အဖျောက်မြို့သည် စည်းကားသည့် မြို့ဖြစ်ပါကြောင်း၊ မန္တလေးမြို့မှလွဲ၍ မြန်မာပြည်တစ်ပြည်လုံးတွင် ပိဋိကတ်သုံးပုံ ကျောက်စာတိုက်ကြီးရှိပြီး ကျောက်ချပ်ရေပေါင်း ၇၂၀ ကျော်ရှိ အင်မတန် သာသနာထွန်းကားသည့် မြို့ြ့ဖစ်ပါကြောင်း၊ သာသနာရေးထွန်းကားသကဲ့သို့ ပညာရေးတွင်လည်း ထွန်းကားပါကြောင်း၊ အထက်တန်းကျောင်းကြီးနှင့်အပြိုင် ကိုယ်ပိုင်အထက်တန်းကျောင်း ငါးကျောင်း ရှိသည့်အတွက် အနယ်နယ်အရပ်ရပ်ကလာရောက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများစွာ ရှိပါကြောင်း၊ ထိုကဲ့သို့ နေရာဒေသတွင် အဖျောက်မြို့၏ တိုက်နယ်ဆေးရုံသည် (၁၆) ခုတင်ဆံ့သာ ဖြစ်သည့်အတွက် စောင့်ရှောက်ရသည့် လူဦးရေနှင့် တိုက်နယ်ဆေးရုံသည် မမျှမတဖြစ်နေပါကြောင်း၊ ထို့ပြင် အဆိုပါတိုက်နယ်ဆေးရုံကို ၁၉၇၆ ခုနှစ်က ကိုယ်ထူကိုယ်ထ ဆောက်ခဲ့ရခြင်းဖြစ်ပြီး သံဃာ့ဆောင်၊ ယောက်ျားအဆောင်၊ မိန်းမအဆောင်၊ မီးဖွားဆောင်၊ ဓာတ်မှန်ဆောင်၊ ECG စက်များ၊ Ultrasound စက်များဖြင့် လိုလေသေးမရှိအောင် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားပါကြောင်း၊ (၁၆) ခုတင်ဆံ့ ဆေးရုံဆိုသော်လည်း ခုတင်အလုံး (၅၀) ခန့် ထားပြီး ကုသနေရပါကြောင်း၊ ထို့ကြောင့် ဆေးရုံနှင့်လျော်ညီစွာ တိုက်နယ်ဆေးရုံအဖြစ် ခုတင် (၁၆) ဆံ့မှ (၂၅) ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ေပးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ထို့ပြင် ဆေးရုံကြီး၏ ဝန်ထမ်းအိမ်ရာ များသည်လည်း ကိုလိုခေတ်ကတည်းက ဆောက်ခဲ့သည့် အဆောက်အဦများ ဖြစ်သည့်အတွက် ပျက်စီးယိုယွင်းလျက် ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ ကောင်းမွန်စွာနေထိုင်နိုင်ရန် ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အဖျောက်စံပြဆေးရုံကို (၂၅) ခုတင် ဆေးရုံအဖြစ် တိုးမြှင့်ခြင်းရန်နှင့် ပတ်သက်၍ အသေးစိတ် လေ့လာပါကြောင်း၊ ထိုသို့လေ့လာရာတွင် ဆေးရုံ၏ Indicator အရ မှန်ကန်မှုရှိသော်လည်း အဆင့်တိုးမည် ဆိုပါက ၂၀၀ ရာခိုင်နှုန်းတိုးရန် လိုအပ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆေးရုံအသုံးပြုမှု ခုတင်က ၁၉၁ ခုတင်၊ ၂၀၁၆ ခုနှစ်တွင် ၁၉၁ ရာခိုင်နှုန်း၊ ၁၇၆ ရာခိုင်နှုန်း၊ ၁၇၀ ရာခိုင်နှုန်း၊ ၁၉၅ ရာခိုင်နှုန်း၊ ၁၇၀ရာခိုင်နှုန်း၊ ၁၈၀ ရာခိုင်နှုန်းရှိသည့်အတွက် လေး၊ ငါး၊ ခြောက်လခန့် ပြန်လည်၍ အသေးစိတ် Monitor ပြန်လုပ်ပေမည် ဖြစ်ပါကြောင်း၊
တိုက်နယ် ၁၆ ခုတင်ဆံ့ကို ၂၅ ခုတင်ဆံ့အဖြစ် တိုးမြှင့်မည်ဆိုပါက ဆရာဝန်အနေဖြင့် လေးဦးခန့် ထပ်မံခန့်ထားပေးရန်နှင့် ဝန်ထမ်းအနေဖြင့် ၁၆ ခုတင်ဆံ့တွင် ၁၉ ဦး ရှိပြီး ၂၅ ခုတင်ဆံ့ဖြစ်ပါက ၅၅ ဦး ဖြစ်လာမည် ဖြစ်ပါကြောင်း၊
ဆေးရုံကြီး၏ ဝန်ထမ်းအိမ်ရာများအတွက် အဖျောက်တိုက်နယ်ဆေးရုံတွင် နှစ်ခန်းတွဲတစ်ထပ် ဆရာဝန်အိမ်ရာ တစ်လုံး၊ လေးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး၊ သုံးခန်းတွဲတစ်ထပ် ဝန်ထမ်း အိမ်ရာတစ်လုံး တည်ဆောက်ရန် ၂၀၁၉-၂၀ ငွေလုံးငွေရင်း အသုံးစရိတ်စီမံကိန်းတွင် လျာထား ပါကြောင်းနှင့် သုံးစွဲခွင့်ရမည်ဆိုပါက အောက်တိုဘာလခန့်မှ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
