စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းသမဝါယမဦးစီးဌာန၊ တိုင်းသမအသင်းစုတို့ဦးစီး၍ ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သော စပါးရိတ်သိမ်းခြှေလှေ့စက်(DAEDONG-DSM 72-G)ရိတ်သိမ်းခြွေလှေ့စက်ကို လယ်သမားများထံသို့ အရစ်ကျရောင်းချခဲ့ရာ အဆိုပါစက်များသည် အာမခံကာလ နာရီ(၁၀၀၀) မပြည့်မီပင် ပျက်စီးမှုများ များစွာဖြစ်ခဲ့ပါသဖြင့် လယ်သမားများနှင့် နိုင်ငံတော်အကျိုးရှိစေရန် မည်ကဲ့သို့စီမံမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းတဲ့မေးခွန်း
၂၇-၁-၂၀၁၅ ရက်နေ့တွင် ယခင်သမဝါယမဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းသမဝါယမ ဦးစီးဌာန၊ တိုင်းသမအသင်းစုချုပ်တို့ ဦးစီး၍ DAEDONG စပါးရိတ်သိမ်း ခြွေလှေ့စက်များကို အရစ်ကျရောင်းချပေးခဲ့ပါကြောင်း၊ စိတ်ဝင်စားသော တောင်သူများက ဝယ်ယူခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်အစီးပေါင်း ၂၁ စီးရှိခဲ့သည်ဟု သိရပါကြောင်း၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများမှာ ဝယ်ယူသူမှ ပထမစက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ပေးသွင်းရပြီး နောက်တစ်နှစ်မှစ၍ ခြောက်နှစ် (၁၂ ရစ်) ဖြင့် အတိုး/အရင်းပေးသွင်းရမည် ဖြစ်ပါကြောင်း၊ ရောင်းချသူဘက်မှ စက်နာရီ (၁၀၀၀) အတွင်းပျက်စီးပါက ပစ္စည်းလက်ခ အခမဲ့တာဝန်ယူပြင်ဆင် ပေးရမည်ဟု သိရပါကြောင်း၊
၎င်းစက်များကို ၂၀၁၅ ခုနှစ် ဧပြီလ နွေစပါးများကို ကွင်းဆင်းရိတ်သိမ်းသောအခါတွင် ကောက်ပင် မကောက်နိုင်ခြင်း၊ အလွယ်တကူပျက်စီးလွယ်သော စက်များဖြစ်ခြင်းတို့ကို လက်တွေ့သိရှိခဲ့ရပါကြောင်း၊ ပျက်စီးသောအခါတွင်လည်း အရန်ပစ္စည်းများကို အလွယ်တကူ ဌာန သို့မဟုတ် ကုမ္ပဏီသို့ ဝယ်ယူမရရှိနိုင်ဘဲ ကုမ္ပဏီမှနိုင်ငံခြားသို့ မှာယူနေရခြင်းကြောင့် အချိန်များစွာ ကြန့်ကြာရပြီး လုပ်လက်စ၊ ရိတ်သိမ်းလက်စ စပါးခင်းများ၊ စပါးခင်းပိုင်ရှင်လယ်သမားတို့နှင့် မျက်နှာပျက်စရာဖြစ်ကြရပါကြောင်း၊ နောက်ထပ်တစ်ဖန် ပစ္စည်းဈေးနှုန်းများမှာ အလွန်မြင့်မား နေကြောင်းလည်း သိရှိခဲ့ရပါသည်။ ပြင်ဆင်မှုကိစ္စတွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် စက်ဝယ်ယူသူတို့မှာ လူပင်ပန်း၊ စိတ်ပင်ပန်း၊ အချိန်ကုန်၊ ငွေကုန်ခြင်းများနှင့် များစွာအကျိုးမဲ့ ဖြစ်ခဲ့ကြရပါကြောင်း၊ နာရီ (၁၀၀၀) မပြည့်ခင် ရိတ်ဓားလဲရခြင်း၊ ဘဲခြေ (ခေါ်) ချိန်းလဲရခြင်း၊ မိန်းကြိုးလဲရခြင်း၊ Ball များ လဲရခြင်းစသည့် အခက်အခဲမြောက်မြားစွာ အဆင်မပြေမှု၊ ကြန့်ကြာမှုမြောက်မြားစွာနှင့် ကြုံတွေ့ခဲ့ရပြီး စက်၏အကြောင်းစုံကို လက်တွေ့ကျကျ စုံစုံစိစိ သိရှိကြရတော့မည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် စက်အားပြန်လည် အပ်နှံလိုကြောင်း အစီရင်ခံစာတင်သောအခါ တိုင်းသမဦးစီးမှူး ကိုယ်တိုင်က ပြင်ဆင်ပေးပါမည်၊ ကြိုးစားရိတ်သိမ်းကြပါဦး အကယ်၍ အဆင်မပြေလျှင် လူကြီးမင်းတို့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးပါ့မည်ဟု ကတိပြုခဲ့ပါကြောင်း၊ ၁၂-၉-၂၀၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တိုင်းသမ ဦးစီးဌာနရုံးခန်း၌ စက်ဝယ်ယူသူများ၊ ဌာနမှတာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါကြောင်း၊ တိုင်းသမဦးစီးမှ ၎င်းစက်များကို ပြန်လည် သိမ်းယူခြင်း သို့မဟုတ် အခြားအမျိုးအစား စက်ဖြင့်အစားထိုး လဲလှယ်ပေးခြင်း နှစ်ခုအနက်မှ တစ်ခုကို ဆောင်ရွက်ပေးပါမည်ဟု ကတိပြုခဲ့သော်လည်း ယခုအချိန်ထိ မည်သို့မှအကောင်အထည် မပေါ်သေးပါကြောင်း၊ စက်ဝယ်ယူထားသူ လယ်သမားတို့မှာ စပါးရိတ်သိမ်းခြင်း မပြုလုပ်နိုင်ကြပါကြောင်း၊ စက်များနှင့်ငွေမရှာနိုင်တော့၍ အရစ်ကျငွေပေးသွင်းရန်လည်း မဖြစ်နိုင်တော့ပါကြောင်း၊ ထို့ကြောင့် အခက်အခဲများစွာ ဖြစ်နေရပါကြောင်း၊ သမဝါယမဝန်ကြီးဌာနသည် စက်များသွင်းစဉ်က မှန်ကန်စွာသုံးသပ်နိုင်မှု အားနည်းခြင်း၊ နောက်ထပ် ကုမ္ပဏီနှင့်ချိတ်ဆက်နိုင်မှု အားနည်းခြင်း၊ မြေပြင်တွင် အမှန်တကယ် အလုပ်ဖြစ်/မဖြစ် မသိခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။
သို့ဖြစ်ပါ၍ စက်ဝယ်ယူထားသော လယ်သမားများ၏အကျိုး၊ နိုင်ငံတော်၏အကျိုးစီးပွား ထိခိုက်မှုအတွက် ယခုအခါ တာဝန်ယူထားသော ဝန်ကြီးဌာနမှ မည်သို့စီမံဆောင်ရွက်မည်ကို သိရှိလိုပါသဖြင့် မဲဆန္ဒရှင်ပြည်သူတို့၏ ကိုယ်စား မေးမြန်းရခြင်းဖြစ်ပါသည်။
ယခင်အစိုးရကာလတွင် သမဝါယမဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန် စိုက်ပျိုး ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်နိုင်ရေးစသည့် ရည်ရွယ်ချက်များနှင့်အညီ လယ်ယာကဏ္ဍတွင် စက်စွမ်းအားတိုးမြှင့် သုံးစွဲနိုင်ရေးအတွက် မျှော်ကိုးပြီးဆောင်ရွက်ခဲ့သည့် နေရာတွင် ယခုလုပ်ငန်းစဉ်တစ်ရပ်ကလည်း ပါဝင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်အတွက် လိုအပ်သည့် စက်ကိရိယာများ ဖြည့်တင်းပေးနိုင်ရေးကို ရည်ရွယ်ပြီး Daedong Industrial Co.,Ltd ထံမှ အမေရိကန် ဒေါ်လာ ၁၅ သန်းနှင့် Shinhan Bank မှ အမေရိကန်ဒေါ်လာ ၈၅ သန်းကို ချေးယူပြီး Daedong Industrial Co.,Ltd မှ ထုတ်လုပ်သည့် စပါးရိတ်သိမ်းခြွေလှေ့စက်များကို သမဝါယမအသင်းသား တောင်သူများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့မှု ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ရာတွင် လက်တွေ့အသုံးပြုရမည့် စက်ပစ္စည်းကိုသာ လက်ခံရယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၇ စီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များကို ၁၇ စီး စုစုပေါင်း ၄၄ စီးကို အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊
