(ဂ)-အစိုးရကစီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအားစိစစ်ပြီးမှ လုပ်ပိုင်ခွင့်ချထားပေးရန်၊ ယခင်ခွင့်ပြုထားသောယင်းမြေများသည် မြေပြင်တွင်စိစစ်ချက်နှင့်ကိုက်ညီခြင်းမရှိကြောင်း တင်ပြလာပါက ပြန်လည်ရုပ်သိမ်းပေးရန်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၁. ၅. ၂၀၁၉)

 

အစိုးရက စီမံခန့်ခွဲခွင့်ရှိသော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့်စပ်လျဉ်း၍ တိကျစွာ စိစစ်ပြီးမှသာ လုပ်ပိုင်ခွင့်ချထားပေးရန်၊ ယခင်ကစိစစ်၍ လုပ်ပိုင်ခွင့်ပေးထားသော ယင်းမြေများသည် လက်တွေ့ အားဖြင့် မြေပြင်တွင်စိစစ်ချက်နှင့် ကိုက်ညီခြင်းမရှိကြောင်း တင်ပြလာပါက ပြန်လည်ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

 

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီက လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးလိုက်သည့် မြေများသည် အစိုးရကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများဖြစ်သော်လည်း အဆိုပါမြေများသည် တောနိမ့် တောဖြတ်များ၊ ဖုန်းဆိုးတောမြေများပယ်ဖျက်ပြီး ကြိုးဝိုင်းသစ်တောမြေများမဟုတ်ဘဲ သစ်တောများ ဖုံးလွှမ်းလျက်ရှိသော သစ်လုံးများထုတ်ယူနိုင်သည့် သစ်တောများဖြစ်နေကြပါကြောင်း၊ ၂၀၁၀-၁၁ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်အတွင်း ဗဟိုကော်မတီကလုပ်ပိုင်ခွင့်ပြုခဲ့သော စာရင်းဇယားတွင် လုပ်ပိုင်ခွင့်ပြုသည့်ကွင်းအမှတ်ဟုဆိုသည့်နေရာတွင် ကွင်းပြင်များဟုပါရှိပါကြောင်း၊ လက်တွေ့တွင်အဆိုပါနေရာများသည် ကွင်းပြင်များမဟုတ်ဘဲ သစ်တောဖုံးလွှမ်းနေသော နေရာများ သာဖြစ်ပါကြောင်း၊ အားလုံးပေါင်းဧကတစ်သိန်းကျော်ရှိပါကြောင်း၊ ကုမ္ပဏီတစ်ခုက စိုက်ပျိုးထားသော ဧက ၅၀၀ ယူကလစ်စိုက်ခင်းကို ဆန်းတားကြိုးပြင်ခုတ်ကွက်ကြီး ၃ ဟု ရေးထားပါကြောင်း၊ သစ်တော ကိုအပြောင်ရှင်းပြီးမှ စိုက်ထားပါကြောင်း၊ ယူကလစ်ပင်များကြားတွင် သစ်ငုတ်များကိုကြည့်ခြင်း အားဖြင့် ၎င်းနေရာသည် သစ်လုံးကြီးများထုတ်ယူနိုင်သောသစ်တောများဖြစ်သည်မှာ သိသာ ပါကြောင်း၊ သစ်တောကိုအပြောင်ရှင်းပြီး စိုက်ထားသည့်စိုက်ခင်းဘေးတွင် သဘာဝတောတွင်း ထားခဲ့သော  သစ်ပင်ကြီးများ၏အနေအထားကိုကြည်‌့မည်ဆိုပါက အပြောင်မရှင်းခင်က တည်ရှိနိုင် သော သစ်တော၊ သစ်ပင်များအခြေအနေကို မှန်းဆသိမြင်နိုင်ပါကြောင်း၊

