(က)-မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက်တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေးနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၄.၃.၂၀၁၉)

 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးကို ၁၉၉၀ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်ကစပြီး ၂၀၁၃-၁၄ ခုနှစ်ထိ ၁၅နှစ် စီမံကိန်းနှင့်ဆောင်ရွက်ခဲ့သည်ဟု သိရပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို အရှိန်အဟုန်နှင့်ဆောင်ရွက်နိုင်ရန် ယခုအစိုးရလက်ထက်တွင်၂၆.၆.၂၀၁၈ရက်နေ့တွင် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော် သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ လုံခြုံ စိတ်ချစွာ သတင်းပေးတိုင်ကြားနိုင်သည့်အတွက် ၂၃.၂.၂၀၁၉ ရက်နေ့ထိ စုံစမ်းဖော်ထုတ်ချက်များ အရ အမှုပေါင်း ၅၆၂ မှု၊ တရားခံကျား/မပေါင်း ၈၃၃ ဦးကို အမှုဖွင့်အရေးယူနိုင်ခဲ့သည် ဟုသိရှိရ ပါကြောင်း၊  တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သီးခြား ရရှိသော မူးယစ်ဆေးဝါးသတင်းများ အပေါ် စိစစ်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မှ ၂၃ ရက်နေ့ထိ တစ်ပတ်အတွင်း မူးယစ်အမှုပေါင်း၂၅၈ မှု၊ တရားခံကျား/မပေါင်း ၃၄၀ ဦးကို အမှုဖွင့်အရေးယူနိုင်ခဲ့ပါကြောင်း၊၎င်းအပြင် ကွင်းဆက်ဖော်ထုတ်မှုများအရ တရားခံအမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀၀၊ ဘိန်းဖြူ ၁၈၀ ဂရမ်၊ အခြားတရားခံအမျိုးသားတစ်ဦးထံမှ Ice ၆၇၆၆၀ ဂရမ်နှင့်Fluca ကားတစ်စီး၊ အခြား ကွင်းဆက်ဖော်ထုတ်ချက်အရ တရားခံနေအိမ်မှ ၉မမG ၅၉ တောင့်၊ ၅.၅၆G ၈၀ တောင့် စသည်အားဖြင်‌့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရခြင်းအားဖြင့် ကွင်းဆက်ဖော်ထုတ်စစ်ဆေးမှု သည် အလွန်အကျိုးရှိထိရာက်သော လုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ တချို့မြို့နယ်များတွင် ကွင်းဆက်ဖော်ထုတ် စစ်ဆေးမှုကြောင့် သုံးဆက်အထိ မူးယစ်တရားခံဖမ်းဆီး မိခြင်းများကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့ အစည်းအနေဖြင့် လူထုနှင့်ဆိုင်သည့် နေရာများတွင် ဖမ်းဆီးပြီး သက်ဆိုင်ရာဖမ်းဆီးရေး အဖွဲ့များကို အပ်နှံခြင်း၊ ဖမ်းဆီးရေးအဖွဲ့များကို တိကျစွာသတင်းပေး တိုင်ကြားခြင်း၊ လိုအပ်ပါက ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေကြသည်မှာ အမှုပေါင်း ၅၈ မှုထိ ရရှိခဲ့ပါကြောင်း၊  သို့သော် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းသည် သိသိသာသာ လျော့ကျသွားခြင်း မရှိပါကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအတွက်  ငွေကြေးအရင်းအနှီးများစွာ မလိုအပ်ဘဲ ပုံစံအမျိုးမျိုးနှင့် ရှင်သန်နေသည့် အရောင်းအဝယ်လောက ဖြစ်နေပါကြောင်း၊ တဖြည်းဖြည်းနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပညာရေး၊ ကျန်းမာရေးအစစ ဆုတ်ယုတ်လာနိုင်သည့် အခြေအနေ တွင်ရှိပါကြောင်း။

မြို့နယ်၏ တောင်ဘက်အစွန်ဆုံး ကျေးရွာဖြစ်သည့် မိုင်းချောင်းကျေးရွာအုပ်စု၊ ရွာသာ ရွာကိုဘိမ်းဖြူ စတင်ရောက်ရှိသည့် ၂၀၁၆ ခုနှစ်ကစပြီးမှ စုစုပေါင်း ၃၄ ယောက် သေဆုံးပါကြောင်း၊ ကျား ၃၂ ယောက်၊ မ ၂ ယောက်ဖြစ်ပြီး သေဆုံးသူများမှ အသက် ၂၀ နှင့် ၅၅ နှစ်ကြား ဖြစ်သည့်အတွက် အသက်အရွယ်အကောင်းဆုံး လုပ်သားအင်အားများကို နိုင်ငံကဆုံးရှုံး လိုက်ရခြင်းဖြစ်ပါကြောင်း၊ ဖောင်းပြင်နှင့် ၃၄ မိုင်ကွာဝေးသည်ဆိုသော်လည်း အဆိုပါ ရွာနှင့်လေးမိုင်သာဝေးသည့် မိုင်း‌ချောင်း ကျေးရွာတွင် ရဲအုပ်အဆင့်ဦးစီးသည့် ရဲကင်းစခန်းတစ်ခု ရှိပါကြောင်း၊  မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းသည် အခြားသော