အရစ်ကျစနစ်ဖြင့် ရောင်းချရာ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးခွန်းတွင်ပါရှိသလို စက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို လက်ငင်းပေးသွင်းပြီး ကျန်သည့် ၉၀ ရာခိုင်နှုန်းကို စက်တန်ဖိုးနှင့် စက်အမျိုးအစား ပေါ်မူတည်ပြီး ဆိုင်းငံ့ကာလတစ်နှစ်၊ အရစ်ကျပြန်ဆပ်ကာလ အများဆုံးခုနစ်နှစ်အထိ သတ်မှတ်ပြီး ခြောက်လတစ်ကြိမ် အရစ်ကျပေးချေသောစနစ်ဖြင့် သမဝါယမအသင်းသား တောင်သူများအား ရောင်းချခဲ့ခြင်း ဖြစ်ပါကြောင်း၊ DAEDONG လယ်ယာသုံး စက်ကိရိယာများရောင်းချရာ မြန်မာ့ ရေမြေသဘာဝနှင့် ကိုက်ညီမှုရှိ/မရှိ၊ တောင်သူများကြိုက်နှစ်သက်မှု ရှိ/မရှိကို မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် လက်တွေ့သရုပ်ပြပွဲများကိုလည်း ထိုစဉ်ကာလက ပြုလုပ်ပြသခဲ့ပါကြောင်း၊ ဈေးကွက်အတွင်း နည်းပညာတူ အခြားကုမ္ပဏီများက ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိယာများ ကိုလည်း ၎င်းတို့၏ဆန္ဒအလျောက် စိစစ်ရွေးချယ်ဝယ်ယူနိုင်ခွင့် ရှိနိုင်စေရေးအတွက် ကြိုက်ရောင်း/ ကြိုက်ဝယ်ပုံစံဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပါကြောင်း၊ Daedong ကုမ္ပဏီအနေဖြင့်လည်း စက်ကိရိယာများ မောင်းနှင်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်တတ်စေရန်အတွက် ချောင်းဦးမြို့နယ်တွင် စက်ဝယ်ယူသူများကို ကုမ္ပဏီမှ ပညာရှင်နှစ်ဦးနှင့် စက်ပြင်ဆင်မှု ဆောင်ရွက်ပေးသည့် ရွှေထွက်တိုး ကုမ္ပဏီမှ Service တာဝန်ခံ အင်ဂျင်နီယာတစ်ဦးတို့နှင့် စာတွေ့/လက်တွေ့ သင်တန်းများ ပေးခဲ့ကြောင်း သိရပါသည်။ စက်အမျိုးအစားအလိုက် လိုအပ်မည့် လမ်းညွှန်စနစ်စာအုပ်ကို မြန်မာ ဘာသာဖြင့်ပြုစုပြီး ဖြန့်ဝေအသိပေးခဲ့ခြင်းလည်း ရှိပါကြောင်း သိရှိရပါသည်။
လုပ်ငန်းဆောင်ရွက်စဉ် ချို့ယွင်းပျက်စီးမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ဆိုလျှင် စက်ဝယ်ယူ အသုံးပြုသူ ကုမ္ပဏီနှင့်တိုက်ရိုက်ချိတ်ဆက်ပြီး ပြုပြင်ဆောင်ရွက်နိုင်သလို တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်တို့အနေနှင့်လည်း စက်ဝယ်ယူသူနှင့် စက်ပြင်ဆင်ရန် တာဝန်ရှိသည့် ရွှေထွက်တိုးကုမ္ပဏီအကြား စဉ်ဆက်မပြတ်ညှိနှိုင်း ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ Daedong Co.,Ltd သည် ရွှေထွက်တိုးကုမ္ပဏီနှင့် Service Partner အဖြစ် ဆောင်ရွက်ရန် သဘောတူညီထားခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် များသို့ ရောင်းချထားသော စက်ပစ္စည်းအရေအတွက်များပေါ် ၎င်း၏ဝန်ထမ်းအင်အား လုံလောက်မှု မရှိသည့်အတွက် အချိန်မီပြင်ဆင်ဆောင်ရွက် ပေးနိုင်မှုများမရှိခြင်းကိစ္စ၊ Spare Parts များ အချိန်မီမရသည့်အတွက် ကြန့်ကြာမှုများစသည့် ဖြစ်ပေါ်မှု အားနည်းချက်များ ရှိခဲ့ပါကြောင်း၊