အပြောင်ရှင်းလိုက်သောသစ်တောဧက ၅၀၀ မှ ထုတ်ယူထားသော သစ်တန် ၈၀၀၀ ကို စုပုံထား ပါကြောင်း၊ အဆိုပါသစ်များကို စုပုံရန်နောက်ထပ်သစ်တောဧက ၄၀ ကို ထပ်မံ၍အပြောင်ရှင်းရပြန် ပါကြောင်း၊ ၂ ပေနှင့်အထက်အပင်များကို သစ်လုံးများအဖြစ်ထုတ်ယူပြီးသည့်နောက် ကျန်နေသည့် ၂ ပေနှင့်အောက်အပင်များကို အပြောင်ခုတ်ထွင်ရှင်းလင်းမီးရှို့လိုက်ခြင်းအားဖြင့် မကြာမီတွင် သစ် ထုတ်ယူနိုင်မည့် ၂ ပေနှင့်အောက်အပင်ပေါင်းမြောက်မြားစွာကို ဆုံးရှုံးလိုက်ရသည်‌့အပြင် ဂေဟစနစ် ဟာလည်း ပျက်စီးသွားပါကြောင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ၂၀၁၈-၁၉ ခုနှစ်တွင်  အပြောင်ရှင်းမည့် သစ်တောဧရိယာ ၃၇၀ တွင်ပါဝင်သော သစ်ပင်အမျိုးအစားများနှင့် အပြောင်းရှင်းမည့်သစ်တော ဧရိယာ ၁၃၀၀ တွင် ကျွန်း၊ ယမနေ၊ အင်၊ ကညင်၊ ထောက်ကြံ့၊ သပွေ၊ စစ်ဆေး၊ ယင်းမာ၊ ဇညွန်း၊ စကပ်စသည့် သဘာဝပေါက်ပင်များစွာ ပါဝင်ပါကြောင်း၊ လက်တွေ့အားဖြင့် ၎င်းသစ်တောများသည် ကျေးလက်နေပြည်သူများ စားဝတ်နေရေးအတွက် မှီခိုအားထားနေရသော သစ်တောများ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် တရားဝင်ဝယ်ယူရရှိနိုင်သည့် သစ်ဆိုင်များ၊ သစ်စက်များမရှိသည့် အတွက် ဒေသတွင်းပြည်သူများသည် မိမိသုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံး၊ ဘာသာရေး သုံး၊ အများပြည်သူသုံးစသဖြင့် ထုတ်ယူသုံးစွဲရန် သစ်တောဥပဒေက ခွင့်ပြုထားသည်ကလည်း အဆိုပါသစ်တောများ ဖြစ်ပါကြောင်း၊ ၎င်းသစ်တောများက ဂေဟစနစ်ကိုထိန်းသိမ်းပေးပါကြောင်း၊ ဗဟိုကော်မတီကလုပ်ပိုင်ခွင့်ပေးထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများသည် ကွင်းပြင်များ မဟုတ်ဘဲ သစ်ထုတ်ယူရရှိနိုင်သည့် သစ်တောများဖြစ်နေ၍ တိကျစွာစိစစ်ထားခြင်းမရှိသောကြောင့် မြေပြင်အခြေအနေနှင့်ကိုက်ညီခြင်း မရှိသည့်အတွက် ဤကဲ့သို့မြေရိုင်းများ ဖော်ထုတ်စိုက်ပျိုးမှု အားလုံးကို ပြန်လည်သုံးသပ်ပြီး ရုပ်သိမ်းပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးလှကျော်
အဖြေ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုပေးရမှုရှိပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားရာတွင် လျှောက်ထားသည့်မြေနေရာများသည် သစ်တောဖုံးလွှမ်းလျက်ရှိသော မြေနေရာ များဖြစ်/မဖြစ် ဥပဒေပါ ပုဒ်မ (၆) ပုဒ်မခွဲ (ဂ) တွင်ဖော်ပြထားသော ကြိုးဝိုင်းတောနှင့် ကြိုးပြင် ကာကွယ်တောများဖြစ်သည့် သစ်တောနယ်မြေများကို ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် သဘာဝ နယ်မြေများ၊ ရေဝေရေလဲဒေသများ၊ သဘာဝအင်းအိုင်များ၊ ကျွန်းနှင့်ကျွန်းစုများကို ထိန်းသိမ်းနိုင်ရန် အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအခြား ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟုသော ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့ကစိစစ်ပြီး လုပ်ပိုင်ခွင့်ပေးထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများသည် လက်တွေ့အားဖြင့် မြေပြင်တွင်စိစစ်ချက်နှင့် ကိုက်ညီမှု မရှိပါက အဆိုပါဥပဒေပါ ပုဒ်မ ၂၂ ပုဒ်မခွဲ (ဂ) တွင်ပြဋ္ဌာန်းထားသော ခွင့်ပြုထားသည့်မြေကို စတင် ခွင့်ပြုသည်‌့နေ့မှစပြီး လေးနှစ်ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်းမရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်ကပြန်သိမ်းပြီးဖြစ်သည်ဟုမှတ်ယူရမည်ဟု ပြဋ္ဌာန်း ခြင်းနှင့်အညီ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပါဝင်သော မြို့နယ်ခရိုင် အထူးအဖွဲ့များနှင့် စိစစ်ခဲ့ပါကြောင်း၊ သတ်မှတ်ကာလလေးနှစ်ကျော်ပြီး ဖော်ထုတ်စိုက်ပျိုးခြင်းမရှိသော မြေများကို နိုင်ငံတော်မှပြန်လည်သိမ်းယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ၁၆ ကြိမ်မြောက်အစည်းအဝေးအထိ ဧကပေါင်း ၁၃၆၇၀၆၅ ဧကကို ပြန်လည်သိမ်းယူပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းနှင့် စပ်လျဉ်းပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလာမှုများကို သစ်တောဖုံးလွှမ်းမှုမရှိသော မြေနေရာများပါဝင်ခြင်းရှိ/မရှိ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ (ဂ) အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး စိစစ်ခွင့်ပြုလျက်ရှိပါကြောင်းနှင့် ဗဟိုအဖွဲ့က ယခင်လုပ်ပိုင်ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုလည်း ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဖော်ထုတ်ပြီး စိုက်ပျိုးမှု မရှိသောမြေများကို နိုင်ငံတော်က ပြန်လည်သိမ်းယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးထွန်းဝေ(ဖောင်းပြင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီးဖြေကြားသွားရာတွင် ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသော မြေများကိုသာ သိမ်းသည် ကို မိမိတို့လည်းသိလိုက်ပါကြောင်း၊ ယခုမိမိမေးမြန်းသည့်မေးခွန်းက စိစစ်ချထားသည့်နေရာများသည် Timber Forest များ ဖြစ်နေပြီး ဂေဟစနစ်ကိုထိန်းသိမ်းသည့်နေရာများလည်း ဖြစ်နေပါကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်း မိမိမေးမြန်း ခဲ့ဖူးပါကြောင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီဥက္ကဋ္ဌက လာရောက် ဖြေကြားလိမ့်မည်ဟု မိမိထင်မြင်ထားပါကြောင်း၊

