မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသောနိုင်ငံဖြစ်သော်လည်း ဒေသတွင်းနိုင်ငံများကြားတွင် လယ်ယာစိုက်ပျိုးရေးကိရိယာသုံးစွဲမှု နည်းပညာနှင့်ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုများကြောင့် လယ်ယာကဏ္ဍ တွင် အားအနည်းဆုံးနိုင်ငံဖြစ်သည့်အပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသုံးစွဲမှု နည်းစနစ်မမှန်ကန် သည့်အတွက် သီးနှံအရည်အသွေးကျဆင်းမှုသည် တောင်သူလယ်သမားများအတွက်သာမက နိုင်ငံ့ အတွက် ပို့ကုန်တန်ဖိုးကျဆင်းရသည့်အတွက် နိုင်ငံ၏စီးပွားရေးကိုလည်း ထိခိုက်နစ်နာစေပါကြောင်း၊ ပြည်ပကို သီးနှံပို့ကုန်များ အရည်အသွေးနိုင်ငံတကာတွင် ပြန်လည်ဦးမော့လာနိုင်မည့် မေးခွန်းလည်း ဖြစ်ပါကြောင်း၊ အရေးကြီးဆုံးအချက်က မြေဆီထိန်းသိမ်းမှုနည်းစနစ်မရှိသည့်အတွက် နောင်အနာဂတ် မြန်မာနိုင်ငံအတွက်၊ နောင်လာနောက်သားများအတွက် မြေဆီသြဇာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ၎င်းအချင်းအရာများကာကွယ်စေနိုင်ရန် စိုက်ပျိုးနည်းပညာဖြန့်ဝေနိုင်မည့် လူသားအရင်းအမြစ်နှင့် အဆိုပါပညာများကို သင်ပေးနိုင်မည့်သင်တန်းကျောင်းများ များစွာလိုအပ်နေပါကြောင်း၊
လက်ရှိမိမိတို့နိုင်ငံတွင် ပညာရေးမပြီးဆုံးခင် စားဝတ်နေရေးကြောင့် လုပ်ငန်းခွင်ဝင်ရသော လူငယ်များ ရှိသကဲ့သို့ ပညာရေးပြီးဆုံးသော်လည်း လုပ်သားအင်အားရှားပါးမှုကြောင့် အိမ်နီးချင်းနိုင်ငံများကို တရား ဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်အလုပ်လုပ်ကိုင်နေရသည့်အတွက် လုပ်သားအင်အား ဆုံးရှုံး မှုများ ဖြစ်နေပါကြောင်း၊ ဆုံးရှုံးနေရသည့်လုပ်သားအင်အားကို လူသားအရင်းအမြစ်အဖြစ်ဖြစ်စေရန် ကျွမ်းကျင်မှု၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဖြည့်ဆည်းပေးရန်လိုအပ်နေပါကြောင်း၊ ယခုအချိန်တွင် လက်တွေ့အသုံးချ စက်မှုသင်တန်းကျောင်း (အောင်ဆန်း) ကိုလည်း စင်ကာပူနိုင်ငံနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ ပါကြောင်း၊ ယခုမိမိမေးခွန်းတွင်ပါသော စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းသည် ဂျပန်နိုင်ငံ တွင်ရှိသော အစိုးရမဟုတ်သည့် OISCA International အဖွဲ့အစည်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၁၉၉၆ ခုနှစ်ကတည်းက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျေးလက်နေလူငယ်များအတွက် ကောင်းမွန်သည့်ရည်ရွယ်ချက် (၄) ရပ်ဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလကို တစ်နှစ်သတ်မှတ်ခဲ့ပါကြောင်း၊ သင်တန်းသားများကို အရည်အချင်း ကန့်သတ်သည့်နေရာတွင် ပထမအချက်အနေဖြင့် ဒေသတွင်းတောင်သူလယ်သမားများ၏ သားသမီးများ ဖြစ်ရမည်ဖြစ်ပြီး လက်ရှိလယ်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ရမည်ဆိုသည့်အချက်သည် အထက်တွင် တင်ပြခဲ့သကဲ့သို့ လယ်ယာကဏ္ဍအတွက်လိုအပ်နေသည့် နည်းပညာနှင့်ကျွမ်းကျင်မှုရရှိနိုင်သောနည်းလမ်း ကောင်း ဖြစ်ပါကြောင်း၊ တစ်နှစ်လျှင် သင်တန်းသား ၂၀ ဦး ကိုလက်ခံပြီး စာတွေ့ထက် လက်တွေ့ကို ဦးစားပေးသည့်အတွက် ထိရောက်သောသင်ကြားမှုနည်းစနစ်လည်း ဖြစ်ပါကြောင်း၊ သင်တန်းကျောင်း စတင်တည်ထောင်ခဲ့သည့် နှစ် ၂၀ အတွင်း သင်တန်းသူသင်တန်းသား ၃၇၇ ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ထူးချွန်ကျောင်းသား ၁၀၆ ဦး ကို ဂျပန်နိုင်ငံ OISCA သင်တန်းကျောင်းသို့ ပညာတော် သင်စေလွှတ်ခဲ့ပြီး ပညာတော်သင်ပြန်လာသည့်သူများကို သင်တန်းကျောင်းတွင် အလုပ်ပြန်ခန့်၊ အခြား စိုက်ပျိုးရေးကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများလည်း ရှိနေပါကြောင်း၊ ငွေအရင်းအနှီး လိုအပ်သည့် သူများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးမွေးမြူရေးအတွက် ၁.