အောင်လံ-တောင်တွင်းကြီး-မကွေးလမ်းမကြီးရှိ တံတားအမှတ် (၂၆၂/၂) တံတားကြီးသည် တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကျယ်ကျေးရွာအနီး တောင်အူချောင်းကို ဖြတ်ဆောက်ထားသော တံတားကြီးဖြစ်ပါကြောင်း၊ ၎င်းတံတားကြီးသည် အောက်ခြေကွန်ကရစ်တိုင်နှင့် အပေါ်ပိုင်း သံဘောင် ကြီးနှစ်ခု ချိတ်ဆက်ထားသည့် တံတားကြီးဖြစ်ပါကြောင်း၊ တံတားကြီးတည်ရှိသော လမ်းမကြီးသည် ပြည်-အောင်လံ-တောင်တွင်းကြီး-မကွေးမြို့များသို့သွားလာနိုင်သော ပြည်ထောင်စုလမ်းမကြီးဖြစ် သည့်အပြင် ပြည်-အောင်လံ-တောင်တွင်းကြီး-မြို့သစ်-နတ်မောက်၊ ပြည်-နေပြည်တော် ဆက်သွယ်သွားလာနေသော ကားကြီးများ ဖြတ်သန်းသွားလာနေသည့် လမ်းဖြစ်ပါကြောင်း၊ တစ်နေ့လျှင် ယာဉ်အစီးပေါင်း ၁၀၀ ကျော်ဖြတ်သန်းနေသော တံတားကြီး ဖြစ်ပါကြောင်း၊ တံတားကြီး၏အရှည်သည် ၁၈၅ ပေ၊ အနံ ၁၃ ပေခန့်သာ ကျယ်ဝန်းသည့်အတွက် တံတားကြီးပေါ်တွင် ယာဉ်နှစ်စီးတစ်ပြိုင်တည်း ဖြတ်သန်းမောင်းနှင် နိုင်ခြင်းမရှိပါကြောင်း၊ တံတားကြီး၏သက်တမ်းသည် ယခုအခါ ၉၈ နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ တံတားကြီး၏ သံဘောင်ကြီး ပေါ်တွင် အသားတံဆိပ်ဖြင့်မပျက်စီးအောင် ရေးထိုးထားသော တံတားသမိုင်း စာတမ်းအရ Burma P.W.D, Contract No.2 (2125) Maker John Butler and Company Limited Stunning ley, Leeds 1921 ဟု ရေးသားထားပါကြောင်း၊
ထို့ကြောင့် အဆိုပါတံတားကြီးသည် နှစ်ပေါင်း ၁၀၀ ပြည့်ရန် နှစ်နှစ်သာလိုတော့ပါကြောင်း၊ ဗြိတိသျှခေတ်လက်ရာတံတား ဖြစ်သည့်အတွက် ရှေးဟောင်းပစ္စည်းဟု ခေါ်နိုင်ပါကြောင်း၊ ၎င်းတံတားကြီး ပေါ်ကဖြတ်သန်း သွားလာနေသော ကားများသည် ယခင်အတိတ်ကကဲ့သို့ ယာဉ် ၃ တန်၊ ကုန် ၃ တန် ပေါင်း ၆ တန် ကားများမဟုတ်ပါကြောင်း၊ ၁၆ ဘီး တွဲကားကြီးများ၊ ၂၀ ဘီးကားကြီးများ၊ တန်ချိန် ၅၀ ခန့် တင်ထားသည့် ကားကြီးများသည် တံတားကြီးပေါ်က ဖြတ်သန်းသွားလာ နေရသည်မှာ ပုံပမာနှိုင်းပြီးပြောရပါက အဖိုးကြီးတစ်ယောက် ကုန်ထမ်းနေ သကဲ့သို့ ဖြစ်နေပါကြောင်း၊
အဆိုပါတံတားကြီး၏ အဝင်တွင်ကွဲအက်နေသော အက်ကြောင်းကြီးကို ထင်ရှားစွာမြင် နိုင်ပါကြောင်း၊ တံတားကြီး၏ လက်ရန်းတိုင်များ ပျက်စီးနေပါကြောင်း၊
ထို့ကြောင့် ၎င်းတံတားကြီးသည် ဗြိတိသျှခေတ်ကဆောက်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ဒဏ်ကိုလည်း ခံခဲ့ရပါကြောင်း၊ မိုးဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်များကိုလည်း ခံခဲ့ရပါကြောင်း၊ ခေတ်အဆက်ဆက် မော်တော်ယာဉ်ပေါင်း၊ ကားပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ယခုအခါ တန်ချိန်များစွာ တင်ဆောင်နိုင်သည့် ကားများဖြတ်သန်းသည့်အခါ အန္တရာယ်ရှိလာပြီ ဖြစ်သည့်အတွက် အဆိုပါတံတားကြီးနေရာတွင် သံကူကွန်ကရစ်တံတား အသစ်တစ်စင်း တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်-အောင်လံ-တောင်တွင်းကြီးလမ်း မိုင်တိုင်အမှတ် (၂၆၁/၅) မှ (၂၆၁/၆) ကြားရှိ တံတားအမှတ် (၂/၂၆၂) ပရပ်ကျယ်တံတားသည် ပြည်ထောင်စုအစိုးရအဖွဲ့က စီမံခန့်ခွဲသော လမ်းပေါ်တွင် တည်ရှိသည့်တံတား ဖြစ်ပါကြောင်း၊
ဂျာမန်သံဘောင်ဖြင့် တည်ဆောက်ထားသော တံတားဖြစ်ပြီး အရှည် ၁၇၆ ပေ၊ အကျယ် ၁၃ ပေ ဖြစ်ပါကြောင်း၊ အကျယ် ၁၃ ပေ ဖြစ်သည့်အတွက် နှစ်လမ်းသွားသွား၍မရဘဲ ယာဉ်တစ်စီးချင်း သွားနေရပါကြောင်း၊ နှစ်လမ်းသွားသံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ရန်အတွက် လိုအပ် နေပါကြောင်း၊ သံဘောင်တံတား ဖြစ်သည့်အတွက် ၎င်းတံတားကြီးရှိ အက်ကြောင်းကြီးသည် နေ့ခင်း ဘက်ပူပါက တံတားကဆန့်ထွက် သွားပါကြောင်း၊ ညဘက်တွင် ပြန်ကျုံ့သည့်အတွက် Gap ကြီးများ ချန်ထားရပါကြောင်း၊ Expansion Joint များနေရာတွင် အက်ကြောင်းများ ဖြစ်ပေါ်ခြင်း ဖြစ်ပါကြောင်း၊ အလားတူ လက်ရန်းများကလည်း Expansion အတွက် ချန်ထားရပါကြောင်း၊ ၎င်းတံတားကြီးကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေတွင် နှစ်လမ်းသွားသံကူ ကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရန်အတွက် လျာထားတင်ပြ တောင်းခံထားပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
