(စ)-ပန်းတောင်းမြို့နယ်အနီးတဝိုက် ဧရာဝတီမြစ်ကြောင်းအတွက် ရေကြောင်းရဲတပ်ဖွဲ့အား ပန်းတောင်း မြို့နယ်အခြေစိုက်အဖြစ် ဖွဲ့စည်းထားရှိရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၈. ၅. ၂၀၁၉)

 

ပန်းတောင်းမြို့နယ်သည် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ်တွင် ဧရာဝတီမြစ် အနောက်ဘက်ကမ်း၌ သီးခြားတည်ရှိသော မြို့နယ်ဖြစ်ပြီး မြစ်ကြောင်းအရ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့နှင့် ဆက်စပ်နေပါကြောင်း၊ ဧရိယာအကျယ်အဝန်း ၉၆၈ စတုရန်းမိုင်ရှိပြီး ပြည်ခရိုင်တွင် အကျယ်ဆုံးမြို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပန်းတောင်းမြို့နယ်တွင်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ မြစ်ကြောင်းကို မစောင့်ရှောက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ဖော်ပြပါအတိုင်း ပန်းတောင်းမြို့နယ်သည် ခရိုင်စုတွင် မြစ်သဲ၊ မြစ်ကျောက်လုပ်ကွက် အများဆုံးရှိပြီး နိုင်ငံတော်အတွက် ဓာတ်သတ္တုအခွန် အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင်လည်း အများဆုံး ရရှိနေသော မြို့နယ်ထဲတွင် ပါဝင်ပါကြောင်း၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ကြောင်းမှ လုပ်ငန်းများအပေါ် ပြဿနာများ ဖြစ်ပါကြောင်း၊ တိုင်ကြားထားသော ပြဿနာများစွာရှိရာ အမျိုးအစား ခွဲလိုက်လျှင် သုံးမျိုးရှိပါကြောင်း၊ နံပါတ်(၁) မြစ်သဲ၊ မြစ်ကျောက် လုပ်ငန်းရှင် အချင်းချင်းကြားတွင် သတ်မှတ်နယ်မြေ ကျော်လွန်ပြီးထုတ်ခြင်း၊ တရားဝင်လိုင်စင် မယူဘဲ ခိုးထုတ်သူများက လိုင်စင်ယူထားသည့် နယ်မြေများတွင် ထုတ်ခြင်းဖြစ်ပါကြောင်း၊ နံပါတ် (၂) မြစ်သဲ၊ မြစ်ကျောက် လုပ်ငန်းရှင်နှင့် ငါးလုပ်ငန်းလုပ်ကိုင် သူများကြားတွင်ဖြစ်ပြီး လုပ်ကွက်ပြဿနာ များကြောင့် ဖော်ပြပါအတိုင်း ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့ပါကြောင်း၊ နံပါတ် (၃) မြစ်သဲ၊ မြစ်ကျောက် လုပ်ငန်းရှင်နှင့် ဒေသခံများကြားတွင်ဖြစ်ပြီး ဒေသခံများက လုပ်ငန်းကြောင့် ကမ်းပြို/ကမ်းစား ဖြစ်သည်ဟု တိုင်ကြားကြသဖြင့် လုပ်ငန်းရှင်ကလည်း ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြ၍ ငွေမတရား တောင်းခံသဖြင့် လုပ်ခွင့်မရမည် စိုးရိမ်ပြီး တောင်းသည့်ငွေကို ပေးရသည်ဟု တိုင်ပါကြောင်း၊ ဒေသခံနှင့် မပြေလည်၍ ခိုက်ရန်ဖြစ်ပွားခြင်းကြောင့် အမှုများဖြစ်ကြခြင်း၊ တချို့လုပ်ငန်းရှင်တွင် လိုင်စင်ကြေးများ ပေးပြီးသော်လည်း လုပ်ကိုင်၍မရအောင် ပြဿနာရှာခံသည်ဟုလည်း တိုင်ပါကြောင်း၊ ဒေသနှင့်အပေးအယူ အဆင်ပြေပြန်လျှင်လည်း လုပ်ငန်းရှင်များက သတ်မှတ်ချက်ထက် ပိုထုတ်ခြင်းကြောင့် ကမ်းပြိုကမ်းစားဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်ရန် ပြဿနာဖြစ်လာပါကြောင်း၊

