တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ အလုပ်သမားဆေးရုံကြီးတွင် ဝန်ထမ်းအိမ်ရာ နှစ်ထပ်သစ်သား ဆောင်များ ကာလရှည်လျားစွာ ကြာမြင့်သည့်အတွက် ပျက်စီးပြီး ဘေးတွင်သွပ်ပြားများဖြင့် ဖြစ်သလို ကာရံထားပြီး ဆွေးမြည့်နေပါကြောင်း၊ ၎င်းဝန်ထမ်းအိမ်ရာများ၏ အရှေ့ဘက်တွင် အခြေများပြတ်ပြီး လူနေထိုင်၍ု မရတော့သည့် အခန်းများရှိပါကြောင်း၊ အထွေထွေလုပ်သား ခြောက်ခန်းတွဲအိမ်ရာ အခြေအနေမှာ အမိုးများကအစ ကိုယ်ထူကိုယ်ထ တာလပတ်များဖြင့် မိုးပြီးနေရပါကြောင်း၊ အဆိုပါ ခြောက်ခန်းတွဲများ၏ အတွင်းခန်းများတွင် ကြယ်မြင်၊ လမြင်၊ ရေဝင်၊ လေဝင်အခြေအနေများကို တွေ့ရပါကြောင်း၊ သူနာပြုများနေထိုင်ရာ အဆောင်မျက်နှာစာ၏ Sunshade အမိုးသည် ဆွေးမြည့် နေသည့်အတွက် သစ်သားဖြင့်ထောက်ခံ ထားရပြီး Sunshade အမိုးအန္တရာယ်ရှိ၍ အဝင်/အထွက်များ သတိပြုပါဆိုသည့် စာပါကပ်ထားရပြီး ၎င်းအဆောက်အဦ၏ အနောက်ဘက်တွင် လူထွက်ပေါက် ရှိသော်လည်း ဟောင်းနွမ်းပျက်စီးနေသော မိလ္လာပိုက်များ မိလ္လာရေလျှံပြီး အနံ့အသက်များဖြင့် ဝန်ထမ်းများ ဆိုးရွားစွာနေထိုင်နေရပါကြောင်း၊
ထို့ကြောင့် လူမှုဖူလုံရေးရန်ပုံငွေများနှင့် နိုင်ငံတော်မှထုတ်ပေးသည့် ရန်ပုံငွေများ နှစ်ခုပေါင်းပြီး ဝန်ထမ်းများနှင့် အလုပ်သမားများအတွက် ဆောင်ရွက်ပေးနေသော Human Resources အလွန်အရေးကြီးသော လူသားအရင်းအမြစ်များကို ကာကွယ်စောင့်ရှောက် ပေးနေသည်ကိုလည်း သိရှိပါကြောင်း၊ သို့သော် လိုအပ်နေသော ဝန်ထမ်းများ၏ အဆောက်အဦများကလည်း ပိုမိုအရေးကြီး ပါကြောင်း၊ ၎င်းတို့စိတ်ချမ်းမြေ့စွာဖြင့် Duty များထမ်းဆောင်နိုင်မှ မိမိတို့အလုပ်သမားများကို ရွှင်ရွှင်ပျပျနှင့် ကာကွယ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါအိမ်ရာများကို မည်သို့ ဆောင်ရွက်ပေးပြီး ဆောက်လုပ်ပေးမည်ကို သိလိုပါကြောင်း၊ တာမွေမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီးသည် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း ပြင်ပလူနာများ နေ့စဉ် ၂၀၀ ကျော်ပြသကြပြီး ကိုယ်ဝန်ဆောင်မိခင်များ ၁၀၀ ကျော်ပြသနေသည့် ဆေးရုံကြီးလည်း ဖြစ်ပါကြောင်း၊ ဆေးရုံတက်သည့် လူနာများနေ့စဉ် ၈၀ နီးပါးရှိပြီး ၎င်းဆေးရုံကြီး၏ ခွဲစိတ်ခန်းများ၊ ခေါင်မိုးများလည်း အမိုးများယိုစိမ့် နေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် အမြန်ဆုံးပြုပြင် ဆောင်ရွက်နိုင်ရန်နှင့် ပြင်ပ လူနာများအတွက် Toilet များ အရေးတကြီး လိုအပ်နေပါကြောင်း၊ ထို့ကြောင့် အသစ်ပြန်လည် ဆောက်လုပ်ခြင်းနှင့် ဝန်ထမ်းအိမ်ရာများအပြင် ပြင်ပလူနာနားနေဆောင်များ၊ ပြင်ပလူနာများ၏ ကျန်းမာရေးအရ Toilet များကိုပါ ဆောက်လုပ်ပေးရန် လိုအပ်နေသည့် အခြေအနေအပေါ် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ဖြေရှင်းကူညီ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
တာမွေ-နတ်မောက်လမ်းရှိ အလုပ်သမားဆေးရုံကြီး၏ ပျက်စီးနေမှုများကို မိမိတို့သိရှိထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီများဖြင့် စစ်ဆေးပြီးပြုပြင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာမခံအလုပ်သမားများ အမိုးလုံခြုံမှုရှိစေရန်အတွက် ပျက်စီးနေသော ဆေးကုသဆောင် အမိုးအချို့ကို ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ပေးခဲ့ပါကြောင်း၊ ယခုဆေးကုဆောင်၏ ပျက်စီးနေသော ခေါင်မိုးကိုလည်း ယခုဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြုပြင်နိုင်ရန်အတွက် တင်ဒါခေါ်ယူ ကုမ္ပဏီရွေးချယ်နေပါကြောင်း၊ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ OPD လူနာများအတွက် လူနာနားနေဆောင် (၂၅ ပေ x ပေ ၅၀) ကိုလည်း တိုးချဲ့ဆောက်လုပ် ထားပြီးဖြစ်ပါကြောင်း၊ OPD သို့ လာရောက်ပြသသည့် လူနာများအတွက်လည်း ယာယီခြောက်ခန်းတွဲ သန့်စင်ခန်းများ ဆောက်လုပ်ရန် စီစဉ်နေပြီဖြစ်ပါကြောင်း၊ အမြန်ဆုံး ဆောက်လုပ်ပေးသွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ဝန်ထမ်းလိုင်းခန်း များကိုလည်းလာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြိုဖျက်ပြီး RC ခြောက်ခန်းတွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး တည်ဆောက် ပေးရန် ၂၀၁၉-၂၀ ဘတ်ဂျက်တွင် လျာထားတောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ၎င်းဘတ်ဂျက်ကို မဖြတ်တောက်ဘဲ ခွင့်ပြုပေးရန် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပန်ကြားလိုပါကြောင်း၊ ဘတ်ဂျက်ခွင့်ပြုပေးပါက RC ခြောက်ခန်း တွဲ (၅) ထပ် ဝန်ထမ်းအိမ်ရာကို ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
