မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ နှစ်စဉ်ဆေးတက္ကသိုလ် ဝင်ခွင့်ရသူများ စာရင်းကို ကြည့်လျှင် ရန်ကုန်မြို့ကြီးမှ ထက်ဝက်ခန့်ပါဝင်နေသည်ကို တွေ့ရှိရပြီး တိုင်းဒေသကြီး/ ပြည်နယ်များ၏ လူဦးရေအပေါ်အခြေခံပြီး ဆေးတက္ကသိုလ် ဝင်ခွင့်ရသူများ အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက မျှတမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ တစ်ဖက်တွင်လည်း ကျောင်းသား/ သူများ အရည်အချင်းပေါ်အခြေခံပြီး တက္ကသိုလ်ဝင်ခွင့်ကို စဉ်းစားသည် ဆိုသော်လည်း ရန်ကုန်မြို့ကြီးတွင် ပညာသင်ကြားခွင့်ရသော အခြေအနေနှင့် ပြည်နယ်များတွင် ပညာသင်ကြား ခွင့်ရသော အခြေအနေမှာ များစွာကွာခြားပါကြောင်း၊ တချို့နယ်ကျောင်းများတွင် ဆရာ/မ မလုံလောက်ခြင်း၊ ပြောင်းရွှေ့သွားခြင်းတို့ကြောင့် အချိန်ပြည့်စာမသင်ရခြင်း၊ သင်ခန်းစာပြီးဆုံး အောင်မသင်ရခြင်း စသည်ဖြင့် ကြုံတွေ့ရပါကြောင်း၊
သို့သော်လည်း လေ့လာဆန်းစစ်မှုအရ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုကို နောက်ဆုံး အမှတ်များနှင့် ဝင်ရောက်ခွင့်ရပြီး မြို့ကြီးများတွင် တက်ရောက်ပညာ သင်ကြားခွင့်ရသည့် နယ်ကျောင်းသား/သူများသည် မြို့ကြီးများရှိ ကျောင်းသား/သူများနည်းတူ ပညာသင်ယူ နိုင်သည်ကို တွေ့ရှိရပါကြောင်း၊
လွှတ်တော်အတွင်း ကျန်းမာရေးနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးမြန်း ရာတွင်လည်း လစ်လပ်ဆရာဝန်များ ခန့်ထားပေးရေးကိစ္စ၊ ခန့်ထားပေးသည့် ဆရာဝန်များ မလာရောက်သည့်ကိစ္စ၊ လာရောက်သော်လည်း ခဏသာလာပြီး ဘွဲ့လွန်တက်ရောက်နေခြင်း စသည်ဖြင့် ကြားသိနေရခြင်း၊ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော တိုင်းရင်းသား ဒေသများတွင် ဆရာဝန်အင်အားနည်းပါးပြီး နိုင်ငံတော်အစိုးရမှ ခန့်ထားပေးသော်လည်း တချို့ဆရာဝန်များ တာဝန်ထမ်းဆောင်ခြင်း မရှိသည်ကို တွေ့ရှိရခြင်း၊ တာဝန်ကျပါကလည်း မိမိဒေသ မြို့ကြီးပြကြီး ပြန်ရောက်အောင် နှစ်အနည်းငယ်အတွင်း ပြန်လည်ကြိုးစားကြခြင်းများကို တွေ့ရှိရပါကြောင်း၊ ဆေးတက္ကသိုလ်ဝင်ခွင့်ဦးရေကို တိုင်းဒေသကြီး/ ပြည်နယ်များ၏ လူဦးရေအပေါ် အခြေခံပြီး ခေါ်ယူပေးမည်ဆိုပါက တိုင်းရင်းသားဒေသများတွင် ပိုမိုအခက်အခဲ ဖြစ်နေသော ဆရာဝန်ရှားပါးမှု ပြဿနာကို တစ်နည်းတစ်ဖုံ ကူညီဖြေရှင်းပေးနိုင်ပြီး ရေရှည်တွင် အဆင်ပြေသွားမည်ဟု ယုံကြည်မိပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး အခက်အခဲဖြစ်နေသော တိုင်းရင်းသား ပြည်သူများ၏ လိုလားချက်ကို အနာဂတ်တွင် မျှတစွာဖြေရှင်း ပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များတွင် ဝင်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်များ၏ လူဦးရေအပေါ် အခြေခံပြီးအချိုးကျ ခေါ်ယူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များဝင်ခွင့်ကို