ထို့ကြောင့် တိုင်ကြားမှုများအား တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးသည့်အခါ လွှတ်တော် နားရက်များတွင် အဆိုပါလုပ်ကွက်များကို သွားရောက်ကြည့်ရှုသည့်အခါ မြစ်ကြောင်းမှ သတ်မှတ်ချက်များသည် ပန်းတောင်းမှ လုပ်ကွက်အချို့ ပြည်နှင့်ရွှေတောင်ဘက် အခြမ်းတွင်ရှိပြီး ပန်းတောင်းမှ ပြည်၊ ပြည်မှမြစ်ကြောင်းအတွင်းသို့ သွားရသည့်အခါ ၂ နာရီ၊ ၃ နာရီခန့် ကြာမြင့်ပါကြောင်း၊ ထို့ကြောင့် အချင်းချင်းဖုန်းဆက်ပြီး ရှောင်ရှားနိုင်ခြင်းကြောင့် စစ်ဆေးသူများ အနေဖြင့် ပြဿနာများကို လက်ပူးလက်ကြပ်မမိဘဲ စိန်ပြေးတမ်း ကစားနေကြသကဲ့သို့ ဧရာဝတီမြစ် ကြောင်းအတွင်း၌ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လျက်ရှိပြီး လုံခြုံမှုလိုအပ်နေပါကြောင်း၊

ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်း မြစ်သဲ၊ မြစ်ကျောက်လုပ်ငန်း၊ ငါးလုပ်ငန်းတို့သည် နိုင်ငံတော်အတွက် အခွန်ရရှိခြင်း၊ တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော မြစ်သဲ၊ မြစ်ကျောက်များ၊ စားသောက်ကုန်များ ရရှိနေခြင်း၊ အဆိုပါ လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပြုနေသော မိသားစုများကလည်း အများကြီးရှိနေခြင်းတို့ကြောင့် အထက်ဖော်ပြပါ ပြဿနာများကို ဖြေရှင်းပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ မှန်မှန်ကန်ကန် လုပ်ကိုင်နေသော လုပ်ငန်းရှင်များကို ကာကွယ်ပေးနိုင်ရန်နှင့် ဥပဒေမဲ့လုပ်ရပ်များကို တားဆီးနိုင်ရေးအပြင် ဒေသနှင့် နိုင်ငံတော်အတွက်ပါ အကျိုးရှိသဖြင့် မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ဖွဲ့စည်းပုံတွင်လည်း ရေကြောင်းရဲတပ်ဖွဲ့ ပါဝင်နေခြင်းကြောင့် လုံခြုံရေးလိုအပ်ချက်အရ အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့အား ၂၈-၆-၂၀၁၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၄/၂၀၁၂) ဖြင့် အသစ်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ၃၀-၁-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈) ဖြင့် ရေကြောင်းရဲတပ်ဖွဲ့ကို တပ်ဖွဲ့မှူးရုံးတစ်ရုံး၊ ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲ ၃ ခွဲ၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ၆ ခွဲ၊ ရေယာဉ်ပြင်ဆင်ရေးဌာနခွဲ၊ ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးနှင့် ဆက်ဆံရေးဌာနခွဲ၊ ရေကြောင်း ရဲတပ်ဖွဲ့စု ၁၈ စုတို့ဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ ရေကြောင်း ရဲတပ်ဖွဲ့ဖွဲ့စည်းပုံမှာ အရာရှိ ၁၂၈၀ ဦး၊ အခြားအဆင့် ၃၅၄၅ ဦး စုစုပေါင်း ၄၈၂၅ တို့ဖြင့် ဖွဲ့စည်းထားရှိပြီး လက်ရှိတွင် အရာရှိ ၂၀၄ ဦး၊ အခြားအဆင့် ၄၇၃ ဦး စုစုပေါင်း ၆၇၇ ဦးဖြင့် တာဝန်ထမ်းဆောင် လျက်ရှိသည့်အတွက် ရေကြောင်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ၁၄.၀၃ ရာခိုင်နှုန်း တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ရေကြောင်းရဲတပ်ဖွဲ့ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုရေယာဉ် ဖွဲ့စည်းပုံအရ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်ငါးစီး၊ ကမ်းရိုးတန်းသွား ကင်းလှည့်ရေယာဉ် ၃၃ စီး၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၁၈ စီး၊ အမြန်ကင်းလှည့် ရေယာဉ် ၇၂ စီး စုစုပေါင်း ၁၂၈ စီးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖွဲ့စည်းသတ်မှတ် ထားရှိသော်လည်း လက်ရှိတွင် ကမ်းရိုးတန်း သွားရေယာဉ်လေးစီး၊ မြစ်တွင်းသွင်းကင်းလှည့် ရေယာဉ် ၁၀ စီး၊ အမြန်သွား ကင်းလှည့်ရေယာဉ် ၁၇ စီး စုစုပေါင်း ၃၁ စီးဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြောင်း ရဲတပ်ဖွဲ့မှူးရုံးကို နေပြည်တော်တွင် ထားရှိပြီး အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲကိုမဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များအတွင်း လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေကြောင်းတပ်ဖွဲ့ခွဲသုံးခွဲ (ဝမ်ပုံ၊ မန္တလေး၊ မုံရွာ) တို့နှင့် တပ်ဖွဲ့ခွဲတစ်ခု အောက်တွင် တပ်ဖွဲ့စုသုံးစုစီဖြင့် စုစုပေါင်းတပ်ဖွဲ့စုကိုးစု (ဆွမ်ပလွေ၊ ကျိုင်းလပ်၊ ဝမ်ပုံ၊ ကသာ၊ မန္တလေး၊ ညောင်ဦး၊ မုံရွာ၊ ကလေးဝ၊ ဟုမ္မလင်း) တို့ဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ အမှတ် (၂) ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲကို မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ဖွဲ့စည်းထားရှိပြီး ၎င်းအောက်တွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခွဲ (ကျောက်ဖြူ၊ ရန်ကုန်၊ ထားဝယ်) နှင့် တပ်ဖွဲ့ခွဲ တစ်ခုအောက်တွင် တပ်ဖွဲ့စု သုံးစု စုစုပေါင်းတပ်ဖွဲ့စု ကိုးစု (စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ရန်ကုန်၊ ပုသိမ်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း) တို့ဖြင့်လည်းကောင်း၊ အမှတ် (၃) ရေကြောင်း ရဲတပ်ဖွဲ့ခွဲကို ရေယာဉ်ပြင်ဆင်ရေး လုပ်ငန်းများနှင့် ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားရှိခဲ့ပါကြောင်း၊ ဧရာဝတီမြစ်ကြောင်းတွင် လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) ကို ရေကြောင်းရဲတပ်ဖွဲ့စု သုံးစု (ကသာ၊ မန္တလေး၊ ညောင်ဦး) တို့ဖြင့် ဖွဲ့စည်းထားရှိသော်လည်း တပ်ဖွဲ့စုများဖြစ်သည့် ကသာ၊ မန္တလေး၊ ညောင်ဦးတို့ကို ဖွဲ့စည်းပုံအရ ပြည့်မီခြင်းမရှိသည့်အတွက် ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ရေကြောင်း ရဲတပ်ဖွဲ့ခွဲ (မန္တလေး) ကို အရာရှိ ၃၇ ဦး၊ အခြားအဆင့် ၅၀ ဦး စုစုပေါင်း ၈၇ ဦးဖြင့်သာ ဖွဲ့စည်းထား ရှိနိုင်ခဲ့ပါကြောင်း၊

မြစ်ချောင်းများအတွင်း သယံဇာတများထုတ်လုပ်ခြင်း လုပ်ငန်းများကို ကြပ်မတ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဓိကတာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့အနေဖြင့် ဖြစ်ပွားသည့် မှုခင်းများကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူခြင်း၊ မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုသာ အဓိကထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း မြောက်မှတောင်သို့ အလျားလိုက် ရေမိုင် ၃၀ မိုင်ခန့် ဖြတ်သန်းစီးဆင်း လျက်ရှိပါကြောင်း၊ အဆိုပါ ရေမိုင် ၃၀ မိုင်ကို ပန်းတောင်းမြို့မရဲစခန်း၊ ထုံးဘိုနယ်မြေရဲစခန်းနှင့် နဝဒေးရဲကင်းစခန်းတို့ တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာစခန်းအလိုက် အပိုင်ခွဲ၍ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဧပြီလအထိ ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်အတွင်း  ဖြစ်ပွားခဲ့သည့် မှုခင်းများအနေဖြင့် ရာဇသတ်ကြီးဥပဒေဖြင့် အရေးယူမှု ၁၁ မှု၊ သေမှုသေခင်း (ရေနစ်သေဆုံးမှု) ၁၁ မှု၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ဥပဒေဖြင့် အရေးယူမှုတစ်မှုတို့အပြင် ရေချိုငါးလုပ်ငန်း ဥပဒေအဖြစ် အရေးယူသည့် အမှုတစ်မှု၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူမှု ၁၂ မှု စုစုပေါင်း ၃၆ မှုကို သက်ဆိုင်ရာ စခန်းအသီးသီးမှ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ပါ၍ ပန်းတောင်းမြို့နယ်၊ ဧရာဝတီမြစ်ကြောင်း တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မြစ်ချောင်းများအတွင်း စီးပွားရေးအလို့ငှာ သယံဇာတထုတ်လုပ်ခြင်း လုပ်ကိုင်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ထိန်းကျောင်းခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ရေကြောင်းရဲတပ်ဖွဲ့ အနေဖြင့် ဖွဲ့စည်းပုံပါ အင်အားအတိုင်း ပြည့်မီခြင်းမရှိသေးပါသဖြင့် ရေကြောင်းရဲတပ်ဖွဲ့အား ပန်းတောင်းမြို့နယ် အခြေစိုက်တွင် လတ်တလော ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဒေါ်ခင်နှင်းသစ် (ပန်းတောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး၏ဖြေကြားချက်ထဲတွင် ဆောင်ရွက်ချက်များကို တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ယခု ပန်းတောင်း မြို့နယ်တွင် ရှိနေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း မြစ်ကြောင်းတွင် ဆောင်ရွက်နေသည် ဟုလည်း ဖြေကြားချက်ထဲတွင် ပါဝင်ပါကြောင်း၊ သို့သော် ဆောင်ရွက်နေသည်ဟု ပြောသော်လည်း မြေပြင်တွင် ပြဿနာများက မိမိလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီးကတည်းက တိုင်စာများက ယနေ့အချိန်အထိ တိုင်ကြားမှုများ ရှိနေဆဲရှိပါကြောင်း၊ ထို့ကြောင့် မိမိမေးချင်သည့် ထပ်ဆင့်မေးခွန်းက ပန်းတောင်း မြို့နယ်တွင် လိုအပ်ချက်အရ ဖြစ်နေသည့် ယခုလက်ရှိ ဖြစ်ပေါ်နေသော မြစ်ကြောင်းထဲတွင် ဖြစ်နေသည့် ပြဿနာများအပေါ် လုံခြုံရေးအပိုင်းကို မည်ကဲ့သို့ ထပ်မံဖြည့်ဆည်း ဆောင်ရွက် ပေးမည်ဆိုသည့် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

မိမိတို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဧရာဝတီမြစ်၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်းဖြစ်သည့် ရေကြောင်းမှုခင်းများနှင့် ပတ်သက်ပြီးမှ ပန်းတောင်းမြို့မရဲစခန်း၊ ထုံးဘိုနယ်မြေရဲစခန်းနှင့် နဝဒေး ရဲကင်းစခန်း တပ်ဖွဲ့ဝင်များကနေပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ဆီကို တပ်ဖွဲ့ဝင်ကနေပြီးမှ ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ပေးခြင်း၊ ဖြေရှင်းပေးခြင်း မရှိဘူးဆိုလျှင် မိမိတို့ဆီကို အရေးယူပေးရန်အတွက်ကို တိုင်ကြားပေးပို့နိုင်ကြောင်း တင်ပြရှင်းလင်း ဖြေကြားပါသည်။