဦးပါ။ ၎င်း ၄၁ ဦးဆိုသည့်အဖွဲ့ကလည်း လက်ရှိ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီကိုလည်း မကြာခဏဖုန်းဆက်ပြီး တိုင်ကြားခြင်းများ ရှိခဲ့သဖြင့် ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ၂၀-၂-၂၀၁၉ ရက်နေ့တွင် အဖွဲ့လိုက် ရေးရာကော်မတီကိုလာပြီး တွေ့ဆုံပါကြောင်း၊ အဆိုပါ ရေးရာကော်မတီကလည်း ထိုကိစ္စများကို အရေးယူဆောင်ရွက် နေပါကြောင်း၊ လေ့လာချက်၊ သုံးသပ်ချက်များနှင့် သက်ဆိုင်ရာကို တင်ပြပါမည်ဟုလည်း ဖြေကြားသည့်အပြင် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်း ဖြစ်သည့်အတွက် ဝိုင်းဝန်းပြီးဆွေးနွေးပါကြောင်း၊ မိမိကိုယ်တိုင်လည်း လွှတ်တော်တွင် မေးခွန်း မေးထားခြင်း ဖြစ်သည့်အတွက် တိကျသည့်အဖြေလေး ဖြေပေးစေချင်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

မိမိတင်ပြသည့်အထဲတွင် လယ်ယာမြေများ လုပ်ကိုင်ခွင့်ရှိ/မရှိ၊ နောက် ပြန်လည်ရလိမ့်နိုးဖြင့် စောင့်မျှော်နေခြင်းများ၊ အချင်းဖြစ်မြေများ မည်ကဲ့သို့ စီမံခန့်ခွဲမည်နည်း ဆိုသည့်အချက်ပေါ် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင်‌့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ပြန်လည်ပြီးမေးပေးမည် ဖြစ်ပါကြောင်း၊ မိမိ၏အတွေ့အကြုံအရ မိမိတို့ ယခုလို သိမ်းဆည်းခဲ့သည့် ဝန်ကြီးဌာနအသီးသီးဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အားလုံး၏ အခက်အခဲက ယခင်ခေတ်ကာလအခြေအနေက အကြောင်းအမျိုးမျိုးကြောင့်  ဝန်ထမ်းသက်သာ ဆိုပြီး စိုက်ပျိုးကြခြင်းများ ရှိခဲ့ပါကြောင်း၊ နိုင်ငံတော်ကလည်း ခွင်‌့ပြုခဲ့ပါကြောင်း၊ ၎င်းအပေါ် သီးစားချထားခြင်းဆိုသည့် ပုဂ္ဂိုလ်များကတစ်ဖက်၊ နောက်တစ်ဖက်တွင် ဓမ္မဦးချ၊ မူလလက်ငုတ် လက်ရင်း၊ ဘိုးဘွားပိုင်ဆိုသည့် ကိစ္စများကလည်း တစ်ဖက်ရှိပါကြောင်း၊ ၎င်းတို့အပေါ်တွင် မိမိတို့က အငြင်းပွားနေခြင်း၊ မိမိတို့ မူဝါဒ ၅၂ ချက် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်ချမှတ်ထားပါကြောင်း၊ သို့သော် ကျူးကျော်ဆိုလျှင်လည်း ကျူးကျော်များကို သက်ဆိုင်ရာဝန်ကြီးဌာနကရှင်းဟု ပြောပြီး ထားပါကြောင်း၊ မိမိတို့က ခေတ်ကာလဥပဒေများအရ ၁၉၅၄ လယ်ယာမြေ--ဥပဒေ၊ ၁၉၆၃ သီးစားချထားရေး ဥပဒေဆိုသည့် ဥပဒေများနှင့်အညီလည်း သီးစားများချခဲ့ခြင်းလည်း ရှိပါကြောင်း၊

သို့သော်လည်း ဘိုးဘွားပိုင်၊ ဓမ္မဦးချ၊ မလလက်ငုတ်လက်ရင်း ဆိုသည့်ကိစ္စများ အငြင်းပွားနေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိုဖြေကြားထားသည့်အထဲတွင် ပုံစံ-၇ ရရှိသည့်သူများက အထောက်အထား ရှိသည့်အတွက်ကြောင့် ကျူးကျော်ဝင်နေသောသူများ နောက်တစ်ခါ အငြင်းပွားနေသည့်သူများကို အမှုဖွင်‌့အရေးယူရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြီးလျှင် လယ်/ဆည်ဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသည့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေများအပေါ် လယ်ယာမြေအငြင်းပွားမှု ကိစ္စဆိုလျှင် ၎င်းတို့လယ်ယာမြေ လုပ်ကိုင်ခွင်‌့ကို လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် လုပ်ကိုင်ခွင့်ရှိ/မရှိနှင်‌့ ပတ်သက်ပြီး လုပ်ကိုင်ခွင်‌့ရှိခဲ့သည်ဟု ယူဆလျှင် တရားရုံးကဲ့သို့ရှိသည့် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် မြို့နယ်/ခရိုင်များကို အဆင့်ဆင်‌့တင်ပြရန် ဖြစ်ပါကြောင်း၊ အချင်းဖြစ်လျှင် မည်သို့စီမံမည်နည်းဆိုသည်က သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီးမှ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဆင်‌့ဆင့်နှင်‌့သာ စိစစ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ၎င်းကို သက်ဆိုင်ရာ  ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ အငြင်းပွားမှု ပြန်လည်စိစစ်ရေး ကော်မတီကိုလည်း ထပ်ဆင်‌့ပြီး ညွှန်ကြားပေးသွားမည် ဖြစ်သည့်အကြောင်းနှင့် ပိုမိုပြည့်စုံရေး အတွက်ကိုလည်း လယ်/ဆည်ဝန်ကြီးဌာန၊ နောက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ထပ်မံမေးမြန်းပြီး ရှင်းလင်းဖြေကြားသွားမည် ဖြစ်တဲ့အကြောင်း ရှင်းလင်းဖြေကြားပါသည်။