သို့ဖြစ်သည့်အတွက် သမဝါယမအသင်း တောင်သူလယ်သမားများကို အရစ်ကျစနစ်ဖြင့် ရောင်းချ ပေးခဲ့သည့် ရိတ်သိမ်းခြွေလှေ့စက် ၄၄ စီးအနက် သတ်မှတ်ကာလအတွင်း ပျက်စီးမှုရှိသည့် စက်များကို ပြုပြင်ပေးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည့်နည်းတူ စက်ဝယ်ယူသူ တောင်သူများ၏ ဆန္ဒအရ ပြန်လည်အပ်နှံလာသည့် စက်ရှစ်စီးကိုလည်း ပေးဆပ်ရန်ကျန်ရှိသည့် ငွေပမာဏအတွက် စာရင်းရှင်းလင်းပြီး ပြန်လည်အပ်နှံမှုကို သက်ဆိုင်ရာသမဝါယမ အသင်းစုများက လက်ခံဆောင်ရွက် ပေးခဲ့ပါကြောင်း၊ စက်ချို့ယွင်းပျက်စီးမှုကြောင့် ရာသီအချိန်မီ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ သတ်မှတ်ကာလအလိုက် အရစ်ကျပေးရန်ဖြစ်သည့် ပြန်ဆပ်ငွေအတွက် အခက်အခဲဖြစ်ပေါ်လာသော အခြေအနေတွင်လည်း သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုနှင့် တိုင်းဒေသကြီး သမဝါယမ အသင်းစုတို့၏ အစီအစဉ်ဖြင့် ကူညီဖြေရှင်းဆောင်ရွက် ပေးပါကြောင်း၊ ပြင်ဆင်စရိတ် ငွေကြေးအခက်အခဲ ရှိမည်ဆိုလျှင် သက်ဆိုင်ရာမြို့နယ် သမဝါယမအသင်းစုနှင့် တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်တို့မှ အတိုးမဲ့ခေတ္တယာယီ ထုတ်ချေးငွေ ထုတ်ချေးထားပြီး ၎င်းတို့ဝင်ငွေ ရရှိသည့်အချိန်မှသာ ပြန်လည်ပေးဆပ် စေခြင်းများကိုပါ ဆောင်ရွက်ပေးမှုများ ရှိခဲ့ပါကြောင်း၊
တစ်ဖက်တွင်လည်း စက်အသုံးပြုသူများ၏ ကျွမ်းကျင်မှုဆိုင်ရာ အားနည်းချက်ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးမှု လိုအပ်ပါကြောင်း၊ ကာလရှည်ကြာ အသုံးပြုခဲ့ပြီး ပျက်စီးပမာဏများပြား နေသည့်အပေါ် စက်ပြုပြင်ရေးအတွက် သက်ဆိုင်ရာ သမဝါယမအသင်းစုနှင့် စက်ဝယ်သူ အသုံးပြုသူတို့အကြား သမဝါယမဦးစီးဌာနအနေဖြင့် ဆက်စပ်ညှိနှိုင်း ပေးမှုဖြင့် အဆင်ပြေစွာ ဆောင်ရွက်ပေးသွားနိုင်ရေး ရှိမည်ဖြစ်ပါကြောင်း၊ ယခုအခါ စက်ပြင်ဆင်ရန်အတွက် Daedong Co.,Ltd နှင့် Service Partner အဖြစ် ဆောင်ရွက်မည့် ရွှေထွက်တိုးကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်သက်တမ်းသည် ၃၁-၃-၂၀၁၉ ရက်နေ့တွင် ကုန်ဆုံးသွားပြီ ဖြစ်ပါကြောင်း၊ Daedong Co.,Ltd အနေဖြင့် Service partner အဖြစ် IME ကုမ္ပဏီနှင့် ဆက်လက်ချိတ်ဆက်ပြီး အချိန်မီပြုပြင် ပေးနိုင်ရေးကိစ္စ၊ မပျက်စီးခင်ကတည်းက စက်ကြံ့ခိုင်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးမှု၊ လိုအပ်သော Spare Parts များ အသင့်စုဆောင်းမှုနှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် စက်ပစ္စည်းပြင်ဆင်မည့် အဖွဲ့များဖွဲ့စည်းပြီး ဝန်ဆောင်မှုပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက် ထားရှိပါကြောင်း၊ ယခုလို စီမံဆောင်ရွက်သည့်အခါ ရောင်းချသူစက်များ၏ လက်ရှိသုံးစွဲထားမှု သက်တမ်းအရ တောင်သူများမှ ပြန်လည်အပ်နှံမှု ဆောင်ရွက်မည်ဆိုလျှင် ယခုလို အခြေအနေမျိုး ပေါ်ပေါက်ခဲ့မည်ဆိုလျှင် လက်ရှိအခြေအနေမှာ စက်ဝယ်ယူသူ တောင်သူဘက်က ပြန်လည်ပေးဆပ်ရန် ကျန်ရှိမှုများကို ချုပ်ဆိုထားသော စာချုပ်အပေါ် စိစစ်ချက်အရ လုပ်ထုံးလုပ်နည်း နှင့်အညီ စာရင်းညှိပြီး သမဝါယမအသင်းစုမှ ပြန်လည်သုံးသပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။