၅ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ရေစကြိုမြို့နယ် ကျေးရွာ ၃၀ တွင် ထုတ်ချေးခဲ့ပါကြောင်း၊ ဂျပန်နည်းပညာဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အောင်မြင်သည် ဟုလည်း သတင်းစာတွင်ဖတ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေလူငယ်များ နည်းပညာနှင့် ဘဝ အာမခံချက်ရှိသော OISCA သင်တန်းကျောင်းသည် စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို သင်ကြားပေးမည့် အလားတူသင်တန်းကျောင်းမျိုးကို စိုက်ပျိုးရေးကိုအဓိကထားအသက်မွေးနေရပြီး ဖွံ့ဖြိုးမှုနည်းပါးသော ရွှေ့ပြောင်းအလုပ်သမားများပြားသည့် ဧရာဝတီတိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်၏အခြေခံစီးပွားရေးဖြစ်သော လယ်ယာစိုက်ပျိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းများတွင် အချိန်တိုအတွင်း လုပ်ငန်းခွင်ဝင်နိုင်စေမည့် စိုက်ပျိုးရေးဆိုင်ရာလူ့စွမ်းအား အရင်းအမြစ်များကို အလယ်အလတ်အဆင့်စိုက်ပျိုးရေးပညာရှင်များနှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေး နိုင်ရန်ရည်ရွယ်ပြီး နိုင်ငံနှင့်အဝန်း စိုက်ပျိုးရေးသိပ္ပံကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်းကျောင်းများက လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းတွင်ပါရှိသော ကျေးရွာနေ လူငယ်များ၏ နည်းပညာအာမခံချက်ပေးမည့် စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက် ထားသော သင်တန်းကျောင်းများအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၄ ကျောင်းဖွင့်လှစ်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့အတွက် ဟုမ္မလင်းမြို့နယ်တွင် ယခု ၂၀၁၉-၂၀ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန်အတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းသစ်တစ်ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ယနေ့အထိ စိုက်ပျိုးရေးသိပ္ပံများက အလယ်အလတ် အဆင့် ကျွမ်းကျင်စိုက်ပျိုးရေးလူ့စွမ်းအားအရင်းအမြစ် အားလုံးပေါင်း ၂၁၃၅၉ ဦး မွေးထုတ်လေ့ကျင့် ပေးခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊
တစ်ဖက်တွင်လည်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း စိုက်ပျိုးရေးနည်းပညာများ တိုးတက်သိမြင်အသုံးချလာနိုင်ရန် တောင်သူပညာပေးလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြို့နယ်များတွင် တောင်သူပညာပေးစခန်း (Knowledge Center) များဖွင့်လှစ်ပြီး တောင်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိလေ့လာနိုင်ရန်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ Farmer Field School ကဲ့သို့သော တောင်သူများလက်တွေ့လေ့လာနိုင်သော ကွင်းသရုပ်ပြပွဲများကိုလည်း သီးနှံအလိုက်၊ ဒေသအလိုက်၊ ရာသီအလိုက် တတ်နိုင်သလောက် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
ကျေးလက်နေလူငယ်များ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ သင်ကြားလေ့လာနိုင်ရန်အတွက် နိုင်ငံတော်အပိုင်းသာမက နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) နှင့်ပူးပေါင်းပြီး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုတွင် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်းနှင့် နေပြည်တော်၊ ရေဆင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၏အထောက်အပံ့ဖြင့် စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဆေးမားလ်အူအွန်ဒုံး