တရားမဝင်လုပ်ငန်းများ၊ ဒုစရိုက်မှုများအားလုံးနှင့် ဆက်သွယ်နေ သည့်အတွက် ကောင်းစွာတားဆီး ကာကွယ်ရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ မြို့နယ်တစ်မြို့နယ်အတွင်းရှိနေကြသည့် ကြီးမားသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ဖမ်းဆီးနိုင်ရေး၊ နိုင်ငံအတွင်း ထုတ်လုပ်နေကြသည့် ပင်ရင်းဌာနများကို ဖမ်းဆီးနိုင်ရေးအတွက် ကွင်းဆက်တရားခံများကို ဆက်တိုက်ဖော်ထုတ်ပြီး ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြရန် မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ကို ၁၀-၉-၁၉၉၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၄-၇-၂၀၁၆ ရက်နေ့တွင် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဗဟိုအဖွဲ့၏ အောက်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်က အတွင်းရေးမှူး၊ ဆက်စပ်ဝန်ကြီးဌာန များမှ ဦးစီးဌာနများ ပါဝင်စေလျက် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲမှုအဖွဲ့ကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ပပျောက်ရေးကို နိုင်ငံတော်၏ အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးကို ရည်မှန်းချက်တာဝန်အဖြစ် သတ်မှတ်ထားရှိပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှချမှတ်ထားသည့် မူဝါဒလုပ်ငန်း တာဝန်များနှင့်အညီ တိကျစွာလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ကို  တပ်ဖွဲ့ခွဲသုံးခွဲ၊ တပ်ဖွဲ့စု ၅၀ စု၊ အရာရှိ ၄၀၁ ဦး၊ အခြားအဆင့် ၈၀၂ ဦး စုစုပေါင်း ၁၂၀၃ ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အပြင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စုအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးများ ကွင်းဆက်ဖော်ထုတ် နိုင်ရေးအတွက် တားဆီးနှိမ်နင်းရေးအဖွဲ့များ၊ အမှုဖွင့်စစ်ဆေး ဆောင်ရွက်ရသည့် ရဲစခန်းများနှင့်ပူးပေါင်းပြီး စစ်ဆေးဖော်ထုတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊  စစ်ဆေးဖော်ထုတ်ချက်အရ ကွင်းဆက်တရားခံများဖမ်းဆီးရမိ ရေးကိုလည်း အောက်ခြေတပ်ဖွဲ့ အချင်းချင်း၊ ရဲစခန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရုံး၏ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတို့အား အချင်းချင်းချိတ်ဆက် ဆောင်ရွက်စေခြင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က တိုက်ရိုက်ညွှန်ကြား ကြပ်မတ်ခြင်းတို့ကို ဆောင်ရွက်၍ ကွင်းဆက်တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊  ထူးခြားသည့်မှုခင်းများ၊ ပမာဏများပြားသည့်မှုခင်းများ၊ ဂိုဏ်းဖွဲ့ကျူးလွန်သည့်မှုခင်းများ၊ နိုင်ငံ ဖြတ်ကျော်ကျူးလွန်သည့် မှုခင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ တိုက်ရိုက်ကြီးကြပ်လျက်ရှိပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့များဖြင့် ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းပေးပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊  အုပ်စုဖွဲ့၍ နိုင်ငံဖြတ်ကျော်ကျူးလွန်သည့် မူးယစ်ဆေးဝါး မှုခင်းများတွင် ပါဝင်သည့် ကွင်းဆက်ကျူးလွန်မှုများကို ဖော်ထုတ်ဖမ်းဆီး နိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများရှိ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အာဆီယံရဲတပ်ဖွဲ့ (ASEAN NARCO) အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (Interpol)၊ နိုင်ငံတကာရဲတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် မူးယစ်ဆေးဝါး ဗဟိုအဖွဲ့ (CCDAC) အနေဖြင့် မနီကာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့ (DEA)၊ တရုတ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်မှု အဖွဲ့ရုံး (ONCP) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ခြင်းသည့် လျှို့ဝှက်စွာ လုပ်ဆောင်သည့် လုပ်ငန်းဖြစ်ခြင်း၊ စနစ်တကျဂိုဏ်းဖွဲ့၍ ကျူးလွန်သည့် လုပ်ငန်းဖြစ်ခြင်းကြောင့် ကွင်းဆက်စစ်ဆေး ဖော်ထုတ်သည့်အခါ အချိန်တိုအတွင်း ဖော်ထုတ်နိုင်မှုများ ရှိသကဲ့သို့ သတင်းစုံစမ်းရခြင်း၊ စောင့်ကြည့်ရခြင်း၊ အတည်ပြုရခြင်းတို့ ဆောင်ရွက်ပြီးမှသာလျှင် ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းများလည်း ရှိပါကြောင်း။

ထို့အပြင် ကွင်းဆက်တရားခံများအား ဥပဒေနှင့်အညီ တရားဆွဲတင်နိုင်ရေး၊ ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး တို့အတွက်လည်း လိုအပ်သည့်သက်သေ အထောက်အထားများ ရရှိရေးကိုလည်း ဆောင်ရွက်ရပါကြောင်း၊  ပြင်ပသတင်းမီဒီယာများနှင့် လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင် အချိန်နှင့် တစ်ပြေးညီ ဖော်ပြနေသည့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ၌ ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီး ရမိမှုဆိုင်ရာ သတင်းအချက်အလက်များ ဖော်ပြပါရှိမှုနည်းပါးနေရခြင်းမှာ ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးအတွက် သတင်းလုံခြုံမှုအဓိက အရေးကြီးသည့် အတွက်ကြောင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေချိန်တွင် အများပြည်သူထံသို့ သတင်းထုတ်ပြန်မှု မပြုလုပ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ၂၇.၁.၁၉၉၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၂၁ တွင် မူးယစ်ဆေးဝါးနှင့် ဆိုင်သည့်ပြစ်မှု တစ်ခုခုကိုအားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းနှင့် အားပေးကူညီခြင်းတို့ပြုလျှင် ၎င်းပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ကို ချမှတ်ခံရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၈၈၀၀ မှု၊ တရားခံ ကျား ၁၁၉၆၅ ဦး၊ မ ၁၆၂၆ ဦး စုစုပေါင်း ၁၃၅၉၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၉၅၄၄ မှု၊ တရားခံ ကျား ၁၂၄၀၅ ဦး၊ မ ၁၅၉၅ ဦး စုစုပေါင်း ၁၄၀၀၀ ဦး၊ ၂၀၁၈ ခုနှစ်တွင် အမှုပေါင်း ၁၂၉၇၆ မှု၊ တရားခံ ကျား ၁၆၂၄၈ ဦး၊ မ ၂၂၅၂ ဦး စုစုပေါင်း ၁၈၅၀၀ ဦး ကိုဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများမှ  ကွင်းဆက်ဖော်ထုတ် ချက်များအရ ငွေကြေးခဝါချမှု၊ ဆက်လက် အရေးယူ ဆောင်ရွက်ရသည့် အမှုကြီးများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ၁၆ မှုရှိခဲ့ပါကြောင်း၊  အဆိုပါ အမှုများမှ နေအိမ်တိုက်ခန်း၊ ဂိုဒေါင် ၈၁ လုံး၊ မြေကွက်/ခြံကွက် ၂၆ ကွက်၊ မော်တော်ယာဉ် ၅၂ စီး၊ စက်လှေ ၁၃ စီး၊ ရွှေအလေးချိန်၂၁ ပိဿာ ၅၆ ကျပ်သား၊ ဘဏ်အပ်နှံစာရင်း လေးသောင်းသုံးထောင် ရှစ်သိန်း မြန်မာကျပ်ငွေ ၅၇၃၁ သိန်း၊ အမေရိကန်ဒေါ်လာ ၉၂၉၀ ဒေါ်လာ၊ တရုတ်ယွမ်ငွေ ၆၇၀၁၄ ယွမ်၊ ထိုင်ဝမ်ဒေါ်လာ ၃၀၀ ဒေါ်လာ၊ ဟောင်ကောင်ဒေါ်လာ ၅၀၀၀ ဒေါ်လာ၊ ထိုင်းဘတ် ၂၀၂၀ ဘတ်၊ ဖိလစ်ပိုင်ပီဆို ၆၅၀ ပီဆိုတို့ကိုသိမ်းဆည်းရမိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များမှ ကွင်းဆက်တရားခံများကို ပြစ်မှုကျူးလွန်သည့် တရားခံများကဲ့သို့ အပြစ်ပေးအရေးယူရန် သတ်မှတ်ပြဋ္ဌာန်း ထားရှိခြင်းကြောင့်လည်းကောင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ ကွင်းဆက်တရားခံများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးဖော်ထုတ်လျက် ရှိသည့်အပြင် နိုင်ငံတကာနှင့်လည်း အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေးသီးခြား ညွှန်ကြားချက်ထုတ်ပြန်ရန် မလိုအပ်ပါကြောင်း ဖြေကြားခဲ့ပါသည်။