သစ်တောဦးစီးဌာန၏သဘောထားမှတ်ချက်ကိုယူပြီး ဖြေရလိမ့်မည်ဟု ထင်မြင်ပါကြောင်း၊ လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခဲ့စဉ်က သစ်တောဦးစီးဌာန၏ သဘော ထားမှတ်ချက်နှင့် တွဲပြီးမှ ဖြေကြားပါကြောင်း၊ တစ်ဧကတွင် အပင်ကြီးကိုးပင်သာရှိသည့်အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားပါကြောင်း၊ ၄၇၅ ဧက ဖော်ထုတ်မည့်အထဲတွင် အပင်ပေါင်း ၉၆၅၇ ပင် ပါရှိပါကြောင်း၊ ပျမ်းမျှတစ်ဧကတွင် ၂၀.၃၃ ပင် ဖြစ်ပါကြောင်း၊ ၄၄၅ ဧက ဖော်ထုတ်သည့် အထဲတွင် ၂ ပေနှင့်အထက် အပင်ပေါင်း ၅၄၃၅ ပင်ပါရှိပါကြောင်း၊ ၁၂.၂၁ ဧက ဖြစ်ပါကြောင်း၊ ဧက ၆၀၀ ထဲတွင် ၆၉၀၃ ပင် ပျမ်းမျှ ၁၁.၅၀ ပင် ပါရှိပါကြောင်း၊ ဖောင်းပြင်မြို့နယ်တွင် ဧက ၃၇၀ ဖော်ထုတ်မည့်အထဲတွင် အပင်ပေါင်း ၁၅၉၉၄ ပင် ပါရှိနေပါကြောင်း၊ ပျမ်းမျှအားဖြင့် ၄၃.၂၂ ပင် ပါရှိနေသည့်အတွက် ယခင်က တစ်ဧကတွင်ကိုးပင်သာရှိသည့်အတွက် ပေးလိုက်သော်လည်း ယခု မည်သို့သောမူဖြင့် ပေးမည်နည်း၊ မူတစ်ခုချမှတ်ပြီးမှ ပြန်လည်ရုပ်သိမ်းပေးနိုင်သော အခြေအနေရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

မိမိတို့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့က လျှောက်ထားလာသည့်လုပ်ငန်းတစ်ရပ် အနေနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏သဘောထားမှတ်ချက်ကိုရယူပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနက ထောက်ခံချက်ဖြင့်ချထားပေးသောမြေများ ဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနက ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေအရစိစစ်ပြီးမှ ထောက်ခံချက်ပေါ်မူတည်ပြီး  ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးအဖွဲ့ကို တင်ပြခြင်းဖြစ်သည့်အတွက် သစ်တော၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်အလျောက် အဆိုပါတင်ပြခဲ့သည့် အကြောင်းချင်းရာကိစ္စကို သစ်တောဦးစီးဌာန ကို မိမိတို့ဆက်စပ်အကြောင်းကြားပြီး လွှတ်တော်ကိုယ်စားလှယ်၏ ဆက်စပ်မေးခွန်းအပေါ် ပြန်လည် အကြောင်းပြန်ဖြေကြားပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။