သင်တန်း ကျောင်း) ကြီးကိုလည်း တည်ထောင်ထားပြီးဖြစ်ပါကြောင်း၊ ယင်းသင်တန်းကျောင်းက စိုက်ပျိုးရေး နည်းပညာများကို ကျေးရွာလူငယ်များမှ ခေါင်းဆောင်များကို ခေါ်ယူရွေးချယ်ပြီး သင်တန်းများပေးပြီး ဆက်လက်ပွားများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီး၏မေးခွန်းပါ ဥပမာပြုထောက်ပြထားသော OISCA သင်တန်းကျောင်းနှင့် ပတ်သက်ပြီး အနည်းငယ်ရှင်းလင်းတင်ပြလိုပါကြောင်း၊ ဂျပန်နိုင်ငံ OISCA International ၏ အထောက်အပံ့ဖြင့် ရာသီဥတုပူပြင်းခြောက်သွေ့မှုနှင့်အညီ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲပြီး ဖွံ့ဖြိုးမှုနောက်ကျကျန်နေမှုကိုအခြေခံထားသည့်အလျောက် ထိုစဉ်က မကွေး တိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးဒေသတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းစီမံကိန်းကို ၁၉၉၇ ခုနှစ်တွင် ရည်ရွယ်ချက် (၅) ရပ်ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ် မြန်မာနိုင်ငံအနှံ့ ဒေသအသီးသီးက ကျေးလက်နေမျိုးဆက်သစ် တိုင်းရင်းသားလူငယ်မောင်မယ် ၂၀ ဦးကို သတ်မှတ်အရည်အချင်းဖြင့် ရွေးချယ်ခေါ်ယူပြီး မေလမှမတ်လအထိ (၁၁) လတာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏သားသမီးဖြစ်ပြီး လက်ရှိလယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ၊ အသက် ၁၈ နှစ်မှ ၂၆ နှစ်အတွင်း ကျန်းမာသန်စွမ်းသူ၊ ပညာအရည်အချင်းအနည်းဆုံး တက္ကသိုလ်ဝင်ခွင့် ဖြေဆိုပြီးသူများတက်ရောက်နိုင်ပြီး သင်တန်းအောင်မြင်ပြီးပါက နားလည်တတ်ကျွမ်းသော ပညာရပ် များကို မိမိဒေသများတွင်ပြန်လည်လက်ဆင့်ကမ်းဝေမျှပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊
ယခု စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းလုပ်ငန်းသည် ကျယ်ပြန့်လာ သည့်အလျောက် တင်ပြပါ OISCA International ၏ အထောက်အပံ့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ချောင်းမကြီးတွင် စိုက်ပျိုးရေးနှင့်ခေါင်းဆောင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း စီမံကိန်းကို ၂၀၁၅-၁၆ ခုနှစ်မှ ၂၀၂၅-၂၆ ခုနှစ်အထိ ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးစနစ်ဖြင့် (၁၀) နှစ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ယခု ဒုတိယမြောက် OISCA သင်တန်းတစ်ခု အသစ်တိုးချဲ့ဖွင့်လှစ်မှုဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစပြီး ဇူလိုင်လမှ မတ်လအထိ ကိုးလသင်တန်း ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊
လက်ရှိဖွင့်လှစ်သင်ကြားလျက်ရှိသော စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းများသည် ဒေသ တစ်ခုအတွက်သာမဟုတ် တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအားလုံးအတွက် နည်းပညာပေးသင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားရှိခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းများ အသစ်ဖွင့်လှစ်နိုင်ရန် ဝန်ထမ်းဖွဲ့စည်းပုံ၊ အဆောက် အဦ၊ ပရိဘောဂ၊ သင်ကြားရေးဆိုင်ရာပစ္စည်းကိရိယာများစသည့် လိုအပ်ချက်များစွာရှိသည့်အပေါ် မိမိတို့နိုင်ငံတော်မှ ဘတ်ဂျက်ရန်ပုံငွေနှင့် လိုအပ်ချက်များ တိုးတက်ဖြည့်ဆည်းပေးနိုင်မှုနှင့်အမျှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ အထောက်အပံ့နှင့် ပူးပေါင်းဆောင်ရွက်လာနိုင်မှုရှိလာသည်နှင့်အမျှ ဧရာဝတီ တိုင်းဒေသကြီးအပါအဝင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းများ တိုးတက်ဖွင့်လှစ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ် ကြီး၏မေးခွန်းအပေါ် ပြန်လည်ဖြေကြားပါသည်။