တိုင်းဒေသကြီး/ပြည်နယ်များ၏ လူဦးရေအပေါ် အခြေခံပြီး အချိုးကျခေါ်ယူပေးရန် ကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်ခြင်းမရှိဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းကို ဦးစွာတင်ပြလိုပါကြောင်း၊ အဆိုပါ မေးခွန်းနှင့် စပ်လျဉ်းပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်များအား မိမိမှပြန်လည်တင်ပြမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအနေဖြင့် ဆေးတက္ကသိုလ်အလိုက် အများဆုံး လက်ခံသင်ကြား ပေးနိုင်သည့် လျာထားဦးရေအတိုင်း ကျောင်းသား၏ စိတ်ပါဝင်စားမှု၊ ဦးစားပေးတက္ကသိုလ် လျှောက်ထားမှုများအပေါ် မူတည်ပြီး နောက်ဆုံးပြတ်ရမှတ်တွင် ရမှတ်တူညီသူများကို လျာထား ချက်ထက်ပိုခြင်း၊ လျော့ခြင်းစသည်တို့ကို တိုင်းဒေသကြီး/ပြည်နယ် ခွဲခြားမှုမရှိဘဲ ရွေးချယ် ဆောင်ရွက်ခဲ့ပါကြောင်း၊
ဝေးလံခက်ခဲသော ကျေးလက်ဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု၍လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ပြန်လည် ထမ်းဆောင်နိုင်မည့် အရေအသွေးပြည့်ဝသော ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရေး အတွက်လည်းကောင်း ရည်ရွယ်ပြီးနိုင်ငံတော်မှ တုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိပြီး သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးခြောက်ခု နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝတို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ၎င်းဒေသများ၌ ပညာသင်ကြားပြီး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို မူလပုံမှန် ပါဝင်ခွင့်ပြုအနိမ့်ဆုံး ရမှတ်အောက် လျော့ပေါ့၍ ဆေးတက္ကသိုလ်များသို့ ၂၀၁၂ ပညာသင်နှစ်မှ ၂၀၁၆ ပညာသင်နှစ်အထိ စုစုပေါင်း ဝင်ခွင့်ပြု ကျောင်းသားဦးရေ၏ ၃ ရာခိုင်နှုန်းကို အဆိုပါဒေသမှ ကျောင်းသား/သူများအတွက် လည်းကောင်း၊ ၂၀၁၇ ပညာသင်နှစ်မှစပြီး ၆ ရာခိုင်နှုန်းခန့် အဆိုပါဒေသမှ ကျောင်းသား/သူ များကို လည်းကောင်း ဝင်ခွင့်ပြုထားပါကြောင်းနှင့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဆေးတက္ကသိုလ်တက် ရောက်ခွင့်ပြုခဲ့သည့် ကျောင်းသား/သူများ စာရင်းကို ဖော်ပြလိုပါကြောင်း၊ ကချင်ပြည်နယ်မှ (၈) ဦး၊ ကယားပြည်နယ်မှ (၂၂) ဦး၊ ကရင်ပြည်နယ်မှ (၃၃) ဦး၊ ချင်းပြည်နယ်မှ (၅၇) ဦး၊ ရခိုင်ပြည်နယ်မှ (၃၅) ဦး၊ ရှမ်းပြည်နယ်မှ (၁၇) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ (၇၆) ဦး၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ (၂) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ (၅၇) ဦး၊ နာဂအတွင်းမှ (၉) ဦး၊ ဓနုအုပ်ချုပ်ခွင့်ရဒေသမှ (၂၇) ဦး၊ ပအိုဝ်း (၃၄) ဦး၊ ပလောင် (၈) ဦး၊ ကိုးကန့် (၁) ဦး၊ ဝ (၅) ဦး ယခုအချိန်အထိ ၃၉၁ ဦး တက်ရောက်ခွင့် ပြုပါကြောင်း ပြန်လည်ဖြေကြားပါသည်။
